အရီး

အရီး
......
အဲတ်ဂါ ကဲရက်တ်

ကျနော့်ကောင်မလေးက သူလာပြီဆို “အရီး”လို့ အော်တယ်။ တစ်ခါတည်း အော်တာ မဟုတ်ဘူး၊ ထပ်ခါထပ်ခါ အော်တာ။ “အရီး-အရီး-အရီး-အရီး” အဲလိုမျိုး။ ကျနော်က မွေးတည်းက ကြီးတဲ့အထိ အရီးဆိုတော့ ကိစ္စတော့ မရှိ။ မရှိပေမဲ့လို့ တစ်ခါတလေတော့လည်း သူ့ကို တစ်မျိုးတစ်ဖုံ ပြောင်းအော်စေချင်တာ၊ တစ်ခြား ဘာပဲ အော်အော်။ “အို အချစ်ရယ့်”တို့၊ “ကျမကို နှစ်ခြမ်းသာ ခွဲလိုက်ပါတော့”တို့၊ “တော်ပါတော့၊ ကျမ မခံနိုင်တော့ဘူး” တို့၊ မဟုတ်လည်း လူတကာ အော်နေကျရိုးရာ “မရပ်လိုက်နဲ့နော်!”တို့ ဆိုရင်တောင် ဖြစ်သေး။ ကြိုကြားကြိုကြား အော်သံ အပြောင်းအလဲလေးလုပ် ကြားရမယ်ဆို ပိုအဆင်ပြေမှာလေ။ အခြေအနေနဲ့ ပိုလိုက်ဖက်တဲ့ အော်သံမျိုး၊ လတ်တလော အနေအထားနဲ့ ပိုဆက်စပ်မယ့် စိတ်လှုပ်ရှားမှုမျိုးပေါ့။
        ကျနော့်ကောင်မလေးက ဒေသကောလိပ်မှာ တက်နေတဲ့ ဥပဒေကျောင်းသူ။ သူကတော့ တက္ကသိုလ်ကြီး တစ်ခုခုမှာ သွားတက်ချင်တာ၊ ဒါပေမဲ့ တက္ကသိုလ်တွေက သူ့ကို လက်မခံလို့။လောလောဆယ်တော့ စာချုပ်စာတမ်းဆိုင်ရာဥပဒေ အဓိကနဲ့ လေ့လာဖို့ လုံးပမ်းနေလေရဲ့။ ခုလိုမျိုးကလည်း တကယ် ရှိသတဲ့လေ၊ စာချုပ်စာတမ်းကိစ္စသက်သက်တင် ကိုင်တွယ်တဲ့ ရှေ့နေတွေပေါ့။ သူတို့က လူတွေနဲ့ တွေ့နေစရာ မလိုဘူး၊ တရားရုံးတွေမှာ ကိုယ်ထင်ပြစရာလည်း မလိုဘူး၊ နေရာမှာတင် တစ်နေကုန် ထိုင်၊ စာရွက်ပေါ် ပုံနှိပ်ထားတဲ့ စာကြောင်းတွေ တစ်ကြောင်းပြီး တစ်ကြောင်း လိုက်ကြည့်၊ အဲဒီကနေ ကမ္ဘာတစ်ခု ဖန်တီးနေသလိုမျိုး လုပ်ကြတာပေါ့။
        လက်ရှိတိုက်ခန်း ငှားတော့ ကောင်မလေးလည်း ကျနော်နဲ့အတူ ပါလာတယ်။ ပြီးတော့ စာချုပ်ပါ စာပိုဒ်တချို့မှာ အိမ်ပိုင်ရှင် ကျနော်တို့အပေါ် ကလိမ်ကျဖို့ လုပ်ထားတာတွေကို သူက မိနစ်ပိုင်းနဲ့ မိသွားတယ်။ ကျနော့်အလိုဆို နှစ်သန်းချီ ကြာတောင် သတိထားမိမှာ မဟုတ်ဘူး၊ အဲဒါကို သူက လျှပ်တစ်ပြက်အတွင်းနဲ့ ရှာတွေ့လိုက်တာပေါ့။ ကျနော့်ကောင်မလေး၊ စက္ကူဖြတ်ဓားလို ထက်မြက်သူလေးပေါ့။ ပြီးရင် သူ လာတဲ့အခါမှာတော့ ခုလိုပုံစံ။ ကျနော့်ဘဝမှာ သူ့လို ဖြစ်တာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ သူ့မှာ ချာလည်ပတ်လည် လွင့်လို့ရယ်၊ ခန္ဓာကိုယ်က တရကြမ်း ရုန့်ရင်းဆန်ခတ်၊ ဓာတ်လိုက်နေတဲ့ လူတစ်ယောက်ကို ကြည့်နေရသလိုပဲ။ သူ့အတွင်းသား နက်နက်ထဲက တိုးရုန်းတက်လာတဲ့ အကြောတဆန့်ဆန့် အဲဒီလှိုင်းတွေကနေ သူ့ကို ဝါးမြိုရင်းက သူ့လည်တိုင်ထဲ ရောက်တဲ့အထိ လိမ့်တက်သွားပြီး သူ့ခြေဖဝါးတွေထိ သွားကလိနေသလိုပဲ။ ကြည့်ရတာ သူ့ခန္ဓာဗေဒ တစ်ခုလုံးက မသိလိုက် မသိဘာသာ ကျေးဇူးတင်စကား ဆိုဖို့ လုပ်နေတဲ့အတိုင်း။
        တစ်ခါတော့ သူ့ကို ကျနော် မေးကြည့်တယ်၊ ကျနော့်အရင် ကောင်တွေနဲ့တုန်းက သူ လာတဲ့အခါ ဘယ်လိုများ အော်ခဲ့တုံးပေါ့။ သူက ကျနော့်ဘက် ငဲ့ကြည့်တယ်၊ အံ့သြတဲ့ပုံစံနဲ့၊ ပြီးတော့ ပြောတယ်၊ နဂိုကောင်တွေအကုန်လုံးနဲ့တုန်းကလည်း သူလာတဲ့အခါ အော်တာ “အရီး”ပဲတဲ့။ အမြဲ “အရီး”ပဲတဲ့လေ။ ကျနော်လည်း ဘယ်နေလိမ့်မလဲ၊ ဆက်မေးတယ်၊ နာမည်မှာ “အရီး” မပါတဲ့ ကောင်တွေနဲ့ လာတဲ့အခါ ဆိုရင်ရော၊ ဘယ်လို အော်လေ့ရှိတုံးလို့။ သူက ခဏအချိန်ယူ စဥ်းစားတယ်၊ ပြီးတော့ သူ ပြောတာ နာမည်မှာ “အရီး”မပါတဲ့သူ ဘယ်သူနဲ့မှ တစ်ခါမှ မလူးဖူးဘူးတဲ့။ ကျနော်အပါအဝင် ဘဲ နှစ်ဆယ့်ရှစ်ပွေနဲ့ သူ အိပ်ရာထဲ ရောက်ဖူးသတဲ့၊ ခု သူက ပြန်ပြောင်း စဥ်းစားနေရင်းကနေ အကုန် တစ်ယောက်မကျန် အရီးတွေချည့်ပဲတဲ့လေ။ ပြောပြီးတော့ သူ ငြိမ်သွားတယ်။ ပြီးတဲ့ နောက်တော့မှ ကျနော်က တကယ့် တည်တည်ငြိမ်ငြိမ်နဲ့ “ရူးကြောင်ကြောင် နိုင်အောင်ကို တိုက်ဆိုင်တာပဲ....၊ မဟုတ်ရင်တော့လည်း မင်းကိုယ်တိုင် အရီးအသစ်အသစ် ရှာပြီး တန်းစီ ရွေးတွဲခဲ့တာ နေမှာ” ပြောလိုက်တယ်။ “ဟုတ်မှာပဲ၊” သူက ပြောတယ်၊ တွေးတွေးဆဆပုံနဲ့ပဲ၊ “အဲလို ဖြစ်လောက်တယ်” တဲ့။
