ရှီနာဂါဝါမျောက်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်များ
ရှီနာဂါဝါမျောက်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်များ
ဟာရူကီ မူရာကာမီ
.........................
ဂွန်မာစီရင်စု၊ ရေပူစမ်းမြို့လေးက ဂျပန်ပုံစံ အင်းသေးသေးလေး တစ်လုံးမှာ အဲဒီသက်ကြီးပိုင်း မျောက်ကို ကျနော် တွေ့ခဲ့တာ၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့။ အင်းက တဲသာသာအင်းလေးပါ၊ မဟုတ်လို့ အတိအကျ ပြောရရင်တော့ ဟောင်းနွမ်းဆွေးမြေ့ပြီးတော့မှ ယဲ့ယဲ့ပဲ ကျန်တော့တဲ့အင်း၊ အဲဒီမှာ ကျနော်က တစ်ည တည်းဖြစ်သွားခဲ့တာ။
ကျနော်က စိတ်ကူးပေါက်ရာ ဟိုဟိုဒီဒီ နယ်လှည့်နေတဲ့အချိန်၊ ရေပူစမ်းမြို့လေးဆီ ရောက်လို့ ရထားပေါ်က ဆင်းတော့ ညနေ ၇ နာရီ ကျော်နေပြီ။ ဆောင်းဦးပေါက်ရာသီ ကုန်လုခါနီးကာလ၊ နေက ခပ်စောစောတည်းက ဝင်သွားပြီ။ တောင်ထူထူ ဝန်းကျင်တွေမှာပဲ သီးသန့် တွေ့ရနေကျ ရေတပ်ပြာရောင် အမှောင်ထုက မြို့နေရာ တစ်ဝိုက်ကို ဝိုင်းထားတယ်။ တောင်ထိပ်တွေဆီကနေ အေးခဲနေတဲ့လေက လျှောဆင်းတိုက်နေပြီး လမ်းမတလျောက် လက်သီးဆုပ်လောက် သစ်ရွက်တွေ တချွတ်ချွတ်မြည်အောင် လုပ်လို့။
ကျနော်လည်း တည်းဖို့ခိုဖို့ နေရာ လိုက်ရှာရင်း မြို့လယ်ခေါင်တလွှား လျှောက်ပတ်ကြည့်တယ်၊ ဒါပေမဲ့ ဘယ်အဆင့်မြင့် တည်းခိုခန်းကမှ ညနေစာ တည်ခင်းပြီးနောက်ပိုင်း ဧည့်သည်အဝင် လက်မခံတော့ဘူး။ ငါးနေရာ၊ ခြောက်နေရာ ကျနော် ဝင်စုံစမ်းတယ်၊ အကုန် ကျနော့်ကို ငြင်းလွှတ်တာချည့်ပဲ။ နောက်ဆုံးတော့မှ မြို့ပြင်ဘက် လူဆိတ်တဲ့ နေရာတစ်ဝိုက်မှာ ကျနော့်ကို လက်ခံတဲ့ အင်းတစ်လုံး သွားတွေ့တယ်။ အင်းပုံစံက ကျီးနဲ့ဖုတ်ဖုတ်၊ ပြီး ခနော်နီခနော်နဲ့ရယ်၊ အညံ့စား တည်းခိုခန်းနီးနီးပဲ။ နှစ်သက္ကရာဇ်နဲ့ချီ ဖြတ်သန်းထားတဲ့ပုံပေမယ့် အင်းအိုတစ်လုံးမှာ ခင်ဗျား မျှော်လင့်ထားလောက်မယ့် ဘယ်လို တစ်မူထူးခြား ဆွဲဆောင်မှုမှ ရှိမနေဘူး။ ဟိုနားဒီနား ချိတ်ဆက်ထားတဲ့ အဆက်အပြုတွေက တကယ့်စွေစွေစောင်းစောင်းတွေ၊ ဟိုဘက်ဒီဘက်နေရာတွေနဲ့ အစပ်အဟပ် မိအောင် မညှိဘဲ ဖြစ်ကတတ်ဆန်း ပြင်ထားသလိုမျိုး။ နောက်တစ်ခါ မြေငလျင် လှုပ်လာရင်တောင် တောင့်ခံနိုင်ပါ့မလား၊ သံသယ ဖြစ်ချင်စရာ။ ကျနော် ဒီ ရောက်နေတုန်း ငလျင် လှုပ်မလာပါစေနဲ့ပဲ ဆုတောင်းရတာပဲ။
အင်းက ညစာ မတည်ဘူး၊ ဒါပေမဲ့ မနက်စာတော့ ပါတယ်။ ပြီးတော့ တစ်ညတာ တည်းခိုခကလည်း အတော်ကို စျေးပေါပေါ။ အင်းအဝင်အတွင်းထဲမှာ ပြောင်ရှင်းရှင်း ဧည့်ကြိုစားပွဲ တစ်လုံးနဲ့၊ စားပွဲနောက်မှာ ထိုင်နေတာက ဆံပင်တုံးတုံး ပြောင်နေတဲ့ အဘိုးအို တစ်ယောက်၊ မျက်ခုံးမွေးလေးတောင် မရှိဘူး၊ သူက ကျနော့်ဆီက ကြိုတင်တည်းခိုခ ယူတယ်။ မျက်ခုံးမွေး မပါတော့ အဘိုးကြီးမျက်လုံးဝိုင်းကြီးတွေက ပုံမှန်ထက်ကို ပြူးပြောင်နေတော့သလိုပဲ။ သူ့နံဘေး ကြမ်းပြင်နားက ကြမ်းခင်းဖုံပေါ်မှာတော့ သူ့လိုပဲ သက်တမ်းအရင့်သား ကြောင်ညိုထွား တစ်ကောင်၊ လှဲရင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့။ ကြောင်နှာခေါင်းမှာ ပြဿနာ တစ်ခုခု ဖြစ်ထားသလားပဲ၊ ကျနော် ကြားဖူးသမျှ ကြောင်ဟောက်သံတွေထက် ဒီကြောင်ဟောက်သံက ပိုကျယ်နေလို့လေ။ တစ်ခါတစ်ခါ သူဟောက်နေတဲ့ နရီစည်းချက်က ဖြတ်ခနဲဖြတ်ခနဲ စည်းဝါး လွတ်လွတ်သွားတတ်ရဲ့။ အင်းထဲ ရှိသမျှ အကုန်လုံး အိုဟောင်းပြီးတော့မှ တစ်စစ ပြိုလဲနေတော့သလိုပဲ။
ကျနော့်ကို ပြလာတဲ့အခန်းက ပြွတ်သိပ်ကြပ်ညပ်လို့ရယ်၊ တစ်ယောက်ယောက်ကနေ ဖူတုံမွေ့ရာ တစ်ခင်း လာချပေးထားတဲ့ ပစ္စည်းသိုခန်းအလားပဲ။ မျက်နှာကြက်မီးက မှိန်မှိန်၊ ဖျာအောက် ကြမ်းပြင်က ခြေလှမ်းချတိုင်း မနှစ်မြို့ချင်စရာ ကျွိကျွိကျွတ်ကျွတ် မြည်လို့ရယ်။ ဘာပဲဖြစ်ဖြစ်၊ အခန်းသန့်တာပြန့်တာ ရွေးနေဖို့က အတော်ကြီး နောက်ကျနေပြီလေ။ ခေါင်းပေါ်မှာ အမိုးတစ်ခုရယ်၊ အိပ်စရာ မွေ့ရာတစ်ခုရယ် ရရင်ကို ကျေနပ်ဖို့ ကောင်းပြီ၊ ကျနော့်ကို ကျနော် ပြောမိတယ်။
