ဗုဒ္ဓဝါဒီ


 ဗုဒ္ဓဝါဒီ 

ဒေါ်ထာ နောစ်

            “လူလူချင်း” ကူညီမှုအသင်းကြီးရဲ့ ဥက္ကဌ ဖြစ်မလာခင်က ဗုဒ္ဓဝါဒီဟာ သာမန်ခရစ်ယာန်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လုပ်တဲ့ နိုင်ငံ့အုပ်ချုပ်ရေးအဖွဲ့ အရာရှိ။ နိုင်ငံခြားရေးဝန်ကြီးအတွက် မိန့်ခွန်းတွေ ရေးပေးရင်းက အဲဒီဝန်ကြီး ပါးစပ်ထဲ စကားလုံးတွေ ထည့်ပေးနေသူပေါ့။ ဒီအလုပ်က မုသာဝါဒတော့ မုသာဝါဒအလုပ်။ အစပိုင်းမှာ သူ့အလုပ်နဲ့ ပတ်သက်လို့ စနိုးစနောင့် ဖြစ်တာမျိုး သူ ဘာမှ မခံစားရဘူး။ နောက်ပိုင်း သူ့ကိုယ်သူ ဗုဒ္ဓဝါဒီရယ် သဘောပေါက်လာတော့မှ ဒီကိစ္စ သူ့စိတ်ထဲ အနှောက်အယှက် ပေးစပြုလာတာပဲ။ သူ့ကိုယ်သူ ဗုဒ္ဓဝါဒီဆိုတဲ့ အတွေးကလည်း ချက်ချင်းလက်ငင်း ဝင်လာတာမျိုး မဟုတ်ဘူး။ ဗုဒ္ဓဝါဒီအဖြစ် စိတ်ကူးလေး တစ်ခု တွားတက်လာ၊ အဲဒီကနေမှ သူ့စိတ်ထဲ အခြေတကျ ခိုင်သွားခဲ့တာ၊ သူ့မိန်းမက သူနဲ့ ကွာရှင်းလိုကြောင်း ပြောလာပြီး နောက်ပိုင်းပေါ့။ ဗုဒ္ဓဝါဒီဟာ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးထဲ ဝင်လာပြီး သူ့စားပွဲ တစ်ဘက်ခြမ်းမှာ ထိုင်တယ်။ ဗုဒ္ဓဝါဒီအဖြစ်ကို လေးလေးနက်နက် သူ ဆင်ခြင်တယ်။ ဗုဒ္ဓဝါဒီအဖြစ်ဟာ ခြေလှမ်းဝင်ဖို့ အကောင်းဆုံး ဘ၀ပုံစံပဲ၊ သူ တွေးတယ်။ ဗုဒ္ဓဝါဒီတွေဟာ သူတော်ကောင်းတွေ ဖြစ်တယ်။ သူတို့တွေဟာ လူအများစုထက် ပိုမို လေးနက်ကြတယ်။ ဗုဒ္ဓဝါဒီတွေဟာ တခြားသူတွေ မမြင်နိုင်တဲ့ ကြောင်းကျိုးနွယ်မှုတွေကို မြင်နိုင်ကြတယ်။ ဒီအရည်အသွေးတွေအကုန်လုံး သူ့မှာ ရှိနေမှန်းလည်း သူက ရိပ်စားမိပြီးသား။ ဒီအရည်အသွေးတွေ ပိုမိုများပြား လာဖို့ ပွားယူဖို့ပဲ ရှိတော့တယ်။ ဒီလိုနဲ့ သူဟာ ဗုဒ္ဓဝါဒီတစ်ယောက် ဖြစ်လာတယ်။ တကယ်လို့ သူသာ ဗုဒ္ဓဝါဒီ ဖြစ်မလာခဲ့ရင် သူ့အိမ်ထောင် ကွဲရာကနေပြီး ဒီထက် အပုံကြီးပို သူ့ကို နာကျင်နေစေမှာ၊ ဒါပေမဲ့ ဗုဒ္ဓဝါဒီ တစ်ယောက်အဖို့က နာကျင်မှုကတဆင့် ဉာဏ်စဉ်တွေ တိုးစေတယ်၊ ဗုဒ္ဓဝါဒီအဖို့ ပိုနာကျင်ရလေ၊ ပိုပညာရှိလေ၊ နိုင်ငံ့အုပ်ချုပ်ရေးအဖွဲ့အရာရှိဟာ အဲဒီလို တွေးတယ်။ တွေးပြီးတော့ သူလည်း လူသာရင်ဘာသာဝင် အဖြစ်ကို ရပ်ဆဲလိုက်တော့တယ်။

            ဗုဒ္ဓဝါဒီဟာ အိမ်ထောင်ကွဲပြီးလို့ ဗုဒ္ဓဝါဒီ ဖြစ်လာပြီး မကြာခင် မှန်ရှေ့ ရပ်ပြီး သူ့ဆံပင် ပါးလျှလျှ၊ ညိုတိုတိုတွေ အောက်နားက သူ့မျက်နှာသူ ကြည့်တယ်။ သူ့အသားအရေက ဖြူလျှော်လျှော်၊ ဒါပေမဲ့လည်း အပေါ်ယံဗဟိဒ္ဓတွေဆိုတာ အရေးကြီးတာမှ မဟုတ်ပဲ။ ဒလိုင်းလားမားဟာ နိုင်ငံ့အုပ်ချုပ်ရေးအဖွဲ့ ဝန်ကြီးကိုယ်စား မုသားပြောတာမျိုး တစ်သက်လုံး လုပ်မှာ မဟုတ်ဘူး။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ မုသာဝါဒတွေလည်း တစ်သက်လုံး ပြောမှာ မဟုတ်။ ပိုအရေးကြီးတာက ဒလိုင်းလားမားဟာ နာကျင်မှုကနေ ဘယ်တော့မှ အရှက်ရနေမှာ မဟုတ်တာပဲ။ အရာရာက သူ့ကို နာကျင်စေတဲ့အခါ ဒလိုင်းလားမားဟာ ပြုံးမြဲ ပြုံးတယ်၊ ဒလိုင်းလားမားကို  ပိုဖိကြလေ၊ ဒလိုင်းလားမား ဖြစ်ရှိနေတာကို ကမ္ဘာကြီး ပိုသိလေပဲ။ မြင့်မြင့်ကြံစမ်းပါ၊ ဗုဒ္ဓဝါဒီက သူ့ကိုသူ အဲဒီလို တွေးတယ်။ ပြီးတာနဲ့ သူ နိုင်ငံပိုင်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဆောင်းပါးက သူ အလုပ်လုပ်တဲ့နေရာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အကြောင်း။ ဒီထက် အတိအကျ ပြောရရင် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပါးစပ်က ထုတ်လွှတ်နေတဲ့ မုသာဝါဒတွေအကြောင်း။ ဝန်ကြီးချုပ်က သူခိုး၊ နောက် နိုင်ငံခြားရေးဝန်ကြီးလည်း လူလိမ်ပဲ၊ ကျနော် ခုလို သိနေရတဲ့ အကြောင်းက အဲဒီမိန့်ခွန်းတွေ ရေးပေးနေတဲ့သူဟာ ကျနော်ပဲလေ။ ဗုဒ္ဓဝါဒီဟာ သတင်းစာမှာ ဒီအတိုင်း ထည့်ရေးလိုက်တယ်။ ပြီးတော့ နောက်တစ်နေ့ ရောက်တော့ သူ အလုပ်သွားဖို ရွံ့မနေဘူး။ ဖီဆန်မှုကနေ စရိုက်အသွင်ကို တည်ဆောက်ရတာ မဟုတ်လား။ ပြီးရင် ဗုဒ္ဓဝါဒီဟာ နိုင်ငံတော်က ခန့်ထားတဲ့ နိုင်ငံ့အုပ်ချုပ်ရေးအဖွဲ့အရာရှိ၊ ဒီအတွက်ကြောင့်လည်း သူ့ကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ရာထူးက ဖြုတ်ချင်လို့ မရဘူး။ ဒါပေမဲ့လို့ အမြဲတမ်းအတွင်းရေးမှူးကတော့ သူနဲ့အတူ စက်လှေကား လိုက်စီးရင်းက သူ့ကို အရေးတကြီး စကားလုံးတွေ ဆိုလာခွင့် ရှိရဲ့၊ ရှိတဲ့အတိုင်း လုပ်လာတာပဲ။ အမြဲတမ်းအတွင်းရေးမှူးဟာ ဗုဒ္ဓဝါဒီနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်၊ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်၊ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်။