        အဲဒီအခိုက်အတန့် နောက်ပိုင်းတော့ ကျနော်လည်း ကျနော့်အဝန်းအဝိုင်းမှာ ရှိသမျှ အရီးတွေ အကုန်လုံးကို အသည်းအသန် သတိထားလာမိတော့တယ်၊ ဖာလာဖဲလ် (အရှေ့အလယ်ပိုင်း အစားအစာ) ရပ်ရောင်းတဲ့ ဆိုင်မှာ တစ်ယောက်၊ ပြီး ကျနော့်စာရင်းကိုင် လုပ်တဲ့သူ တစ်ယောက်၊ ပြီးရင် ကျနော်တို့ ကော်ဖီဆိုင်က လူပေါ်လူဇော် လုပ်ချင်နေတဲ့ တစ်ယောက်၊ ကျနော့်ကို အားကစားကိစ္စတွေ နားထားလိုက်တော့၊ တွန်းတွန်းနေတဲ့လူပေါ့။ ကျနော်က လူသိရှင်ကြား ထင်သာမြင်သာ လုပ်တာမျိုးတော့ မဟုတ်ဘူး၊ စိတ်ထဲကနေ အရီး+အရီး+အရီး လိုက်မှတ်တာလောက်ပဲ။ ကံဆိုးမိုးမှောင် တစ်ခုခု ပြုံကျလာတဲ့အခါ၊ တကယ်လို့များ ပြုံကျလာရင်ပေါ့၊ စပြီး ကျလာမယ့် နေရာက ဒီကောင်တွေထဲက တစ်ယောက်ယောက်ဆီကပဲ နေမယ်ဆိုတာ ထဲထဲဝင်ဝင် သိနေတာကြောင့်လေ။
        နာမည်တော့ ထည့်မပြောဘဲ ကျနော့်ကောင်မလေးအကြောင်း ခင်ဗျားကို ဒီလောက်ထိ ပြောနေတာ အူကြောင်ကြောင်တော့ နိုင်သား။ သူ့နာမည်က ဘာမှ အရေးမပါသလို ဖြစ်နေတာလေ၊ အမှန်တော့ တကယ်လည်း အရေးပါတာတော့ မဟုတ်ဘူး။ ကျနော့်ကို ခင်ဗျား ညလယ်သန်းခေါင် နှိုးပြီး မေးကြည့်၊ ကျနော့်စိတ်ထဲ အရင်ဆုံး ပေါ်လာမှာ သူ့နာမည် မဟုတ်ဘူး။ အရင်ဆုံး ပေါ်လာမှာက သူ့ရဲ့ အံ့ဩတစ်ဝက်ပုံစံနဲ့ မျက်နှာအမူအရာ၊ အဲလို အမူအရာ လုပ်ပြီး တစ်စက္ကန့်လောက်နေ သူက ထအော်ရော၊ ကျနော့်ခေါင်းထဲ အူကျန်ခဲ့တဲ့အထိပဲ၊ အဲလိုမှ မဟုတ်လည်း ကျနော့်စိတ်ထဲ ပေါ်လာမှာ သူ့ဖင်လုံးတွေ မြင်ကွင်း၊ မဟုတ်လည်း “ကျမ ရှင့်ကို ပြောချင်တာ တစ်ခု ရှိလို့၊” ဆိုတဲ့ သူ့ရဲ့ ချစ်စရာ၊ ကလေးဆန်ဆန် အမူအရာလေး၊ သူ့အတွက် စိတ်လှုပ်တရှား ဖြစ်စရာ အတွေး တစ်ခုခု ရင်ဖွင့်ချင်လာရင် သူ လုပ်နေကျ အမူအရာလေးပေါ့။ ကျနော့်ရဲ့ ကောင်မလေး၊ တကယ့် ရင်ခုန်ချင်စရာ ကောင်းသူလေးလေ။ ဒါပေမဲ့လည်း တစ်ခါတလေတော့ ကျနော်တို့ ချစ်ဇာတ်လမ်း တစ်ခုလုံးဟာ လျှောလျှောလျှူလျှူမှ အဆုံးသတ်ပါ့မလားဆိုတာ ကျနော့်မှာ မသေမချာ ဖြစ်မိတယ်။