ကျနော်လည်း ကျနော့်မှာပါတဲ့ တစ်လုံးတည်းသော ခရီးဆောင်အိတ်၊ ပုခုံးသိုင်းလွယ်အိတ်ကြီးကို ကြမ်းပြင်ပေါ် ချ၊ ပြီးတော့ မြို့ထဲဘက် ပြန်ထွက်လာတယ်။ (အခန်းက ဇိမ်နဲ့ပိန်နဲ့ ထိုင်နားချင်စရာ အခန်းရုပ်မှ လုံးလုံး မပေါက်ပဲလေ။) ကျနော် အနီးအပါးက ဆိုဘာ(ပန်းဂျုံ)ခေါက်ဆွဲဆိုင်ထဲ ဝင်ပြီး ရိုးရိုးရှင်းရှင်း ညစာ တစ်ပွဲ စားလိုက်တယ်။ ဒါ့အပြင် တခြား ရွေးစရာမှ မရှိပဲ၊ တခြား ဖွင့်တဲ့စားသောက်ဆိုင်တွေလည်း မရှိတော့ဘူး။ ဘီယာ တစ်ခွက်ရယ်၊ ဘားမှာ တည်နေကျတဲ့ အမြည်းရယ်၊ ပြီး ပူပူနွေးနွေး ဆိုဘာခေါက်ဆွဲ နည်းနည်းရယ် မှာလိုက်တယ်။ ဆိုဘာက သာမန်ကာရှန်ကာ၊ ဟင်းရည်ကလည်း ကြက်သီးနွေးရုံတမယ်ပဲ၊ ဒါပေမဲ့ ဒီတစ်ခါလည်း ကျနော်က ညည်းနေတော့မှာ မဟုတ်ဘူး။ ဗိုက်ဟောင်းလောင်းနဲ့ အိပ်ရာ ဝင်ရမှာထက်တော့ တော်သေးရဲ့လေ။ ဆိုင်ထဲက ထွက်လာတော့ အမြည်းနည်းနည်းနဲ့ ဝီစကီ ပုလင်းသေး တစ်လုံးလောက် ဝယ်ရ ကောင်းမလား၊ တွေးမိတယ်။ ဒါပေမဲ့ တိုလီမိုလီ ရောင်းတဲ့ စတိုးဆိုင် ရှာမရဘူး။ ညရှစ်နာရီ ကျော်နေပြီ၊ ဖွင့်ထားတဲ့ နေရာဆိုလို့ ရေပူစမ်းရှိတဲ့ မြို့တွေမှာ တွေ့ရနေကျ အပစ်အခတ် ကစားစရာတွေ စုထားတဲ့ ဂိမ်းရုံတွေပဲ ရှိတော့တယ်။ ဒါနဲ့ပဲ ကျနော်လည်း အင်းရှိရာ ပြန်လျှောက်လာပြီး ယူကာတာ (ရေချိုး)ဝတ်ရုံ ပြောင်းဝတ်၊ အောက်ထပ် ဆင်းပြီး ရေစိမ်ဖို့ လုပ်တယ်။
စုတ်ချာချာ အဆောက်အဦးရယ်၊ အပြင်အဆင်တွေရယ်နဲ့ စာရင် အင်းမှာ ရှိတဲ့ ရေပူစမ်းချိုးကန်ကတော့ အံ့ဩစရာကောင်းလောက်အောင် အပျံစားပဲ။ ဆူနေတဲ့ ရေက အစိမ်းရောင်ပျစ်ပျစ်၊ ဖျော့တော့တော့ မဟုတ်ဘူး၊ ကန့်နံ့က ကျနော် ကြုံဖူးသမျှ အကုန်လုံးထက် အပုံကြီး အနံ့စူးရဲ့။ ပြီးတာနဲ့ ကျနော်လည်း ရေထဲ ဝင်စိမ်။ အရိုးထဲထိ နွေးအောင် လုပ်လိုက်တယ်။ ဒီမှာ တခြား ရေလာစိမ်တဲ့သူရယ် မရှိဘူး (ဒီအင်းမှာ တခြားဧည့်သည် ရှိမရှိတောင် ကျနော် မပြောတတ်ဘူး၊) ဒါနဲ့တင် ကျနော်လည်း အကြာကြီးစိမ်၊ ဇိမ်ယူ အရသာ ခံလို့ ရနေတော့တယ်။ နည်းနည်း ကြာတော့ ခေါင်းထဲ ရီတီတီ ဖြစ်လာတာနဲ့ အအေးခံဖို့ တက်လာတယ်၊ ပြီးတော့ ရေချိုးဇလားထဲ ပြန်ဆင်းတယ်။ နောက်ဆုံးတော့ ဟောဒီအဟောင်းအမြင်းရုပ် ပေါက်နေတဲ့အင်း ရွေးလိုက်မိတာ အမှန်သားပဲ၊ တွေးလာမိတယ်။ အင်းအကြီးစားတွေမှာ ကြုံရနေကျ၊ ကြွက်စီကြွက်စီ ခရီးသွားအုပ်တွေနဲ့ ရေအတူ စိမ်ရတာထက် အများကြီးပို အေးချမ်းရဲ့လေ။
အဲဒီမျောက် မှန်တံခါးကို ချပ်ခနဲ တွန်းလှပ်ပြီး အထဲဝင်လာတဲ့အချိန် ကျနော်က တတိယအကြိမ် ချိုးကန်ထဲ ဝင်စိမ်နေတုန်း။ “စိတ်မရှိပါနဲ့ခင်ဗျ၊” သူက တိုးတိုးညင်သာ ပြောလာတယ်။ သူ့ကို မျောက်တစ်ကောင်မှန်း သဘောပေါက်ဖို့ ကျနော့်မှာ အချိန်အတော် ယူလိုက်ရတယ်။ ရေပူပူပျစ်ပျစ်တွေကြောင့် ဝေတေတေကလည်း ဖြစ်နေ၊ ပြီး မျောက်တစ်ကောင် စကားပြောတာ ကြားရလိမ့်မယ်လည်း ဘယ်တုန်းကမှ ထင်မထားမိဘူးလေ။ ဒါနဲ့ပဲ ကျနော့်မှာ ကျနော် မြင်နေရတာနဲ့ အဲဒီအရာဟာ တကယ့်မျောက်အစစ်တစ်ကောင် ဆိုတဲ့အချက် နှစ်ခုကြားက အစပ်အဟပ်ကို တမုဟုတ်ချင်း လုပ်မယူနိုင် ဖြစ်သွားတယ်။ မျောက်က သူ့နောက်က တံခါးကို ပိတ်လိုက်တယ်။ ဟိုနားဒီနား ပြန့်လဲနေတဲ့ ပုံးလေးတွေကို ဆန့်ဆန့်ရပ်ရပ် ဖြစ်အောင် လိုက်ပြင်တယ်၊ ပြီးတော့ ချိုးကန်ထဲ သာမိုမီတာ တစ်ချောင်း ထိုးစိုက်ပြီး အပူချိန် တိုင်းကြည့်တယ်။ သူက သာမိုမီတာပေါ်က ဒိုင်ခွက်ဆီ မျက်လုံးတွေ မှေးစင်းပြီး စူးစိုက်တောင် ကြည့်လိုက်သေးရဲ့၊ ဘက်တီးရီယားဗေဒ ပညာရှင်တစ်ယောက် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားမျိုးသစ် တစ်မျိုးမျိုးကို သီးသန့်ခွဲထုတ်ဖို့ လုပ်နေတာနဲ့ တစ်ထေရာတည်းပဲ။
“ရေချိုးကန် အခြေအနေ အဆင်ပြေလားခင်ဗျ?” မျောက်က ကျနော့်ကို မေးတယ်။
“တကယ် အဆင်ပြေတယ်၊ ကျေးဇူးပါ၊” ကျနော် ပြောလိုက်တယ်။ ကျနော့်အသံက ရေစီးထဲမှာ သိပ်သည်းညင်သာ ပဲ့တင်ပြန်လို့ရယ်။ အသံက ဒဏ္ဍာရီဆန်နေသလိုလို၊ ကျနော့်ပင်ကိုယ်အသံနဲ့ မတူဘဲ အတိတ်က ပဲ့တင်သံ တစ်သံ တောအုပ် နက်နက်ထဲကနေ ပြန်ကန်ထွက်လာတာနဲ့ ပိုတူနေတယ်။ ပြီး အဲဒီပဲ့တင်သံကလည်း...၊ ဒါနဲ့ နေပါဦး၊ မျောက်တစ်ကောင်က ဒီမှာ ဘာလာလုပ်တာတဲ့တုံး? ပြီးတော့ ဘယ့်နှယ်လုပ် သူက ကျနော်သုံးတဲ့ ဘာသာစကား ပြောနေရတာတုံး?