             ဆောင်းပါး ပါပြီးလို့ အမြဲတမ်းအတွင်းရေးမှူးနဲ့ စက်လှေကား အတူစီးပြီး မကြာခင် ဗုဒ္ဓဝါဒီ့အခြေအနေက ခုလို ဖြစ်လာတယ်၊ သူ့မှာ အိမ်ထောင်နဲ့ ကွဲထားရတယ်၊ သူ့တောင်းဆိုချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ရာထူးကနေ ယာယီခွင့်ယူထားရတယ်။ ပြီး ခုအချိန်မှာ သူ့ကို နာကျင်စေတဲ့အရာက အားလုံးပေါင်း သုံးခု။ နိုင်ငံခြားရေးဝန်ကြီးကလည်း နာကျင်စရာ၊ ရှားလော့တင်လွန်း ရပ်ကွက်က အိမ်ကြီးကို သူ့မိန်းမက ရောင်းထုတ်မယ် လုပ်နေတာကလည်း နာကျင်စရာ၊ ပြီးရင် နောက်ပိတ်ဆုံးနဲ့ အရေးပါဆုံး တစ်ခုက သူ့အနေနဲ့ ဗုဒ္ဓဝါဒီ တစ်ယောက် အဖြစ်နဲ့ရော၊ နိုင်ငံခြားရေးဝန်ကြီးဌာန ယခင်နိုင်ငံ့အုပ်ချုပ်ရေးအဖွဲ့ အရာရှိတစ်ယောက်အဖြစ်နဲ့ပါ ကမ္ဘာကြီး ထာ၀ရ ပြောင်းလဲရေးအတွက် အသုံးပြုလို့ ရမယ့် သူ့ပင်ကိုယ်ပါရမီတွေကို ထုတ်သုံးခွင့် မရတော့တဲ့ အဖြစ်ကလည်း နာကျင်စရာပဲ။ သူ့မှာ ကောင်းမှုကုသိုလ်တွေ ပြုလိုတဲ့ ဆန္ဒက ပြင်းပြလှပြီ။ သူ့ပတ်ဝန်းကျင် ကမ္ဘာလောကအတွင်း အပေါင်းသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ အကောင်အထည် ဖော်ဖို့ ဇောဆန္ဒကြောင့် သူ့မှာ ညညတွေ အိပ်လို့ မပျော်ဘူး။ အလုပ်စနိုင်ရေး ဗျာပါရနဲ့ အပြောင်းအလဲတွေ လုပ်ဖို့ အသင့်ပြင်ရင်းက သူ ကိုပင်ဟေဂင်မြို့ထဲ ကားပတ်မောင်းတယ်။ သူ့စီထရွန်ဘယ်လင်ဂို ကားအနီလေးကို ပတ်မောင်းရင်း သူ့မိန်းမကို မျက်လုံးရှင်ရှင်ထား ကြည့်တယ်။ သူ့စီထရွန်ဘယ်လင်ဂို ကားအနီလေးကို ပတ်မောင်းရင်း နိုင်ငံခြားရေး ဝန်ကြီးကို မျက်လုံးရှင်ရှင်ထား ကြည့်တယ်။ အဲဒီနှစ်ယောက်အတွက် မာစေသာစေကြောင်းတော့ သူ ဆုတောင်းပါရဲ့။ ဒါပေမဲ့ နှစ်ယောက်လုံးကို အန္တရာယ် ပြုချင်စိတ်လည်း ပေါက်နေတယ်။ ဒါက ဝိရောဓိတော့ ဝိရောဓိဆန်ဆန်။ ဒါပေမဲ့လို့ ဗုဒ္ဓဝါဒီအဖို့တော့ သူတို့နှစ်ယောက်လုံးကို အန္တရာယ်ပြုချင်စိတ် ပေါက်နေတဲ့ တပြိုင်နက်တည်းမှာပဲ ချစ်လို့လည်း ရနေတာမျိုး။ ငါ သူတို့ကို အန္တရာယ် ပြုချင်တယ်၊ သူ သူ့ကိုယ်သူ အသံထွက်ပြီး ထုတ်ပြောမိတယ်၊ သူ့သွားကြားထဲကနေ အန္တရာယ် ပြုချင်တယ်ဆိုတဲ့ စကားလုံး ထွက်လာတဲ့အသံ ကြားရတဲ့ တခဏတည်းမှာ နောက်ကြည့်မှန်ကတစ်ဆင့် သူ့ကိုယ်သူ မြင်နေတယ်။ အဲဒီမှာ သူ မြင်နေရတာ ဗုဒ္ဓဝါဒီ တစ်ယောက်။ ကောင်းတာ တစ်ခုကတော့ ငါက ဗုဒ္ဓဝါဒီပဲ၊ တကယ်လို့ ငါသာ ဗုဒ္ဓဝါဒီတစ်ယောက် မဟုတ်ခဲ့ရင် ငါ ဘာတွေ ထလုပ်မိမလဲ ဘုရားမှပဲ သိမယ်…၊ သူ့ကိုယ်သူ တွေးတယ်။  