        ကျနော်တို့ကို အငှားစာချုပ်နဲ့ ရိတ်ဖို့ လုပ်တဲ့ အိမ်ပိုင်ရှင်ရဲ့ နာမည်ကလည်း အရီးပဲ။ ခြုံပြောရရင် ဒီလူက ဘာကောင်မှ မဟုတ်ဘူး၊ သေသွားတဲ့ သူ့အဖွား ချန်ထားခဲ့တဲ့ ကမ်းခြေနဲ့ တိုက်တန်းငါးတန်းအကွာက အဆောက်အဦး တစ်ခုလုံးကို ရထားတဲ့ အသက် ငါးဆယ်လောက် ဘဲကြီးပဲ။ သူ့အိမ်ငှားတွေဆီက ချက်လက်မှတ်တွေ လိုက်ကောက်တာက လွဲရင် သူ့ဘဝမှာ ဘာအလုပ်မှ ဟုတ်တိပတ်တိ မလုပ်ဖူးဘူး။ လေသူရဲတွေမှာ တွေ့ရနေကျ မျက်လုံးပြာပြာလိုဟာမျိုးတွေလည်း သူ့မှာ ရှိတယ်၊ ပြီးတော့ သောက်ကျိုးနဲ တိမ်အနားသပ်တွေမှာ အရောင် တောက်နေသလို ငွေရောင်မှုန်မှုန် ဆံပင်တွေရောပဲ။ ဒါပေမဲ့ ဒီလူကြီးက လေသူရဲတော့ မဟုတ်ဘူး။ ကျနော်တို့ သဘောတူစာချုပ် လက်မှတ်ထိုးတုန်းက သူ့စစ်မှုထမ်းကာလ တစ်လျောက်လုံး 'ဇာရစ်ဖင်'က သယ်ယူပို့ဆောင်ရေး စခန်းမှာ ယောင်တောင်ပေါင်တောင် ပြီးသွားတယ်၊ သူက ပြောပြတယ်။ သူ ဘယ်ဆီဘယ်ဝယ် ရောက်မှန်း သူ့အရံတပ်ဖွဲက အရေးအရာလုပ် စုံစမ်းဖူးတာတောင် နှစ်တစ်ဒါဇင်လောက် ရှိခဲ့ရောပေါ့။
        ကံအားလျှော်စွာနဲ့ပဲ ဒီလူ ကျနော့်ကောင်မလေးနဲ့ လူးနေတဲ့ကိစ္စ ကျနော် သွားတွေ့တာ။ တကယ်လို့ ကောင်မလေးသာ သူ့အရီးတွေ ဇာတ်လမ်းစုံထဲ ကျနော့်ကို ပေးမပါခဲ့ရင် ကျနော်လည်း မယုံသင်္ကာ ဖြစ်မိချင်မှ ဖြစ်မိမှာ။ တိုက်ခန်းထဲ သူတို့ နှစ်ယောက်ကို မိတဲ့အချိန် ဒီလူကြီးက ဧည့်ခန်းထဲမှာ၊ အဝတ်အစား အပြည့်နဲ့။ သူပိုင်တိုက်ခန်းကို ကျနော်တို့ ဖျက်လုပ်ဖျက်ဆီး လုပ်နေလား ဝင်လာ စစ်ကြည့်တာ၊ သူက ပြောတယ်။ သူ ထွက်သွားပြီး ချက်ချင်းပဲ ကျနော်လည်း ကောင်မလေးကို ဖိအားပေးတယ်၊ သူက အပြင် ထွက်လာပြီး ဒီကိစ္စကို ဝန်ခံတယ်။ ဒါပေမဲ့ သူ့ဝန်ခံချက်ထဲ သူ့ကိုယ်သူ အပြစ် ရှိတယ် ဆိုတာမျိုး မပါဘူး။ သူ ပြောနေတဲ့အချိန် သူ့လေသံက ပကတိအရှိအတိုင်း တင်ပြတဲ့ ပုံစံမျိုး၊ လုံးဝ အတည်ပေါက်။ သူ ပြောနေတဲ့ ပုံစံက လူစိမ်းတစ်ယောက်ကနေ ခင်ဗျားကို နံပါတ် ၈ ဘတ်စကား 'ဒီဇင်‌ဂေါ့ဖ်'မှတ်တိုင်မှာ မရပ်ဘူး ပြောနေသလိုမျိုး။ ပြီးတော့ ပြောပြီးတာနဲ့ သူ့မှာ မေးစရာ တစ်ခု ရှိတယ် ပြောလာတယ်။ ကျနော်တို့ အားလုံးပေါင်းပြီး တစ်ခါလောက် အတူ လုပ်လို့ရမလား၊ သိချင်တာတဲ့၊ ဟိုလူကြီးရယ်၊ ကျနော်ရယ်၊ နှစ်ယောက်လုံးနဲ့တဲ့လေ။