“ခင်ဗျားကျောကုန်းကို ရေပတ်တွန်းပေးရမလားခင်ဗျ?” မျောက်က မေးလာတယ်၊ ခုထိ လေသံက ခပ်နိမ့်နိမ့်။ ဒူးဝပ်အဖွဲ့တစ်ဖွဲ့က ဘယ်သံဩဩအဆိုရှင်တစ်ယောက်လို သူ့မှာ ရှင်းပြီး ညှို့ဓာတ်ပါတဲ့ အသံမျိုးပဲ။ ခင်ဗျား ထင်ထားတာတွေနဲ့ ဘာဆို ဘာမှ မဆိုင်ဘူးရယ်။ တကယ် သူ့အသံမှာ တစ်မျိုးတစ်မည် ဖြစ်နေတာရယ် ဘာမှ မရှိဘူး၊ ခင်ဗျားအနေနဲ့ မျက်စိ မှိတ်ပြီး နားချည့်သက်သက် ထောင်ကြည့်မယ်ဆို သာမန်လူတစ်ယောက် စကားပြောနေတယ်ပဲ ထင်မှာ။
“ဟုတ်၊ ကျေးဇူးပါ၊” ကျနော် ပြန်ပြောလိုက်တယ်။ ကျနော်က ကျနော့်ကျောကို တစ်ယောက်ယောက် ရေပတ်လာတွန်းပေးစေတော့ရယ် ထိုင်မျှော်နေတာမျိုး မဟုတ်ဘူး၊ ဒါပေမဲ့ ကျနော့်ဘက်က ငြင်းလိုက်ရင် မျောက်တစ်ကောင် ရေပတ်တွန်းပေးမှာကို သဘောမတွေ့လို့လို့ သူ ထင်သွားမှာ စိုးတာကြောင့်ပဲ။ သူ့ဘက်က ဖော်ဖော်ရွေရွေ ဖိတ်မန္တက ပြုလာတာမှန်း ကျနော် သတ္တု ချမိတယ်၊ ပြီးတော့ သူ့အတွက် နာနာကျင်ကျင် ခံစားသွားမှာမျိုးလည်း တကယ် မလိုလားဘူး။ ဒါနဲ့ ကျနော်လည်း ရေဇလားထဲက အသာ ထပြီး သစ်သားစင်္ကြံ သေးသေးလေးပေါ် ငုတ်တုပ် ထိုင်လိုက်တယ်၊ ကျနော့်ကျောကုန်းက မျောက်ရှိတဲ့ဘက် လှည့်လို့။
မျောက်မှာ ဘာအဝတ်အစားမှ ဝတ်စားမထားဘူး။ အင်းလေ၊ မျောက်တစ်ကောင်အတွက် ဒါက ပုံမှန် ဖြစ်ရိုးဖြစ်စဥ်ပဲဟာ၊ ဆိုတော့ ဒီအတွက်တော့ ကျနော့်မှာ အထူးအဆန်းရယ် ဖြစ်မနေတော့ဘူး။ သူ့ပုံက အသက် အတော်လေး ကြီးတဲ့ပုံစံ၊ အမွေးတွေမှာ ဖြူတဲ့နေရာတွေ မနည်းမနောပဲ။ မျောက်က တံဘက်သေးသေး တစ်ထည် ယူလာတယ်၊ တံဘက်ပေါ် ဆပ်ပြာလူး၊ ပြီးတော့ ကျင့်သားရနေတဲ့ သူ့လက်တစ်ဘက်နဲ့ ကျနော့်ကျောကုန်းကို ကောင်းကောင်း တွန်းပေးနေတော့ရဲ့။
“ဒီရက်ပိုင်းတွေ အတော်အေးလာပြီ၊ နော်?” မျောက်က ကောက်ချက်ချတယ်။
“ဟုတ်ပါ့၊ အေးလာပြီ။”
“သိပ်မကြာခင် ဒီနေရာတစ်ဝိုက် နှင်းတွေ ဖုံးသွားတော့မှာ။ ပြီးရင် လူတွေ အမိုးတွေပေါ်ကနေ နှင်းတွေ ကော်ထုတ်ကြရတော့မှာ၊ အတော်တော့ မလွတ်တဲ့အလုပ်၊ မယုံ မရှိနဲ့။”
အဲဒီမှာ ခဏ တိတ်သွားတယ်၊ ပြီးတော့ ကျနော် ကြားဖြတ်ဝင်လိုက်တယ်။ “ဒါနဲ့ ခင်ဗျားက လူစကား ပြောတတ်တယ်ပေါ့?”
“အဟုတ် ကျုပ် ပြောတတ်ပါတယ်၊” မျောက်က ခပ်သွက်သွက် ပြန်ဖြေတယ်။ ဒီမေးခွန်းက သူ့ကို အတော်များများ အမေးခံရနေကျပုံ။ “ချာတိတ်ပိစိဘဝတည်းက လူတွေ ကျုပ်ကို မွေးစားခဲ့တာ၊ ပြီး ကျုပ် ဘာမှန်း မသိခင်မှာတင် စကားတတ်နေခဲ့တာပေါ့။ တိုကျိုမှာ အတော်ကြာကြာ နေခဲ့ဖူးတယ်၊ ရှီနာဂါဝါမှာလေ။”
“ရှီနာဂါဝါ ဘယ်အပိုင်းမှာလဲဗျ?”
“ဂိုတင်ယာမားတစ်ဝိုက်မှာပါ။”
“အတော်သာယာတဲ့ဝန်းကျင်ပဲ။”
“ဟုတ်ပါ့၊ ခင်ဗျား သိတဲ့အတိုင်းပဲ၊ အဲဒီတစ်ဝိုက်က နေဖို့ထိုင်ဖို့ အတော်လေး သာယာတဲ့ဒေသလေ။ အနီးနားတင် ဂိုတင်ယာမားဥယျာဥ်လည်း ရှိတယ်။ ကျုပ်တော့ အဲဒီက သဘာဝရှုခင်းတွေကို သိပ်သဘောကျတာပဲ။”
ဒီနေရာအရောက် ကျနော်တို့ အပြန်အလှန်ပြောဆိုနေတာတွေ ခဏ ရပ်သွားတယ်။ မျောက်က ကျနော့်ကျောကုန်းကို ကျကျနန ဆက်တွန်းပေးနေတုန်း (အတွန်းခံရ အတော်ဇိမ်ကျချက်)။ တစ်ချိန်တည်းမှာ ကျနော် ကြုံနေသမျှ ပဟေဠိတွေကို ယုတ္တိယုတ္တာနဲ့ အဖြေညှိနေမိတယ်။ ရှီနာဂါဝါမှာ ကြီးပြင်းတဲ့ မျောက်? ဂိုတင်ယာမား ဥယျာဥ်? ပြီးတော့ လည်လည်ပတ်ပတ် စကားပြောတတ်သတဲ့? ဒါတွေက ဘယ့်နှယ်လုပ် ဖြစ်နိုင်သတဲ့တုံး? ဒီကောင်က တကယ် ဘုရားစူး၊ မျောက်မှမျောက်။ မျောက်တစ်ကောင်သက်သက်၊ ဒီထက် မပိုဘူး။
“ကျနော်က မီနာတိုကုမှာ နေတယ်၊” ကျနော် ပြောလိုက်တယ်၊ အမှန်တကယ် ဘာဓိပ္ပာယ်မှ မရေရာတဲ့ ဖော်ပြချက်မျိုး။
“ဒါဆို ကျုပ်တို့က အိမ်နီးနားချင်းနှင်နှင်တွေပေါ့၊” မျောက်က တခင်တမင်လေသံနဲ့ ပြောတယ်။
“ရှီနာဂါဝါမှာ ခင်ဗျားကို မွေးစားခဲ့တဲ့သူက ဘယ်လိုလူမျိုးလဲ?” ကျနော် မေးလိုက်တယ်။
“ကျနော့်သခင်က ကောလိပ်ပါမောက္ခ တစ်ယောက်ပါ၊ ရူပဗေဒ အထူးပြုလေ၊ တိုကျိုဂါကုဂေး တက္ကသိုလ်မှာ အဓိပတိ လုပ်ခဲ့တဲ့သူ။”
“ဒါဆို တကယ့်ပညာတတ် တစ်ယောက်ပဲပေါ့။”
“ဟုတ်ပါတယ်။ သူက ကျန်တာတွေထက် ဂီတကို အမြတ်နိုးဆုံးလေ။ အထူးသဖြင့် ဘရွတ်ကနာနဲ့ ရစ်ချာ့ဒ် စထရောက်စ်တို့ရဲ့ ဂီတတွေပေါ့။ အဲဒီကျေးဇူးနဲ့ ကျုပ်ကိုယ်တိုင်ပါ ဒီဂီတအပေါ် နှစ်ခြိုက်စိတ်တွေ တိုးလာခဲ့တာပဲ။ ကျုပ်လည်း တစ်ချိန်လုံး ကြားလာခဲ့ရတာကိုး။ ဂီတကို ဂီတမှန်း မသိခင်ကတည်းက ဂီတနဲ့ ပတ်သက်ရာ အသိတွေ ဝင်သွားတယ်၊ ပြောချင် ပြောလို့ ရတာပေါ့။”
“ခင်ဗျားက ဘရွတ်ကနာကို သဘောကျတာပေါ့လေ?”