            ဒါပေမဲ့လည်း သူဟာ ဗုဒ္ဓဝါဒီတစ်ယောက်၊ ဗုဒ္ဓဝါဒီတွေမှာ ကျယ်ပြောတဲ့ ဝိဉာဉ်တွေ ရှိကြရဲ့။ သူ ညဘက် ကိုပင်ဟေဂင် မြောက်ပိုင်းက လူကုန်ထံရပ်ကွက်ထဲ ကား ပတ်မောင်းတယ်။ မောင်းရင်းက ပိုမိုသန်မာကြံ့ခိုင်တဲ့သူက သူ့အဇ္ဈတ္တထဲက ဗုဒ္ဓဝါဒီပဲဆိုတာ သူ သိလာတယ်။ သူ့အဇ္ဈတ္တထဲမှာ ကောင်းမှုကုသိုလ်မျိုးစေ့တွေဟာ အလျှံပယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာမှန်း သူ ရိပ်စားမိတယ်၊ ဒါဟာ ဘယ်လောက်များ အဓိပ္ပာယ်ပြည့်၀ထားသလဲဆိုတာပါ၊ သူ ရိပ်မိတယ်။ စကြာ၀ဠာကြီးဟာ သူ့အတွက် ကွင်းဆက်တွေ စီစဉ်ပေးနေတာပဲ။ စကြာ၀ဠာကြီးဟာ သူ့ဆီကနေ တစ်စုံတရာ အလိုရှိနေတာ။ တကယ်လို့ စကြာ၀ဠာကြီးသာ သူ့ဆီက တစ်စုံတရာ အလိုရှိနေတာ မဟုတ်ရင် (က) သူ့မိန်းမလည်း သူ့ကို ပစ်သွားမှာ မဟုတ်ဘူး။ (ခ) နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သူ့ကို အလုပ်ထွက်ဖို့ ဖိအားပေးမှာ မဟုတ်ဘူး။ အရာအားလုံးဟာ နောက်ကွယ်မှာ အဓိပ္ပာယ်တစ်ခုခု ဆောင်နေနှင့်ပြီးသား၊ ပြီးရင်လည်း ဗုဒ္ဓဝါဒီဟာ အဲဒီအားလုံးရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို ဖမ်းဆုပ်နိုင်တဲ့ လူစားမျိုးဆိုတာ အတော်ကြာကြာတည်းက သူ့ကိုယ်သူ ရိပ်စားမိတယ်။ ပြီးရင် ကမ္ဘာကြီးဟာ သူ့ကိုယ်ကို ကယ်တင်ဖို့ ကြံ့ခိုင်တဲ့ ယောက်ကျား တစ်ယောက် အလိုရှိနေတယ် ဆိုတာလည်း အတော်ကြာကြာတည်းက သူ့ကိုယ်သူ ရိပ်မိပြီးသား။ သူဟာ ဗုဒ္ဓဝါဒီတစ်ယောက် တင်မက နိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်နိုင်ငံ့အုပ်ချုပ်ရေးအဖွဲ့ အရာရှိ တစ်ယောက်။ ခဲတစ်လုံးတည်းနဲ့ ငှက် နှစ်ကောင်။ သူဟာ ဗုဒ္ဓဝါဒီတစ်ယောက်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခင်နိုင်ငံ့အုပ်ချုပ်ရေးအဖွဲ့ အရာရှိ၊ ပြီးရင် မုသာဝါဒတွေနဲ့လည်း ယဉ်ပါးပြီးသား။ တစ်ယောက်တည်းနဲ့ သုံးမယ်တောင်။

            အဲဒီကနေ သိပ်မကြာခင်မှာပဲ ဗုဒ္ဓဝါဒီဟာ နိုင်ငံပိုင်သတင်းစာတစ်စောင်မှာ ကြော်ငြာတစ်ခု သွားတွေ့တယ်။ ဒါကိုလည်း စကြာ၀ဠာကြီးဆီက လာတဲ့ နိမိတ်တစ်ခုသဖွယ် သူ ယူလိုက်ပြန်တယ်။ အောဟုစ်  အခြေစိုက် လူလူချင်း ကူညီမှုအသင်းကြီးကနေ ဥက္ကဌလုပ်မယ့်သူ ရှာနေတဲ့ကြော်ငြာ။ အဟေး! ဗုဒ္ဓဝါဒီ တွေးလိုက်တယ်။ လတ်တလော အနေအထားအရ သူ့မှာက အိမ်ထောင်က ကွဲထား၊ အလုပ်လက်မဲ့အဖြစ်နဲ့ ကိုပင်ဟေဂင်တောင်ပိုင်း ဆိပ်ကမ်းခရိုင်ထဲက တိုက်ခန်းတစ်ခန်းမှာ တစ်ဆင့်ငှား နေနေတဲ့သူ။ အဟေး! သူ့ကိုယ်သူ တွေးလိုက်တယ်။ ကမ္ဘာကြီးကို ပြောင်းလဲချင်တယ် ဆိုရင်တော့ အသင်းအဖွဲ့ တစ်ခုဟာ စတင်ဖို့ အကောင်းဆုံးနေရာပဲ။ 

            ကမ္ဘာကြီးကို ပြောင်းလဲရာမှာ အသင်းအဖွဲ့တစ်ခုဟာ စတင်ဖို့အကောင်းဆုံး နေရာ ပြောရတာ အကြောင်း နှစ်ချက် ရှိတယ်။ ပထမ တစ်အချက်က… အသင်းအဖွဲ့တစ်ခုဟာ ထုတ်ကုန်ပစ္စည်းဆိုတာထက် ယုံစားချင်စရာ ခံယူချက်တွေကို ရောင်းကြတာပဲ။ ဒုတိယ နှစ်အချက်က... ခံယူချက်တွေကို ရောင်းတယ်ဆိုတာကလည်း တကယ်က စိတ်ကူးစံတွေကိစ္စ။ ဗုဒ္ဓဝါဒီမှာက စိတ်ကူးစံတွေမှ တစ်ပုံတစ်ခေါင်း။ ဒါတင် မကသေးဘူး။ စိတ်ကူးစံတွေကနေ လူငယ်တွေကိုရယ်၊ တခြားစိတ်ကူးစံသမားတွေကိုရယ် ဆွဲဆောင်နေတတ်ရဲ့လေ။ အဲဒီလူငယ်တွေ၊ စိတ်ကူးသမားတွေ အကုန်လုံး ဗုဒ္ဓဝါဒီနဲ့ ဦးတည်ချက်အတွက် အလုပ် လုပ်ပေးကြတော့မှာ။ လူတွေရယ်၊ ကူညီမှုရယ် ပါနေသမျှ သူ့အတွက် ဘယ်လိုဟာကို ဦးတည်ချက် ထားရမယ်ဆိုတာ ကောင်းကောင်း သန္ဒိဌာန် ချနိုင်ပြီးသား။ နှစ်မျိုးနှစ်မည်စလုံးက သူ့အတွက် သဘောတွေ့ချင်စရာတွေ။ လူတိုင်းလူတိုင်း ညီတူညီမျှ ဖောင်းကားတဲ့ ကမ္ဘာတစ်ခု ဖြစ်လာရင် သိပ်ကောင်းမှာ။ အရမ်းကာရော ဖောင်းကားတာမျိုး မဟုတ်ဘဲ ပျော်လို့ရွှင်လို့ ဖြစ်ရုံ ဖောင်းတာမျိုးပေါ့။ ဗုဒ္ဓဝါဒီဟာ တောင်ဘက်ဆိပ်ကမ်းခရိုင်က တစ်ဆင့်ငှား တိုက်ခန်းထဲမှာပဲ လူလူချင်း ကူညီမှုအသင်းကြီးရဲ့ ဥက္ကဌ ဖြစ်ချင်တယ်ဆိုတဲ့ သန္ဒိဌာန်ကို ချလိုက်တယ်။ ပြီးတော့ လုပ်အားပေးကူညီသူတွေကို ကမ္ဘာ့သံတမန်ရေး ပုဂ္ဂိုလ်တွေရယ် ခေါ်မယ်လို့လည်း သူ သန္ဒိဌာန် ချတယ်။ ဗုဒ္ဓဝါဒီကတော့ သူတို့အထက်က ဆရာကြီး ဖြစ်ချင်တာ၊ သို့မဟုတ်လည်း ဒီထက် ပိုအဆင့်မြင့်တာမျိုး၊ သူတို့ရဲ့ ခေါင်းဆောင် ဖြစ်ချင်တာပေါ့။

