အရီး
အရီး ...... အဲတ်ဂါ ကဲရက်တ် ကျနော့်ကောင်မလေးက သူလာပြီဆို “အရီး”လို့ အော်တယ်။ တစ်ခါတည်း အော်တာ မဟုတ်ဘူး၊ ထပ်ခါထပ်ခါ အော်တာ။ “အရီး-အရီး-အရီး-အရီး” အဲလိုမျိုး။ ကျနော်က မွေးတည်းက ကြီးတဲ့အထိ အရီးဆိုတော့ ကိစ္စတော့ မရှိ။ မရှိပေမဲ့လို့ တစ်ခါတလေတော့လည်း သူ့ကို တစ်မျိုးတစ်ဖုံ ပြောင်းအော်စေချင်တာ၊ တစ်ခြား ဘာပဲ အော်အော်။ “အို အချစ်ရယ့်”တို့၊ “ကျမကို နှစ်ခြမ်းသာ ခွဲလိုက်ပါတော့”တို့၊ “တော်ပါတော့၊ ကျမ မခံနိုင်တော့ဘူး” တို့၊ မဟုတ်လည်း လူတကာ အော်နေကျရိုးရာ “မရပ်လိုက်နဲ့နော်!”တို့ ဆိုရင်တောင် ဖြစ်သေး။ ကြိုကြားကြိုကြား အော်သံ အပြောင်းအလဲလေးလုပ် ကြားရမယ်ဆို ပိုအဆင်ပြေမှာလေ။ အခြေအနေနဲ့ ပိုလိုက်ဖက်တဲ့ အော်သံမျိုး၊ လတ်တလော အနေအထားနဲ့ ပိုဆက်စပ်မယ့် စိတ်လှုပ်ရှားမှုမျိုးပေါ့။ ကျနော့်ကောင်မလေးက ဒေသကောလိပ်မှာ တက်နေတဲ့ ဥပဒေကျောင်းသူ။ သူကတော့ တက္ကသိုလ်ကြီး တစ်ခုခုမှာ သွားတက်ချင်တာ၊ ဒါပေမဲ့ တက္ကသိုလ်တွေက သူ့ကို လက်မခံလို့။လောလောဆယ်တော့ စာချုပ်စာတမ်းဆိုင်ရာဥပဒေ အဓိကနဲ့ လေ့လာဖို့ လုံးပမ်းနေလေရဲ့။ ခုလိုမျိုးကလည်း တကယ် ရှိသတဲ့လေ၊ စာချုပ်စာတမ်းကိစ္စသက်သက်တင် ကိုင်တွယ်တဲ့ ရှေ့နေတွေပေ...