“ဟုတ်၊ သူ့ရဲ့ သတ္တမ မဟာတေးသွားလေ။ အဲဒီတေးသွားထဲက အထူးသဖြင့် တတိယဂီတပိုဒ်ကိုတော့ စိတ်အားဖြည့် ဂီတရယ်၊ ကျုပ် အမြဲ ခံစားရမိတယ်။”
“ကျနော်ကတော့ သူ့နဝမမဟာတေးသွားကို မကြာမကြာ နားထောင်နေကျပဲ၊” ကျနော် ဝင်ပြောလိုက်တယ်။ ဒီတစ်ခါလည်း ဘာအဓိပ္ပာယ်ရယ် ရေရေရာရာ မရှိလှတဲ့ ဖော်ပြချက်ပဲ။
“ဟုတ်ပါ့၊ နဝမ မဟာတေးသွားလည်း တကယ်ပဲ လှပတဲ့ ဂီတပါ၊” မျောက်က ပြောတယ်။
“ဒီတော့ အဲဒီပါမောက္ခက ခင်ဗျားကို စကားသင်ပေးလိုက်တာပေါ့?”
“ဟုတ်ပါတယ်။ သူ့မှာက ကလေးတစ်ယောက်မှ မရှိဘူးလေ၊ ဒါနဲ့ အဲဒီကွက်လပ်ကို အစားဖြည့်တဲ့သဘော ထင်ပါရဲ့၊ သူ အချိန်ရတဲ့အခါတိုင်း ကျုပ်ကို အတော်လေး ကြပ်ကြပ်မတ်မတ် သင်ပြပေးခဲ့တာပဲ။ ဒီလူက စိတ် အတော်ရှည်ပြီး စည်းစနစ်နဲ့ ပုံမှန်အလေ့ကို အထူးပဲ တန်ဖိုးထားတဲ့သူ။ ဘယ်အရာကိုမဆို လေးလေးနက်နက် လုပ်တတ်တဲ့ လူစားမျိုးပေါ့၊ သူအနှစ်သက်ဆုံး အဆိုအမိန့် တစ်ခုက တိကျမှန်ကန်တဲ့အချက်တွေကို ထပ်ခါထပ်ခါ လုပ်ယူတာဟာ ဉာဏ်ပညာဆီ သွားရာလမ်း အစစ်ပဲတဲ့။ သူ့ဇနီးကလည်း ရိုးရိုးအေးအေးနဲ့ သဘောကောင်းပါ၊ ကျုပ်အပေါ် အမြဲ ကြင်ကြင်နာနာ ရှိတယ်။ သူတို့ချင်းလည်း အတော်လေး တည့်တည့်ရှုရှုပဲ။ အင်း၊ ကျုပ်အနေနဲ့ ဘေးလူတစ်ယောက်ရှေ့ ဒီကိစ္စ ပြောရမှာ ရွံတော့ ခပ်ရွံ့ရွံ့၊ ဒါပေမဲ့ တကယ် မယုံမရှိနဲ့၊ သူတို့နှစ်ယောက်ရဲ့ ညဘက် အလှုပ်အရှားတွေကတော့ တကယ် စိတ်တက်တကြွတွေရယ်။”
“တကယ်ကြီးပဲဗျာ၊” ကျနော် ပြောလိုက်တယ်။
နောက်ဆုံးမှာ မျောက် ကျနော့်ကျောကို ရေပတ်တွန်းတာ ပြီးသွားတယ်။ “စိတ်ရှည်ပေးတာ ကျေးဇူးပါ၊” သူက ပြောတယ်၊ ပြီးတော့ ခေါင်းငုံ့ အရိုအသေ ပေးတယ်။
“ခင်ဗျားကိုလည်း ကျေးဇူးတင်တယ်ဗျာ၊” ကျနော် ပြောတယ်၊ “တကယ် အတွန်းခံလို့ ကောင်းချက်ပဲ။ ဒါနဲ့ ခင်ဗျားက ဒီအင်းမှာ အလုပ် လုပ်တာလား?”
“ဟုတ်ပါတယ်၊ သူတို့က ကျုပ်ကို ဒီမှာ အလုပ်ပေးလုပ်ထားတဲ့အထိ စာနာကြတယ်။ ဒီထက် ပိုကြီးပြီး ပိုအဆင့်မြင့်တဲ့ အင်းတွေသာဆို မျောက်တစ်ကောင်ကို ဘယ်တော့မှ အလုပ်ခေါ်ခန့်မှာ မဟုတ်ဘူးလေ၊ ဒါပေမဲ့ ဒီအင်းမှာတော့ လူအင်အား မလုံမလောက်က အမြဲလို ဖြစ်နေကျ၊ ဒီတော့ ခင်ဗျားကိုယ်ခင်ဗျား အသုံးတည့် နေသရွေ့၊ မျောက်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် သူတို့ ဂရုစိုက် မနေဘူး။ မျောက်တစ်ကောင်အတွက် လုပ်အားခကတော့ အနည်းတကာ့ အနည်းဆုံးပေါ့လေ၊ ပြီးတော့ ကျုပ်ကို လူမြင်ကွင်းကနေ လွတ်လွတ်ကျွတ်ကျွတ် နေရာတွေမှာပဲ ပေးလုပ်ခိုင်းတယ်။ ရေချိုးကန်ကို ပင်ကိုယ်လို ပြန်ဖြစ်အောင် ပြင်တာတို့၊ သန့်ရှင်းရေးတို့လို ဟာမျိုးတွေပေါ့။ မျောက်တစ်ကောင်ကနေပြီး လဘက်ရည်တို့ ဘာတို့ သွားတည်ကြည့်ပါလား၊ ဧည့်သည် အတော်များများ လန့်ဖြတ်ကုန်မှာလေ။ မီးဖိုချောင်ထဲ ဝင်လုပ်ဖို့ဆိုတာကတော့လည်း ပြောစရာ မလိုတော့ဘူး၊ အစားအသောက်-သန့်ရှင်းရေး ဥပဒေအရ ကျုပ်မှာ ပြဿနာတွေ လာငြိမှာလေ။”
“ဒီမှာ အလုပ်လုပ်နေတာကော အတော်ကြာပြီလား?” ကျနော် မေးလိုက်တယ်။
“သုံးနှစ်လောက် ရှိပြီ။”
“ဘာပဲဖြစ်ဖြစ်၊ ဒီမှာ အခြေမကျခင်ကတော့ ခင်ဗျားလည်း အခြေအနေမျိုးစုံ ဖြတ်သန်းခဲ့ရမှာပဲနော်?”