            အလုပ်ရဖို့အတွက်ဆို သူ လိမ်ရတော့မှာ။ မှားလို့။ တစ်နည်းပြောင်း ပြောရရင်… အလုပ်ရဖို့အတွက်ဆို သူ စကားလုံးတွေကို သူ့ကိုယ်ပိုင်ပါးစပ်ထဲ ထည့်ရတော့မှာ။ ဒါမျိုးက ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ဆို ခွင့်ပြုရမှာပဲ။ ပြီး ဒီဘက်မှာ သူက အတွေ့အကြုံ တစ်ပုံကြီး ရှိထားပြီးသား။ သူ အားလုံး စုဆောင်းပြီးတော့ ဖြစ်ရပ်မှန်အတိအကျ မဟုတ်လှတဲ့ လျှောက်လွှာ ကောင်းကောင်း တစ်စောင် ပြင်တယ်။ ခုအချိန် သူ့မိန်းမနာမည်ပါ အမျိုးသမီးနဲ့ သူဟာ အိမ်ထောင်ဘက် မဟုတ်တော့ဘူး ဆိုတဲ့ အချက်ကို ထိန်ချန်ထားဖို့ သူ့မှာ အခက်အခဲ မရှိဘူး။ ပြီး ရှားလော့တင်လွန်း လိပ်စာကတစ်ဆင့် သူ့ဆီ လမ်းကြောင်း ပြောင်းလာရမယ့် ပြန်စာအတွက်လည်း သူ့မှာ အခက်အခဲ မရှိဘူးပဲ။ သူ့ကိုယ်ရေးအကျဉ်းထဲကနေ ရှေ့နောက် မညီစရာ အချက်မျိုးစုံ ဖယ်ထုတ်ရတာတော့ လွယ်မှလွယ်။ အားလုံး ပြီးသွားတော့ သူ လျှောက်လွှာ လှမ်းတင်လိုက်တယ်။ တောင်ဘက်ဆိပ်ကမ်းခရိုင် သူ့တိုက်ခန်းထဲ ကြမ်းပြင်ပေါ် ခင်းထားတဲ့ လေထိုး မွေ့ယာပေါ်မှာ သူ လှဲရင်းက အိပ်မပျော် ဖြစ်နေရတယ်ဆိုရင် ဒါဟာ သူပြောထားမိတဲ့ မုသာဝါဒတွေကြောင့် မဟုတ်ဘူး။ သုံးတဲ့ နည်းလမ်း မှန်ခြင်းမှားခြင်းကို အဆုံးသတ်ကပဲ အဆုံးအဖြတ် ပြုတယ်ဆိုတဲ့ အဆိုကို သူက လက်ခံပြီးသားလေ။ သူ လှဲရင်းနဲ့ အိပ်မပျော် ဖြစ်နေရတယ်ဆိုရင် ဒါဟာ အသင်းရဲ့ ညွှန်ကြားရေး နာယကအဖွဲ့က သူ့ကို ငြင်းထုတ်ဖို့ရာ အကြောင်းလမ်းစ ရှိမရှိ၊ တွေးရင်းက စိတ်ထဲ ထင့်နေရလို့ပဲ။ တကယ်တမ်း ငြင်းလွှတ်စရာအကြောင်းတော့ ဘယ်ရှိပါ့မလဲလေ။ နာယကအဖွဲ့ အကြီးအကဲဟာ စာအိတ်ကို ဖောက်ပြီးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ခေါင်းစီးတံဆိပ်ကို တွေ့လိုက်ရတယ်ဆိုရင်ပဲ မနောခွေ့သွားတယ်။ နာယကအဖွဲ့  အကုန်လုံး သဘောတူညီစွာနဲ့ ဗုဒ္ဓဝါဒီဆီ ချက်ချင်း ဖုန်းခေါ်တယ်။ နာယကအဖွဲ့ဟာ ဖုန်းထဲကတစ်ဆင့် ပြောလာတဲ့ ဗုဒ္ဓဝါဒီရဲ့အသံကို သဘောကျတယ်။ နာယကအဖွဲ့ဟာ ဗုဒ္ဓဝါဒီရဲ့ “ခုချက်ချင်း အောဟုစ်ကို ကားမောင်းလာဖို့ အသင့်ပဲခင်ဗျ”ကို သဘောကျတယ်။ လူတွေ့မေးမြန်းခန်း လုပ်တဲ့အချိန်မှာ သူ ဖန်ခွက်ထဲက ရေယူ သောက်လိုက်တဲ့ ပုံစံကိုလည်း နာယကအဖွဲ့က သဘောကျတာပဲ။ သူ့လက်ထပ်လက်စွပ်က ဖန်ခွက်မှာ ချွင်ခနဲ တိုက်ပြီး  စားပွဲကို ချပ်ခနဲ သွားထိ၊ အဲဒီအချိန် ထွက်လာတဲ့အသံကိုလည်း နာယကအဖွဲ့က သဘောကျတာပဲ။ ကမ္ဘာကြီးရဲ့ ပြဿနာတွေအပေါ် သူ့စိတ်စိုက်နှစ်မှုကိုလည်း နာယကအဖွဲ့က သဘောကျတယ်။ လူလူချင်း အသင်းကြီး ပိုမိုကြီးထွား၊ ခိုင်မာလာစေရေး သူ့အိပ်မက်ကိုလည်း နာယကအဖွဲ့က သဘောကျတယ်။ ဗုဒ္ဓဝါဒီဟာ အမြော်အမြင် ကြီးမားတဲ့ ပုဂ္ဂိုလ်၊ ဗုဒ္ဓဝါဒီဟာ မိသားစုအရေး အလေးထားတဲ့သူ၊ ဗုဒ္ဓဝါဒီဟာ နဂိုက သံတမန်နိုင်ငံကူးလက်မှတ်လည်း ကိုင်ခဲ့ဖူးတဲ့သူ။ နာယကအဖွဲ့ဟာ ဒီလိုလူမျိုးကို တစ်ခါမှ မတွေ့ဖူးကြဘူး။ အရောင်အဝါတွေ စူးလွန်းအားကြီးလို့ နေကာမျက်မှန်တွေတောင် ထုတ်တပ်ရလုမတတ်။ ဗုဒ္ဓဝါဒီဟာ ဘဝင်ကျစရာ ကောင်းရုံ သက်သက်သာမက၊ နောက်ပိုင်း နာယကအဖွဲ့ရဲ့ ဖော်ပြချက်အရဆို ”သူ့ကို ငြင်းထုတ်စရာအကြောင်း လုံးလုံး ရှာမရဘူးလေ၊” ဆိုတဲ့အနေအထား။ မဟုတ်လည်း နာယကအဖွဲ့ဝင် အမျိုးသမီးတစ်ယောက် အောဟုစ်ဒေလီး သတင်းထောက်ကို ပြောသလို ပြောရရင်၊ သူ ဝတ်စားလာပုံက ကုတ်အင်္ကျီမှာ သားရေထည် တံတောင်ပတ်တွေနဲ့၊ ကျမတို့ကတော့ သူ့ကို ပညာတတ်တစ်ယောက်ရယ် ထင်ခဲ့ကြတာပဲ၊ ဆိုတဲ့ပုံစံ။ ဒါပေမဲ့ အနှီ့အမျိုးသမီးက ဒီစကားကို နောက်ပိုင်းကာလ မရောက်ခင်အထိ ထုတ်ပြောခဲ့တာတော့ မဟုတ်ဘူး။