        သူက အလဲအထပ်တစ်ခုတောင် လုပ်ချင်နေသေးတာ။ တကယ်လို့ ကျနော်တို့ အားလုံးပေါင်းပြီး တစ်ခါလောက် လုပ်ရပြီးရင် နောက်ကို အဲလူကြီးနဲ့ ဘယ်တော့မှ မတွေ့တော့ပါဘူးတဲ့။ အရီးနှစ်ယောက်ပေါင်း သူ့အထဲ ရောက်နေတာမျိုး သူ့ဘဝမှာ တစ်ခါလေးပဲ ခံစားကြည့်ချင်တာတဲ့လေ။ ဟိုလူကြီးဘက်ကတော့ သဘောတူမှာ သေချာတယ်၊ တစ်ယောက်တည်း ပျင်းကြောဆွဲနေတဲ့ တဏှာရူးမှန်း သူ တပ်အပ် သိတယ်တဲ့။ ဆိုတော့ နောက်ဆုံးတော့ ကျနော်လည်း ဝင်ပါရတော့မှာပဲ။ ကျနော်က သူ့ကို ချစ်တာကိုး၊ တကယ်အမှန်အကန် ချစ်တာလေ။
        ပြီးတော့ ကျနော်လည်း ကျနော့်တိုက်ခန်းပိုင်ရှင်နဲ့အတူ အိပ်ရာထဲ ရောက်လာရတော့တယ်။ သူက အဝတ်အစားတွေ မချွတ်ခင် စက္ကန့်ပိုင်းလေးတင် မီးဖိုချောင်က ပြူတင်းကာတွေအကြောင်း ကျနော့်ကို အာပေါင်သန်သန် မိန့်ခွန်းခြွေနေသေး။ ပြူတင်းကာတွေက ကျကျနန မပိတ်မိဘူး၊ ပတ္တာတွေကို ဆီသုတ်ဖို့လိုတယ်ဘာညာ ပြောလို့။ ခဏ ကြာတော့ ကျနော့်ကောင်မလေးရဲ့ ခန္ဓာကိုယ်က ကျနော့်အပေါ်မှာ လှုပ်ကာလှုပ်ကာ ဖြစ်လာတယ်။ သူ့မှာ အရှိန်ရနေပြီမှန်း ကျနော် အာရုံရလိုက်တယ်။ နောက် သူ အော်လာခဲ့ရင်လည်း တစ်နည်းနည်း အဆင်ပြေသွားမှာပဲ၊ ကျနော် ပြောရဲတယ်။ ပြောရဲဆို ကျနော်တို့ နာမည်တွေကလည်း အရီးစစ်စစ်တွေကိုး။ တစ်ခုပဲ၊ သူ အော်လာမယ့် အရီးဆိုတာ ကျနော့်ကို အော်တာလား၊ သူ့ကို အော်တာလား၊ ဘယ်သူမှ သေချာ မသိ ဖြစ်နေကြမှာ တစ်ခုပဲ။
................

#Mirian_Shlesinger (ဟီဘရူးမှ အင်္ဂလိပ် ဘာသာပြန်)
#ကျော်ဘသစ် (အင်္ဂလိပ်မှ မြန်မာဘာသာပြန်)

Comments

နောက်ထပ်ဖတ်လိုလျင်

ရှီနာဂါဝါမျောက်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်များ

ဗုဒ္ဓဝါဒီ

အိပန်နီမာက ကောင်မလေး