မျောက်က ခေါင်းသွက်သွက် ညိတ်တယ်။ “တကယ် အမှန်ပဲ။”
ကျနော်လည်း ပထမတော့ ချီတုံချတုံပဲ၊ ဒါပေမဲ့ နောက်တော့ သူ့ကို ထုတ်မေးလိုက်တယ်၊ “အပန်းမကြီးဘူးဆိုရင် ခင်ဗျားရဲ့ နောက်ခံအကြောင်းလေး ဒီထက်ပို ပြောပြပါလားဗျာ?”
မျောက်က ကျနော့်အဆိုကို စဥ်းစားပေးတယ်၊ ပြီးတဲ့နောက် ပြောလာတယ်၊ “ရပါတယ်၊ အပန်း မကြီးပါဘူး။ ခင်ဗျား ထင်သလောက် စိတ်ဝင်စားစရာတော့ ကောင်းချင်မှ ကောင်းမှာ။ ဘာပဲဖြစ်ဖြစ်ပါ၊ ဆယ်နာရီမှာ ကျုပ်က အလုပ် သိမ်းတယ်၊ အဲဒါပြီးရင်တော့ ခင်ဗျားအခန်းနား လာလို့ ရသားပဲ၊ အဲဒီလိုဆို အဆင်ပြေမလား?”
“လုံးဝ ပြေတယ်၊” ကျနော် ပြန်ဖြေလိုက်တယ်၊ “ခင်ဗျား လာတဲ့အချိန် ဘီယာ နည်းနည်းလောက် ယူလာခဲ့ရင် အတော်လေး ကျေးဇူးတင်မိမှာ။”
“သဘောပေါက်ပြီ၊ ဘီယာအေးအေးလေးပေါ့၊ စပ္ပေါရိုဘီယာဆို အဆင်ပြေလား?”
“ပြေတယ်၊ ဒါနဲ့ ခင်ဗျားကော ဘီယာ သောက်တတ်လား?”
“ဟုတ်၊ အနည်းအပါးလောက်ပေါ့။”
“ဒါဆို တဆိတ်လောက် ပုလင်းကြီး နှစ်လုံး ယူလာခဲ့ဗျာ။”
“ရပါတယ်၊ ကျုပ် နားလည်တာ မမှားဘူးဆိုရင် ခင်ဗျားတည်းနေတာ ဒုတိယထပ်က အရိုက်ဆို ခန်းကျယ်မှာ ဟုတ်?”
“မှန်တယ်၊” ကျနော် ပြောလိုက်တယ်။
“ဒါနဲ့ နည်းနည်းလေး ဆန်းသလို မခံစားရဘူးလားခင်ဗျာ့?” မျောက်က ပြောတယ်၊ “တောင်တွေကြားထဲက အင်းတစ်လုံးမှာ အခန်းတစ်ခန်းကို အရိုက်ဆို- ‘ကျောက်ဆောင်ကမ်းစပ်’ဆိုပြီး နာမည် မှည့်ထားလို့လေ။” သူက ပြောရင်း တခွီခွီ ရယ်တယ်။ ကျနော့်ဘဝမှာ မျောက်တစ်ကောင် ရယ်တာ တစ်ခါမှ မကြားဖူးဘူး။ ဘာပဲဖြစ်ဖြစ်၊ မျောက်တွေဟာ ရယ်တော့ ရယ်ကြမယ်၊ ကျနော် ထင်တယ်၊ တစ်ခါတလေ ငိုတောင် ငိုတတ်ကြမှာပဲ။ ဒီမျောက်က စကားတွေတောင် ပြောနေသေးတာ၊ ရယ်တာကိုကျမှ ထူးပြီး တအံ့တဩ လုပ်နေဖို့ မသင့်ဘူးလေ။
“စကားမစပ်၊ ခင်ဗျားမှာ နာမည် ရှိလားဗျ?” ကျနော် မေးလိုက်တယ်။
“ဟင့်အင်း၊ နာမည်ရယ်တော့ မရှိဘူး၊ ဒါပေမဲ့ လူတိုင်း ကျနော့်ကို ရှီနာဂါဝါမျောက် ခေါ်ကြတယ်”။
မျောက်က မှန်တံခါးကို တွန်းလှပ်တယ်၊ နောက်ပြန်လှည့် ယဥ်ယဥ်ကျေးကျေး အရိုအသေ ပေးပြီး နောက်တော့ တံခါးကို အသာအယာ ပြန်ပိတ်သွားတယ်။
အရိုက်ဆိုအခန်းထဲ မျောက် ဝင်လာတဲ့အချိန် ဆယ်နာရီကို နည်းနည်း ကျော်နေပြီ။ သူက ဘီယာပုလင်းကြီး နှစ်လုံးကို လင်ဗန်း တစ်ချပ်ပေါ် တင် သယ်လာတယ်။ လင်ဗန်းပေါ်မှာ ဘီယာအပြင် ပုလင်းဖောက်တံနဲ့၊ ဖန်ခွက် နှစ်လုံးရယ်၊ အမြည်းတချို့ရယ် ပါလာတယ်၊ ပြည်ကြီးငါး အခြောက်နှပ်နဲ့ ကာကီပီခေါ်တဲ့ မြေပဲဆန်ဖြူး ဆန်မုန့်ခြောက်ထုပ်။ ဘားတွေမှာ တည်နေကျ အမြည်းတွေပဲ။ အတော်လေး ဂရုစိုက်ဖော်ရတဲ့ မျောက်။
ခုတစ်ခါတော့ မျောက်က အဝတ်နဲ့အစားနဲ့။ ချွေးခံဘောင်းဘီ မှိုင်းမှိုင်းရယ်၊ အပေါ်မှာ I♥NYစာတန်း ရိုက်ထားတဲ့ လက်ရှည်ရှပ်အင်္ကျီရယ် ဝတ်ထားတယ်၊ ကလေးတွေဆီက တစ်ဆင့်ရထားတဲ့ အဝတ်အစားတွေ နေမှာပဲ။
အခန်းထဲမှာ စားပွဲခုံ မရှိဘူး။ ဒါနဲ့ ကျနော်တို့လည်း ကြမ်းခင်းဖုံ ပါးပါးတွေပေါ် ဘေးချင်းယှဥ်၊ နံရံဘက်မှီ ထိုင်လိုက်ကြတယ်။ မျောက်က ဖောက်တံနဲ့ ပုလင်းတစ်လုံး အဖုံးကို ကလော်ထုတ်၊ ပြီးတော့ ဖန်ခွက် နှစ်လုံးထဲ ငှဲ့တယ်။ နှစ်ယောက်သား ခွက်တွေ အပေါ် မြှောက်ရင်း ခွက်ချင်း အသာအယာ ဆတ်လိုက်ကြတယ်။
“ဘီယာတိုက်တဲ့အတွက် ကျေးဇူးပါ၊” မျောက်က ပြောတယ်၊ ပြီး ရွှင်ရွှင်ပြပြနဲ့ ဘီယာအေးအေးကို တစ်ကျိုက် ကျိုက်တယ်။ ကျနော်လည်း နည်းနည်း သောက်လိုက်တယ်။ ရိုးရိုးသားသား ပြောရရင်တော့ မျောက် တစ်ကောင်နဲ့ ဘေးချင်း ယှဥ်ထိုင်ပြီး ဘီယာအတူ သောက်ရတာ အူကြောင်ကြောင် နိုင်သလိုတော့ ခံစားရမိသား။ ဒါပေမဲ့ ခဏနေ ကျင့်သားရသွားမှာပဲ တွေးမိတယ်။
“အလုပ်အပြီး ဘီယာလေး တစ်ခွက် သောက်ရတာ တကယ် မဆိုးဘူးပဲ၊” မျောက်က အမွေးထူထူ သူ့လက်ခုံနဲ့ ပါးစပ်ကို သုတ်ရင်း ပြောတယ်။ “ဒါပေမဲ့ မျောက်တစ်ကောင်အတွက် ခုလိုမျိုး ဘီယာတစ်ခွက် သောက်ရတဲ့ အခါအခွင့်က ရှားရှားပါးပါးပဲ၊ မေ့မှတစ်ခါ လျှော့မှတစ်ခါလောက်လေ။”
“ခင်ဗျားက ဒီအင်းမှာပဲ နေတာပေါ့?”