            ခု ကျမတို့ ပြောလာတာ ဗုဒ္ဓဝါဒီ လှုပ်ရှားမှုအသင်းတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်လာတဲ့အနေအထား ရောက်နေပြီ။ ဒီအနေအထား အရောက်၊ နေအိမ်မပြောင်းခင်လေးတင် သူ ခွေးပေါက်ကလေး ရလိုက်တယ်။ ခွေးပေါက်ကလေးက အနက်ရောက် လက်ဘရာဒေါ ခွေးလေး၊ သူက ခွေးကို ဆန်ချိုလို့ ခေါ်တယ်။ ဗုဒ္ဓဝါဒီတွေဟာ တိရိစ္ဆာန်တွေအပေါ် ကြင်နာတတ်ကြရဲ့လေ။ ပြီးရင် ခေါင်းဆောင်မှုဆိုတာကလည်း နူးညံ့တဲ့တန်ဖိုးတွေကို လုပ်ငန်းထည်အဖြစ် ပေါ်လာအောင် ပေါင်းစည်းပေးရတာမျိုး။ ပြီးတော့ ဆန်ချိုက နူးညံ့တယ်။ ဗုဒ္ဓဝါဒီဟာ သူ့ဘယ်လင်ဂို ကားကြမ်းခင်းမှာ ခွေးကို တင်၊ ပြီး တောင်ပိုင်းဆိပ်ကမ်းခရိုင်နဲ့ ဝေးရာ မောင်းထွက်လာတယ်။ ဗုဒ္ဓဝါဒီဟာ သူ့ဘ၀အတွက်ရယ်၊ ကမ္ဘာကြီးအတွက်ရယ် အစီအမံတွေနဲ့အတူ အောဟုစ်မြို့ သွားရာလမ်းပေါ် ရောက်လာတယ်။ ကားနောက် ထိုင်ခုံမှာ သူ့ရဲ့ လေထိုးမွေ့ရာရယ်၊ သန့်သန့်ပြန့်ပြန့် အတွင်းခံ ဆယ်စုံရယ် ပါလာတယ်။ သူ့မှာ ကမ္ဘာကြီးအတွက် ဖော်ဆောင်မယ့် အစီအစဉ်တွေရယ်၊ အောဟုစ်မှာ သူ့အတွက် ချပေးထားတဲ့ နေအိမ်သော့ရယ် ပါလာတယ်။ သူဟာ လူလူချင်း ကူညီမှု အသင်းကြီးရဲ့ ဥက္ကဌသစ်။ ပြီးရင် သတင်းစာတွေထဲလည်း ပါခဲ့ဖူးတဲ့သူ။ သူဟာ သူ မျှော်မှန်းထားခဲ့တာထက်ကို ပိုအဆင့်မြင့်တဲ့ အနာဂတ် တစ်ခုရှိရာ မောင်းလာနေတာပဲ။ သူဟာ မိန်းမတွေ ကြွေလောက်မယ့် အနာဂတ်မျိုး ရှိရာ မောင်းလာနေတာပဲ။ တစ်နေ့ ဖွင့်ဖြိုးဆဲနိုင်ငံ တစ်ခုခုရဲ့ စိုက်ခင်း တစ်ခင်းထဲမှာ သူကိုယ်တိုင် အိမ်ရှင်အဖြစ် အစအဆုံး လက်ခံတာဝန်ယူပြီး နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပြန်မဆုံဘူး ဘယ်သူ ပြောနိုင်မလဲ။ သူ သူ့အတွေးနဲ့သူ ပြုံးလိုက်ရင်းက ဆန်ချို အပေါ့သွားဖို့ လိုလာတဲ့အချိန် ကားကို ရပ်လိုက်တယ်။ သူကိုယ်တိုင်ကတော့ ဗုဒ္ဓဝါဒီ၊ သူ အပေါ့သွားချင်စိတ် ပေါ်မှ သွားတယ်။

            အိုးသင်ဆာမြို့အနောက်နားက သန့်စင်ခန်းဧရိယာမှာ ခွေး အပေါ့ သွားနေတုန်း သူ့ကားကို သူ ကြည့်နေတယ်၊ ဘယ်လင်ဂိုကား။ ဒီကားဟာ သူ့နဲ့ ဘယ်လောက်များ လိုက်ဖက် ထားသတုံး…၊ သူ တွေးတယ်။ ရှေ့မီးလုံးကနေ နောက်တံခါးအထိ ဘယ်လင်ဂိုကားက နေရာကျယ်ဝယ်မှုကို ဖော်ညွှန်းနေတယ်။ နောက်မှာ လျှောတံခါးတွေ တပ်ပြီး အထူးဒီဇိုင်း ထုတ်ထားတဲ့ ဒီကား အမျိုးအစားဟာ ကျောင်းလွယ်အိတ်တွေ၊ ကုန်ခြောက်ပစ္စည်းတွေ တပွေ့တပိုက်နဲ့ လူတွေအတွက်တင်မက ကမ္ဘာကြီးအတွက် ထူးခြားမှုတစ်ခု ဖန်တီးပေးချင်တဲ့ ဆန္ဒတွေ တပွေ့တပိုက်နဲ့ လူတစ်ယောက် အတွက်ပါ အတက်အဆင်း လွယ်ကူအောင် လုပ်ပေးထားတာပဲ။ ခင်ဗျားအနေနဲ့ ဘယ်လင်ဂိုကို လိင်ဆွဲဆောင်မှုရှိတဲ့ ကားရယ်တော့ ပြောရမှာ မဟုတ်ဘူး…၊ ဗုဒ္ဓဝါဒီ တွေးတယ်။ ဒါပေမဲ့ ဒါက ကိစ္စတော့ မရှိဘူး၊ မရှိဆို ဘယ်လင်ဂိုရဲ့ ရည်ရွယ်ရင်းကိုက ဗဟိဒ္ဓ တန်ဖိုးထက် အဇ္ဈတ္တတန်ဖိုးတွေကို ညွှန်းဆိုဖို့ပဲလေ။ ထုတ်ထားတဲ့ ဒီဇိုင်း ရည်ရွယ်ရင်းကိုက ဒီကားပိုင်ရှင်ဟာ လက်တွေ့ကျပြီး အားကိုးအားထား ပြုနိုင်ရုံမက အရာရာ လိုက်လျှောညီထွေ ရှိသူရယ် ညွှန်းဆိုဖို့ပဲလေ။ ဘယ်လင်ဂိုဟာ စိတ်ချရတဲ့ ကားတစ်စီး ဆိုတဲ့ အချက်ကလည်း  အရေးမပါဘူးရယ် ပြောမရဘူး။ ကားကိုယ်ထည်မှာ ပတ်ခွေထားတဲ့ သတ္တုကိုင်းက ခိုင်ခံ့လွန်းအားကြီးလို့ အတွင်းထဲပါလာသူ ဘယ်သူဘယ်ဝါကိုမှ ဘာဆိုးဆိုးရွားရွားမှ မဖြစ်စေရဘူး ဆိုနေသလိုပဲ။ 

            ဗုဒ္ဓဝါဒီဟာ ခွေးကို ကားကြမ်းခင်းပေါ် ပြန်တင်တယ်။ သန့်စင်ခန်းဧရိယာကနေ မောင်းထွက်လာတဲ့အချိန် ဘယ်လင်ဂိုကိုလည်း စကြာ၀ဠာကြီးဆီက လာတဲ့ နောက်ထပ်နိမိတ် တစ်ခုသဖွယ် သဘောပေါက်လိုက် ပြန်တယ်။ သူဟာ ဈေးကွက်မှာ ရှိသမျှ စိတ်အချရဆုံး ကားကို မောင်းနေတာပဲ။ သူဟာ အတွင်းထဲ ပါလာသူ ဘယ်သူဘယ်ဝါမှ မသေနိုင်တဲ့ ကားကို မောင်းနေတယ်။ သေခြင်းတရားလို အန္တရာယ်တွေ အပြင်ကနေ ဘယ်လင်ဂိုထဲ ဝင်မလာနိုင်ဘူး ဆိုလို့ အန္တရာယ်က ကားထဲမှာ ရောက်နှင့်ပြီးသား ဆိုလိုတာတော့ မဟုတ်ဘူး။ တကယ်လို့ သူသာ ကမ္ဘာကြီးရဲ့ ပါပဂြိုဟ်အားတစ်ခု ဖြစ်နေမယ်ဆို သူကိုယ်သူတောင် လန့်မိမှာ…၊ ဒီအတွေးက ဗုဒ္ဓဝါဒီ့ဆီ ရိုက်ခတ်လာတယ်။ တကယ်လို့ ငါသာ ပါပဂြိုဟ်ကောင်ဆို ငါ့ကိုယ်ငါတောင် မုန်းမိမှာလို့ ဗုဒ္ဓဝါဒီ တွေးတယ်။ နောက်ပြီး ဆိုပါစို့၊ ငါက ကမ္ဘာကြီးအတွက် ပုညကောင်းမှုတွေ ပြုမယ့်သူ ဆိုရင်ကော… ဘယ်လို ကားမျိုးကိုများ ငါ ရွေးသင့်လဲ? ဗုဒ္ဓဝါဒီ ဆွီဒင်လိုင်စင် နံပါးပြားနဲ့ ဗော်လ်ဗိုကားတစ်စီးကို ကျော်တက်နေတဲ့အချိန် သူ့ကိုယ်သူ မေးမိတယ်။ ဒါကတော့ အနုမာနမေးခွန်းသက်သက်ပါ။ ဗုဒ္ဓဝါဒီအနေနဲ့က ဘယ်လင်ဂိုကို ရွေးထားပြီးမှပဲလေ။ 