“ဟုတ်၊ အခန်းတစ်ခန်း ရှိတယ်၊ ထပ်ခိုးလိုဟာမျိုးပဲ၊ အဲဒီမှာ ကျုပ်ကို ပေးအိပ်တယ်။ ရံဖန်ရံခါ ကြွက်တွေ လာတတ်တယ်၊ ဆိုတော့ အေးအေးဆေးဆေး နားဖို့တော့ မလွယ်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ်လေ၊ ကျုပ်က မျောက် တစ်ကောင်ပဲဟာ၊ ဆိုတော့ ကျောချစရာ အိပ်ရာလေးရယ်၊ တစ်နေ့ အစာအာဟာရ သုံးနပ်ရယ် ရနေတာကိုပဲ ကျေးဇူးတင်ရမယ်။ နတ်ဘုံနတ်နန်းလိုဘာလိုမျိုးတော့ ဘယ်ဟုတ်ပါ့မလဲလေ။”
မျောက်မှာ ပထမတစ်ခွက် ကုန်သွားပြီ၊ ဒါနဲ့ ကျနော် သူ့ကို နောက်တစ်ခွက် ငှဲ့ပေးလိုက်တယ်။
“အထူးပဲ ကျေးဇူးပါ၊” သူက တယဥ်တကျေး ပြောတယ်။
“ခင်ဗျားက လူတွေနဲ့တင် မဟုတ်ဘဲ ခင်ဗျားနဲ့ မျိုးတူသူတွေနဲ့ရော အတူနေဖူးလားဗျ? ကျနော် ပြောချင်တာ တခြားမျောက်တွေနဲ့ပေါ့?” ကျနော် မေးလိုက်တယ်။ သူ့ကို မေးချင်နေတာတွေက များမှများ။
“ဟုတ်၊ အကြိမ်ကြိမ် နေခဲ့ဖူးတယ်၊” မျောက်က ပြန်ဖြေတယ်၊ သူ့မျက်နှာ အမှောင်ရောင် နည်းနည်း သန်းသွားတယ်။ သူ့မျက်လုံးတွေနံဘေး မျက်ကြောတွေမှာ ချိုင့်နက်နက်တွေ ထင်လို့။ “အကြောင်း အမျိုးမျိုးကြောင့် ကျုပ်မှာ ရှီနာဂါဝါကနေ အတင်းအကြပ် မောင်းထုတ်ခံရ၊ ပြီးတော့ တောင်ပိုင်းအကြေအရပ်က မျောက်ဥယျာဥ်နဲ့ နာမည်ကြီးတဲ့ တာကာစာကီယာမားမှာ လာလွှတ်တာ ခံရတယ်။ ရောက်စကတော့ အဲဒီမှာ အေးအေးချမ်းချမ်း နေလို့ ရမယ်၊ တွေးခဲ့မိတာပဲ၊ ဒါပေမဲ့ အခြေအနေတွေက ထင်ထားသလို ဖြစ်မလာခဲ့ဘူး။ ကျုပ်ကို တစ်မျိုးတော့ မထင်ပါနဲ့၊ တခြားမျောက်တွေဆိုတာလည်း ကျုပ်ရဲ့ နှစ်လိုဖွယ်ရာ ရဲဘော်ရဲဘက်တွေပါပဲ၊ ဒါပေမဲ့ အဲဒီမျောက်တွေရှေ့ ကျုပ်လို လူနေအိမ်ဝန်း တစ်ခုမှာ ပါမောက္ခ လင်မယားနဲ့ ကြီးပြင်းလာခဲ့သူအနေနဲ့ ကျုပ်ခံစားချက်တွေကို ဖွင့်ဖော်လို့မရ ဖြစ်ခဲ့တာပဲ။ ကျုပ်တို့ကြား တူတာတွေ အင်မတန် နည်းပြီး အပြန်အလှန် ဆက်သွယ်ရ ခက်နေကြတယ်။ ‘မင်းပြောတာတွေက ရယ်စရာကြီး၊’ သူတို့က ပြောတယ်၊ ပြီးတော့ ကျုပ်ကို လှောင်သလို ပြောင်သလို လုပ်၊ အနိုင် ကျင့်ကြတယ်။ မျောက်မတွေကလည်း ကျုပ်ကို ကြည့်ပြီး ဟေးလေးဝါးလားနဲ့။ မျောက်တွေဟာ အသေးအမွှား ခြားနားမှုလေးတွေအပေါ်မှာတောင် မတရား အကဲဆတ်ကြတယ်လေ။ ကျုပ် ပြုမူတဲ့ ပုံစံတွေက သူတို့အပေါ် နောက်သလို ပြောင်သလိုတွေ ဖြစ်၊ သူတို့အတွက် စိတ်အနှောက်အယှက် ဖြစ်စေရုံတင်မက တစ်ခါတစ်ခါ မခံချိမခံသာ ဖြစ်အောင်ပါ လုပ်နေတာပဲ။ ကျုပ်မှာ အဲဒီမှာ ဆက်နေဖို့က ကြာလေ မလွယ်လေ ဖြစ်လာတယ်၊ ဒါနဲ့တင် နောက်ဆုံးတော့ တစ်ကောင်တည်း ခွဲထွက်လာခဲ့တာပဲ။ တစ်နည်း ပြောရရင်တော့ သင်းကွဲမျောက် တစ်ကောင် ဖြစ်လာခဲ့တာပေါ့။”
“ခင်ဗျားမှာ အတော်တော့ အထီးကျန်ခဲ့ရမှာပဲနော်။”
“တကယ် အထီးကျန်တယ်။ ကျုပ်ကို ဘယ်သူမှ ကာကွယ်ပေးဖော် မရဘူး၊ ပြီး အစာရေစာအတွက်လည်း ကျုပ်ဘာသာ ဖြစ်သလို နည်းမျိုးစုံနဲ့ ရုန်းကန် အသက်ဆက်ခဲ့ရတယ်။ ဒါတွေထက် ဆိုးတာ တစ်ခုကတော့ ကျုပ်မှာ ပြောဆိုဆက်ဆံစရာလူ တစ်ယောက်မှ မရှိတာပဲ။ မျောက်သော၊ လူသော ဘယ်သူနဲ့မှ စကားပြောခွင့် မသာဘူး။ ဒီလိုအထီးကျန်မှုက စိတ်ချုံးချုံးကျချင်စရာ ကောင်းရဲ့လေ။ တာကာစာကီယာမားဥယျာဥ်မှာ အလည်အပတ်လာတဲ့ လူတွေမှ ပြည့်လို့ပါပဲ၊ ဒါပေမဲ့ တွေ့ရာလူတိုင်းကို ကျုပ်က ထွေရာလေးပါး သွားပြောဖို့က မဖြစ်နိုင်ဘူးလေ။ အဲဒီလို လုပ်ကြည့်ပါလား၊ ပေးဆပ်ရမှာက ငရဲတမျှနေမှာ။ အဆုံးသတ်မှာတော့ ကျုပ်မှာ ဟိုမကျ ဒီမကျ ဆိုသလို၊ လူမှုအသိုင်းအဝိုင်းထဲလည်း မဝင်ဆန့်၊ မျောက်လောကမှာလည်း အကျုံးမဝင်ဘဝနဲ့ နိဂုံးချုပ်ခဲ့တော့တာပဲ။ တကယ့်ကို အရူးမီးဝိုင်း ဘဝမျိုးပါ။”
“ပြီးရင် ဘရွတ်ကနာလည်း နားဆင်စရာ မရှိတော့ဘူးပေါ့။”
“မှန်တယ်၊ ခုချိန်မှာ ဂီတနားဆင်မှုက ကျုပ်ဘဝ တစ်စိတ်တစ်ပိုင်း မဟုတ်တော့ဘူး၊” ရှီနာဂါဝါမျောက်က ပြောတယ်၊ ပြီးတော့ သူ ဘီယာနည်းနည်း ထပ်သောက်တယ်။ ကျနော် သူ့မျက်နှာကို အကဲခတ်ကြည့်တယ်၊ ဒါပေမဲ့ မျက်နှာက နဂိုတည်းက ရဲနေတော့ သူ့မျက်နှာ ပိုရဲလာမလာ၊ မခန့်မှန်းတတ်ဘူး။ နောက်ဆုံး သတ္တုချမိတာတော့ ဒီမျောက်ဟာ အရက်သေစာဒဏ် ခံနိုင်ရည် ရှိနေတာ ဟုတ်ရင်လည်း ဟုတ်၊ မဟုတ်ရင်လည်း မျောက်တွေနဲ့ ပတ်သက်လာရင် သူတို့မျက်နှာကြည့်ပြီး မူးပြီမမူးဘူး ပြောလို့ရမယ် မထင်ဘူးလို့။
“ကျုပ်ကို ဒုက္ခအကြီးအကျယ် ထပ်ပေးခဲ့တာ တစ်ခုက အမတွေနဲ့ ဆက်ဆံရေးတွေပဲ။”
“သြော၊” ကျနော် ပြောလိုက်တယ်၊ “အမတွေနဲ့ ‘ဆက်ဆံရေးတွေ’ ဆိုတာက...?”
“တိုတိုပြောရရင် ကျုပ်မှာ မျောက်အမတွေအပေါ် လိင်အာသာရယ် တစ်စက်ကလေး မဖြစ်မိဘူး။ မျောက်မတွေနဲ့ အတူနေဖို့ အခွင့်အရေး အများကြီး ကြုံတယ်၊ ဒါပေမဲ့ အဲလိုစိတ်မျိုး တစ်ခါမှ မခံစားရဘူး။”
“ဆိုတော့ကာ ခင်ဗျားကိုယ်တိုင်က မျောက်ဖြစ်နေပေမဲ့လို့ မျောက်အမတွေကနေ ခင်ဗျားကို စိတ်လာအောင်တော့ မလုပ်နိုင်ဘူးပေါ့?”
“ဟုတ်တယ်၊ အဲဒါ အမှန်ပဲ။ မျက်နှာပူစရာတော့ ခပ်ကောင်းကောင်း၊ ဒါပေမဲ့ ရိုးရိုးသားသား ပြောရကြေးဆို ကျုပ်က လူအမတွေကိုပဲ ချစ်လို့ ရတာ။”
ကျနော် နှုတ်ဆိတ်ရင်းက ကျနော့်ဘီယာခွက်ကို အပြောင်မော့လိုက်တယ်။ မုန့်ကြွပ်အိတ်ကို ဖောက်၊ ပြီးတော့ လက်တစ်ဆုပ်စာ နှိုက်ယူလိုက်တယ်။ “အဲဒီကနေ ပြဿနာအကြီးအကျယ် တက်တော့မှာ၊ ကျနော် ခန့်မှန်းမိတယ်။”
“ဟုတ်တယ်၊ တကယ့်ပြဿနာတွေ တက်လာတာ အမှန်ပဲ။ တကယ်စင်စစ်တော့ ကျုပ်က မျောက်ဟာ မျောက်ပဲလေ၊ လူမိန်းမတစ်ယောက်ဆီကနေ ကျုပ်အာသာကို ဖြည့်ဆည်းပေးဖို့က ဘယ်လိုလုပ် မျှော်လင့်ရမှာလဲ။ ဒါ့အပြင် ဒါက မျိုးရိုးဗီဇအရပါ ဖီလာဆန့်ကျင် ဖြစ်နေတာလေ။”
ကျနော် သူ ဆက်ပြောအလာကို စောင့်နေလိုက်တယ်။ မျောက်က သူ့နားနောက်ကို ခပ်ကြမ်းကြမ်း ပွတ်တယ်၊ ပြီး နောက်ဆုံးတော့မှ ဆက်ပြောလာတယ်။
“ဒီတော့ ကျုပ်မှာ မပြည့်ဝတဲ့ ကျုပ်အာသာကျုပ် ရှင်းထုတ်ဖို့ရာ တခြားနည်းလမ်း ရှာရတော့တယ်။”
“တခြားနည်းလမ်းဆိုတာ ဘယ်လိုဟာကို ပြောတာလဲ?”
မျောက်က နက်နက်နောနော မျက်မှောင်ကုတ်တယ်။ ရဲနေတဲ့ သူ့မျက်နှာက အမှောင်ဘက် နည်းနည်း သန်းသွားတယ်။
“ခင်ဗျားတော့ ယုံပါ့မလား မသိ၊” မျောက်က ပြောတယ်။ “ကျုပ်ပြောရင် ခင်ဗျားတော့ ယုံမှာ မဟုတ်ဘူး၊ ပြောလိုရင်း။ ဒါပေမဲ့ ကွေ့ တစ်ကွေ့ အရောက်မှာတော့ ကျုပ် ကျုပ်သဘောကျတဲ့ မိန်းမတွေရဲ့ နာမည်တွေကို စပြီး ခိုးခဲ့တယ်။”
“နာမည်တွေကို ခိုးတယ်?”
“မှန်တယ်၊ ဘယ်လိုကြောင့်လဲတော့ မပြောတတ်ဘူး၊ ကျုပ်မှာ အဲဒီလို လုပ်ဖို့ မွေးကတည်းက ပါရမီထူး ပါလာပုံပဲ။ ကျုပ် အဲဒီလို လုပ်ချင်စိတ် ပေါ်လာတာနဲ့ တစ်ယောက်ယောက်ရဲ့ နာမည်ကို ခိုးပြီး ကျုပ်အပိုင် လုပ်လို့ ရနေတာပဲ။”
ဇဝေဇဝါအတွေးလှိုင်းတစ်ချက် ကျနော့်ဆီ ရိုက်လာတယ်။
“ကျနော်တော့ နားလည်မလည် မသေချာတော့ဘူး၊” ကျနော် ပြောတယ်။ “ခင်ဗျား ပြောသလို၊ ခင်ဗျားက လူတွေနာမည်တွေကို သွားခိုးတယ်ဆိုတော့ သူတို့မှာ နာမည်တွေ လုံးလုံး ပျောက်သွားမယ့် သဘောလား?”
“အဲလို မဟုတ်ဘူး၊ သူတို့နာမည်တွေ လုံးလုံး ပျောက်သွားတာမျိုး မဟုတ်ဘူး။ ကျုပ်က သူတို့နာမည် တစ်စိတ်တစ်ဒေသလောက်ပဲ ခိုးတာ၊ တစ်စိတ်တစ်ပိုင်းပေါ့။ ဒါပေမဲ့ အဲဒီတစ်စိတ်တစ်ပိုင်းကို ကျုပ် ယူလိုက်တာနဲ့ နာမည်ရဲ့ အရေးပါမှုက လျှော့သွားရော၊ နဂိုထက်ပို ပေါ့လျှော့သွားတာပေါ့။ ပြောရရင် နေလုံးကြီးရှေ့ တိမ်ရိပ်တွေ တက်လာတာနဲ့ မြေပေါ်ကျနေတဲ့ ခင်ဗျားအရိပ်က ပိုပြီး ဖျော့တော့သွားသလိုမျိုး။ ပြီးရင် လူပေါ် မူတည်လို့ တချို့က လျှော့သွားတာကို သတိတောင် မထားမိတတ်ကြဘူး။ သူတို့စိတ်ထဲ တစ်ခုခု မသိမသာ ဟာနေသလိုလိုလောက်ပဲ ခံစားရတယ်။”
“ဒါပေမဲ့ တချို့ကတော့ ဒါကို သိသိသာသာ သတိထားမိသွားကြတယ်၊ ဟုတ်?၊ သူတို့နာမည် တစ်စိတ်တစ်ဒေသ အခိုးခံထားရတာကိုလေ?”