            ဗော်လ်ဗိုကားကို ကျော်တက်အပြီး ခဏလေး ကြာသလို ထင်ရတယ်၊ အတိတ်နိမိတ်တစ်ခု။ ဗုဒ္ဓဝါဒီ အတိတ်နိမိတ်တစ်ခု ရလာတယ်။ သူ မောင်းတက်နေတဲ့ လစ်လဲဘဲ့တ် တံတားအထက်မှာ နိမိတ်တွေ အထင်အရှား ပေါ်နေတာ။ ဖရက်သာရိရှားမြို့၊ မဟုတ်လည်း ကျွန်းတစ်ကျွန်းလုံးအထက် ကောင်းကင်ယံမှာ ရောင်ခြည်တော်တွေ လှမ်းမြင်နေရတာလေ။ လစ်လဲဘဲ့တ်တံတားနဲ့ နီးသထက် နီးလာလေ၊ ရောင်ခြည်တော်တွေက ပိုပြီး တောက်ပလာလေ။ ဘယ်လင်ဂိုရဲ့ ဘီးတွေ လစ်လဲဘဲ့တ်တံတားနဲ့ စထိတဲ့ အခိုက်မှာတော့ လစ်လဲဘဲ့တ် တံတားရဲ့ မီးခိုးရောင် သတ္တုထည်တွေဟာ လင်းထိန်နေတဲ့ ဘီဖရို့စ်  သက်တံတစ်စင်းအဖြစ် အသွင်ပြောင်း သွားလေရဲ့။ သက်တံကြီးက ရေလက်ကြား တစ်ပြင်လုံးကနေ ခုံးထပြီး ကောင်းကင်အမြင့်အထိ ထိုးဖြန့်တက်နေတယ်။ တံလျှပ် တစ်ခုလိုပေမဲ့ တကယ့်အစစ်အမှန် အတိုင်းပဲ။ ဗုဒ္ဓဝါဒီဟာ နက္ခတ်တာရာ အစုအဝေးတစ်ခုပေါ် မောင်းနှင်နေတယ်၊ ပြီးတော့ သူဟာ နတ်ဘုံဌာနတွေ ရှိရာဆီ ဦးတည်လာနေတာပဲ။ သူ့အောက် အဝေးကြီးက ဒိန်းမတ်မှာတော့ လူတွေ သုတ်သုတ်ပြာပြာနဲ့ ပန်းခြံတွေဆီ ပြေးပြီး သူရယ်၊ ဘယ်လင်ဂိုရယ်ကို လက်ညှိုးတထိုးထိုး လုပ်နေကြတယ်။ လူတွေဟာ ကောင်းကင်မှာ ဖြတ်မောင်းနေတဲ့ အနီရောင် ဘယ်လင်ဂို ကားကို ဟယ်လေးကြယ်တံခွန်   တွေ့ရတဲ့အလား လက်ညှိုးတထိုးထိုး လုပ်နေကြတယ်။ ဗုဒ္ဓဝါဒီကတော့ စကြာ၀ဠာကြီးဆီကနေ သူ့ကိုယ်ထဲ စီးဝင်လာတဲ့ စွမ်းအင်တစ်မျိုး ခံစားနေရရဲ့။ ပြီးရင် တိမ်တွေကြား ဖောက်ထွင်းသွားတဲ့ အနန္တအဝေ့အဝိုက်တွေ တလျောက် သူ့ကိုယ်သူ အသာလွှတ်ထားလိုက်တယ်။ သူ့အောက်က ဒိန်းမတ်ရယ်၊ ဂျာမနီမြောက်ခြမ်းက ဒေသတချို့ရယ်ဆီ သူ လက်ဝှေ့ရမ်း ပြတယ်။ တဖြေးဖြေးနဲ့ နောက်ဆုံးမှာ အလင်းရောင်တွေ ဖြာထွက်နေတဲ့ အဝင်ဂိတ် တံခါးတစ်ခုရှေ့ ရောက်လာတယ်။ ဂိတ်တံခါးကို ဖြတ်မောင်းသင့်မသင့်ဆိုတာမျိုး သူ့ကိုယ်သူ မေးခွန်း ထုတ်မနေဘူး။ သူဟာ အရွေးချယ်ခံ ပုဂ္ဂိုလ်ထူး တစ်ယောက်ပဲလေ။ ဂိတ်တံခါးရဲ့ အဓိပ္ပာယ်တစ်ခုလုံးကိုက သူ မောင်းဝင်သွားဖို့ရာပဲ။ ဒါနဲ့ သူ မောင်းဝင် သွားလိုက်တယ်။ ဆက်မောင်းရင်းနဲ့ နောက်ဆုံး ယုလန်ဒေသ အလယ်ပိုင်း ကောင်းကင် တစ်နေရာမှာ ကားက အလိုလို ရပ်သွားတယ်။  သူ ခွေးကို လက်မောင်းအောက် ပိုက်ရင်းနဲ့ ကားတံခါး ဖွင့်ပြီး နတ်ဘုံဌာနေမှာ ခြေချလိုက်တယ်။ သူ တိမ်တွေပေါ်မှာ လမ်းလျှောက်လျက်သား။ အောက်ထဲ ပြုတ်ကျ မသွားဘူး။ ပြီးတော့ အဝါရောင် ဝတ်ရုံနဲ့ ပုဂ္ဂိုလ် တစ်ယောက်၊ ခေါင်းကို ရှင်းပြောင်နေအောင် ရိတ်ထားပြီး မျက်မှန်အကြီးကြီး တပ်လို့၊ သူ့ဆီ လာနေတာ ရိပ်စားမိလိုက်တယ်။ အနီးကပ်အထိ စောင့်ကြည့်စရာ မလိုဘူး၊ လားမားပဲဆိုတာ သူ သိလိုက်ပြီးသား။ ဗုဒ္ဓဝါဒီ ဒူးတုပ်လိုက်တယ်၊ ပြီးတော့ ဒီထူးမြတ်တဲ့ အခိုက်အတန့်မှာ သူ့ခွေး အပေါ့ မသွားပါစေနဲ့လည်း ဆုတောင်းလိုက်တယ်။ သူ ခေါင်းမော် မကြည့်ရဲဘူး။ သူ့ကိုယ်သူ မှင်စာပုလေးလို ပျပ်ဝပ်နေတယ်၊ ပြီးတော့ သူ ဒီလို ဖြစ်နေတာကိုလည်း လားမားဆီ လျှောက်ထားချင်နေတာ။ ဒါပေမဲ့ သူ လားမားကို ဆိုင်မကြည့်ရဲဘူး။ အကြွင်းမဲ့ မြင့်မြတ်မှု တစ်ခုကနေ အကြွင်းမဲ့ မြင့်မြတ်ရာတစ်ခုဆီ ဆိုင်ကြည့်လိုက်တာနဲ့ တစ်ခုခု ထပေါက်ကွဲလိမ့်မလား၊ သူ ထင်နေမိလို့။ ကျေးဇူး ကြီးလှပါတယ်၊ မြင့်မြတ်မှုနဲ့ ဉာဏ်ပညာအတွက် ကျေးဇူးပါ၊ သူ ဒါပဲ လျှောက်လိုက်တယ်။ ဒီတင် လားမားက သူ့ခေါင်းပေါ် လက်တင်ရင်း ပြန်မိန့်လာတယ်၊ ပြောနေစရာ မလိုပါဘူး… ချစ်သား၊ ပြီးတော့ ခုချိန်ကစ မှတ်ထားရမှာက…၊ ကနေတဲ့ ကြယ်တစ်စင်း မွေးဖွားလာဖို့ဆို ချစ်သားရဲ့ စိတ်ဝိဉာဉ်ထဲ ပရမ်းပတာကြဲမှုတွေ လိုတယ်…။ 

            ဒီအဖြစ်အပျက်က ယုလန်ဒေသအထက် ကောင်ကင်ယံမှာ ဖြစ်ပျက်ခဲ့တာ ဟုတ်ရင်လည်း ဟုတ်၊ မဟုတ်လည်း အဲဒီကနေ အဝေးကြီးက ဗုဒ္ဓဝါဒီရဲ့ အဇ္ဈတ္တ တစ်နေရာမှာ ဖြစ်ပျက်သွားတာ များလားတာပဲ။ ဒီအဖြစ်အပျက်ကို ကြည့်ပြီး နောက်လေးလ အကြာမှာ ဗုဒ္ဓဝါဒီဟာ ဓာတ်ဆီအပြည့် ပုံးတစ်ပုံးရယ်၊ တစ်ခါသုံး မီးခြစ် တစ်လုံးရယ်နဲ့ အတူ သူ့ရုံးခန်းထဲသူ ဘာကြောင့် လှောင်ပိတ်နေရသလဲဆိုတာ အကြောင်း ရှာရမှာ။ ကျမတို့ သူ့ကို ပြန်တွေ့တဲ့အချိန်မှာတော့ ခုလို အနေအထား။ သူက စားပွဲမှာ ထိုင်ရင်းနဲ့ ဓာတ်ဆီပုံးပေါ် ကျော်ပြီး ခပ်လှမ်းလှမ်း တစ်နေရာဆီ ငေးနေတယ်၊ ငေးနေပေမဲ့ သူ့ကို အတွင်းထဲ ထည့်ပိတ်ထားတဲ့ နံရံတွေကို မြင်ပုံ မပေါ်ဘူး။ သူ့မှာ စိတ်နဲ့ဆောက်ထားတဲ့ လှောင်အိမ် တစ်လုံးထဲ ပိတ်မိလို့။ ဘယ်သူမှ အခန်းထဲ ဝင်လို့ မရဘူး။ နာယကအဖွဲ့ အကြီးအကဲက  ဗုဒ္ဓဝါဒီနဲ့ စကားပြောချင်နေတာ။ ဗုဒ္ဓဝါဒီကို ရုံးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှု၊ ပေါ့လျှော့မှု၊ ဒေါသသက်သက်နဲ့ လူတွေကို အလုပ်ထုတ်မှု၊ စာရင်းအင်းအတု ဖန်တီးမှု၊ အသင်းဝင်ပြ ကိန်းဇယားတွေကို အလွဲသုံးစားပြုမှု၊ အများပိုင်ရန်ပုံငွေ မတော်တလျှော် ပြုမှု၊ လက်အောက်ငယ်သားတွေနဲ့ လိင်နှောမှု၊ နောက်ထပ် အလားတူ မတော်တလျှော်မှုတွေအတွက်ပါ ရာထူးက ဖယ်ရှားထားတယ်။ အဆိုးဆုံးက သူ့ကယောင်ချောက်ခြား စကားတွေရယ်၊ လူလူချင်း ကူညီမှုအသင်းကြီးနာမည် သုံးပြီး လုပ်ထားတဲ့ အရှုပ်အထုပ် တစ်သီကြီးရယ်ကြောင့် ဗုဒ္ဓဝါဒီ အဖယ်ရှားခံထားရတာပဲ။ ပရဟိတအသင်းကြီးတစ်ခုကို သူ့အတွက် ကစားစရာလို လုပ်သွားခဲ့တာရယ်၊ သူ့ကိုယ်သူ ထင်တစ်လုံးနဲ့ စိတ်ကူးအကြီးစားတွေ ယဉ်နေတာတွေရယ်ကြောင့်လည်း သူ အဖယ်ရှား ခံနေရတာပဲ။ တကယ်လို့ သူ့ဘက်က ဆန္ဒရှိမယ်ဆို သူ့ဘာသာသူ အိန္ဒြေရရ နှုတ်ထွက်သွားဖို့ ခွင့်ပြုပြီးသား။ သူ အမြော်အမြင်ရှိရှိ လုပ်မယ်ဆို သူ့အတွက် နောက်ထပ် လုပ်ဇာတ်ခင်းချင် ခင်းဖို့ အခွင့်သာနေသေးရဲ့။ ဒါပေမဲ့… သူက ဖယ်ရှားတော့ ခံထားရပြီ၊ ထွက်မသွားဘူး လုပ်နေတာပဲ။ သူ ထွက်မသွားတဲ့အကြောင်းက သူ့အလုပ်သူ ချစ်လွန်းလှလို့တော့ မဟုတ်ဘူး၊ ထွက်သွားရတယ်ဆိုတာ သူ့စိတ်ဆန္ဒအရ ရွေးချယ်တာမျိုး မဟုတ်တာကြောင့်။ လမ်းသစ်ထွင်ခဲ့ကြသူ မဟာပုဂ္ဂိုလ်တွေထဲ ဘယ်တစ်ယောက်ကများ အဖယ်ရှား ခံရဖူးလို့တုံး။ စတာလင်၊ ဟစ်တလာ၊ မာသာ တဲရက်ဆာ၊ နယ်လ်ဆင် မင်ဒဲလား၊ ဒလိုင်း လားမား။ သူ့အတွက်တော့ အသက်တစ်ရှူတည်းတင် ဒီနာမည်တွေ ရွက်ပြဖို့ ထစ်ငေါ့ မနေဘူး။ အနှီ့ပုဂ္ဂိုလ်တွေမှာ တူတာတွေမှ အများကြီး။ ဥပမာ… သူတို့အထဲ ဘယ်သူတစ်ယောက်မှ သူတို့နေရာက အဖယ်ရှား မခံခဲ့ကြရဘူးလေ။ ဗုဒ္ဓဝါဒီဟာ သူ့ရုံးခန်းထဲမှာ ဓာတ်ဆီပုံးရယ်၊ ခွေးရယ်၊ မိန်းမဟောင်း ဖုန်းနံပါတ်ရယ်၊ ပြီး ကုလားထိုင်မှာ ကြိုးနဲ့တုပ်ပြီး ပါးစပ်မှာလည်း အစည်းအဝေး မှတ်တမ်း စာရွက်တွေ တန်းလန်းနဲ့ နာယကအဖွဲ့ ဝင် အမျိုးသမီးရယ်နဲ့အတူ သူ့ကိုယ်သူ ထည့်ပိတ်ထားတယ်။ သူဟာ ပိုမိုကောင်းမွန်းတဲ့ ကမ္ဘာကြီး ဆိုတဲ့ သူ့အိပ်မက်တွေရယ်၊ ထောင့်နားမှာ စတတ်အွိုင်းလ်တံဆိပ် ဓာတ်ဆီပုံးရယ်နဲ့အတူ သူ့ကိုယ်သူ ထည့်ပိတ်ထားတယ်။ သူ့မှာ သူ့ကောင်းမြတ်ခြင်းတရားတွေနဲ့ အတူ သူ့ကိုယ်သူ ထည့်ပိတ်ထားတာပဲ။ ပြီးလို့ ကျန်တာကတော့ သမိုင်းပဲလေ။

......................................

မူရင်း :

#The_Buddhist

#Dorthe_Nors (ဒိန်းမတ်စာရေးဆရာမ)

#Martin_Aitken (ဒိန်းနစ်ရှ်မှ အင်္ဂလိပ် ဘာသာပြန်)

#ကျော်ဘသစ် (အင်္ဂလိပ်မှ မြန်မာဘာသာပြန်)

......................................


Comments

နောက်ထပ်ဖတ်လိုလျင်

ရှီနာဂါဝါမျောက်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်များ

အိပန်နီမာက ကောင်မလေး