“ဟုတ်၊ သိသွားကြတယ်။ တစ်ခါတစ်ခါ သူတို့နာမည်သူတို့ မေ့နေတာတွေ ဖြစ်ကုန်ကြတယ်။ အတော့်ကို ကသိကအောက်နဲ့ စိတ်အနှောက်အယှက် ဖြစ်ချင်စရာမှန်း ခင်ဗျားလည်း တွေးမိမှာပေါ့။ နောက် သူတို့နာမည်ဟာ ဘာအတွက်ဆိုတာတောင် မမှတ်မိတော့တာတွေ ကြုံရတယ်။ တချို့လူတွေမှာဆိုရင် သူတို့ကိုသူတို့ မည်သူမည်ဝါ မသဲကွဲတော့သလိုလိုတွေ ဖြစ်ကုန်ရော။ ပြီးရင် ဒီလို ဖြစ်ကြရတာ အားလုံးက ကျုပ်အပြစ်ပဲ၊ အဲဒီတစ်ယောက်ရဲ့ နာမည်ကို ကျုပ်က ခိုးခဲ့တာလေ။ ဒီအတွက်နဲ့ ကျုပ်မှာ စိတ်မကောင်းတွေ ဖြစ်ရတယ်။ တစ်ခါတလေ ကျုပ်ကိုကျုပ် အပြစ်တင်ရင်း လိပ်ပြာမလုံစိတ်ကြီး ကျုပ်အပေါ် တက်ဖိထားသလို ခံစားရမိတယ်။ ဒါတွေဟာ မကောင်းမှန်းတော့ အသိသားပါပဲ၊ ဒါပေမဲ့ ရပ်လို့ မရဘူး ဖြစ်နေတာ။ ကျုပ်လုပ်ရပ်တွေကို ကာဖို့ ဆင်ခြေဆင်လက် ပေးချင်တာတော့ မဟုတ်ဘူး၊ တကယ်က ကျုပ်ကိုယ်ထဲက ဒိုပမင်းဟိုမုန်းပမာဏက ကျုပ်ကို ဒါတွေ လုပ်ဖို့ ဖိအားပေးနေတာပဲ။ အသံတစ်သံကနေ ကျုပ်ကို ‘ဟေး၊ လုပ်လိုက်လေ၊ နာမည် သွားခိုးလိုက်၊ နာမည်ခိုးတာ ရာဇဝတ်မှုဘာညာတွေ မြောက်တာမှ မဟုတ်ပဲ’ ခိုင်းနေသလိုပဲ။”
ကျနော်လည်း လက်ပိုက်လိုက်ရင်းက မျောက်ကို အကဲခတ်နေတယ်။ ဒိုပမင်းတဲ့လား? နောက်ဆုံးတော့ ကျနော် ထုတ်ပြောမိတယ်။ “ဆိုတော့ ခင်ဗျား ခိုးခဲ့သမျှက ခင်ဗျား ချစ်နေတဲ့ (မဟုတ်လည်း) ခင်ဗျား လိင်အာသာ ဆန္ဒရှိနေတဲ့ မိန်းမတွေရဲ့ နာမည်တွေ။ ဒီအထိ ကျနော် နားလည်တာ မှန်လား?”
“အတိအကျပဲ။ ကျုပ်က တွေ့လေရာလူ နာမည်ကို လိုက်ခိုးနေတာမျိုး မဟုတ်ဘူး။”
“နာမည် ဘယ်နှစ်ခုလောက် ခိုးခဲ့ဖူးပြီလဲ?”
မျောက်က မျက်နှာထား တည်တည်နဲ့ သူ့လက်ချောင်းတွေမှာ ပေါင်းကြည့်နေတယ်။ သူ ရေနေတုန်း ပါးစပ်ကလည်း ပွစိပွစိ။ သူ မော့ကြည့်လာတယ်။ “စုစုပေါင်း ခုနှစ်ယောက်။ မိန်းမ ခုနှစ်ယောက်ရဲ့ နာမည်တွေ ကျုပ် ခိုးခဲ့တာပဲ။”
ဒါက များလွန်းသလား၊ သိပ်မများဘူးလား? ဘယ်သူ ပြောတတ်မှာလဲလေ?
“ဆိုတော့ ခင်ဗျားက ဘယ်လိုမျိုး လုပ်တာတဲ့တုံး?” ကျနော် မေးလိုက်တယ်။ “ပြောပြလို့ အပန်းမကြီးဘူး ဆိုရင်ပေါ့လေ?”
“များသောအားဖြင့်တော့ စိတ်စွမ်းအားနဲ့ လုပ်တာပဲ။ သမာဓိစွမ်းအင်၊ စိတ်တန်ခိုးစွမ်းအင်ပေါ့။ ဒါပေမဲ့ အဲဒါနဲ့တင်တော့ မလုံလောက်ဘူး။ အဲဒီတစ်ယောက်ရဲ့ နာမည် ရေးထားတဲ့ဟာ တစ်ခုခု လိုတယ်။ အိုင်ဒီပါတာဆိုရင် အဆင်ပြေဆုံးပဲ၊ ယာဥ်မောင်းလိုင်စင်၊ ကျောင်းသားအိုင်ဒီ၊ အာမခံကတ်ပြား၊ မဟုတ်လည်း နယ်ခြားကူး လက်မှတ်။ အဲဒီလိုဟာတွေပေါ့။ နာမည်စာတန်းပါကတ်ပြားဆိုလည်း ရတာပဲ။ ထားပါတော့၊ အဲဒီလို တကယ့်ပစ္စည်းပစ္စယ တစ်ခုခု ကျုပ်လက်ထဲ ရှိနေဖို့ လိုတယ်။ လုပ်နေကျအတိုင်းကတော့ အဲဒီပစ္စည်း သွားခိုးတဲ့တစ်နည်းပဲ ရှိတာပဲ။ ကျုပ်က လူတွေ အပြင်ထွက်ချိန် သူတို့အခန်းတွေထဲ ချောင်းတဲ့နေရာမှာ အတော်လေး ပိုင်တယ်။ သူတို့နာမည် ပါတဲ့ဟာ တစ်ခုခု ပတ်ချာလည် လှည့်ရှာ၊ တွေ့တာနဲ့ ယူလာလိုက်တာပဲ။”
“ဒီတော့ အဲဒီမိန်းမနာမည်ပါတဲ့ပစ္စည်းရယ်၊ ခင်ဗျားရဲ့ စိတ်စွမ်းအင်ရယ် ပေါင်းပြီး နာမည် ခိုးတာပေါ့?”
“အတိအကျပဲ။ အဲဒီမှာ ရေးထားတဲ့ နာမည်ကို ကသိုဏ်းရှုသလို ကြည့်ပြီး ကျုပ်စိတ်ထဲ ဖြစ်ပျက်နေတဲ့ စိတ်လှုပ်ရှားမှုတွေအပေါ် အာရုံ တစူးတစိုက် နှစ်ရင်းက ကျုပ်ချစ်တဲ့သူရဲ့ နာမည်ကို စုပ်ယူတာမျိုးပဲ။ အချိန်တော့ အတော် ယူရတယ်၊ ပြီးရင် ကိုယ်ရောစိတ်ပါ ပင်ပန်းရတယ်။ အဲဒီမှာ ကျုပ်အာရုံတွေ လုံးလုံး စူးနစ်သွားပြီဆိုတာနဲ့ တစ်နည်းနည်း အဲဒီမိန်းမရဲ့ တစ်စိတ်တစ်ဒေသဟာ ကျုပ်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်လာတော့တာပဲ။ ပြီးရင်တော့ ဒီမတိုင်ခင်အထိ ထွက်ပေါက်မရှိ ဖြစ်နေတဲ့ ကျုပ်ရဲ့ စုံမက်စိတ်တွေ၊ အာသာဆန္ဒတွေလည်း အေးအေးဆေးဆေး ပြည့်သွားရော။”
“ဆိုတော့ ကိုယ်ကာယချင်း ထိစပ်တာမျိုးတွေ ဘာမှ မပါဘူးပေါ့?”
မျောက်က ခေါင်းဆတ်ဆတ် ညိတ်တယ်။ “ကျုပ်ဟာ ဇာတ်နိမ့် မျောက်တစ်ကောင်မှန်း ကျုပ်ကိုကျုပ် သိပါတယ်၊ ဒါပေမဲ့ ကျုပ်ဟာ မတော်မလျှော်တာ ဘာတစ်ခုမှ မလုပ်ပါဘူး။ ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ရဲ့ နာမည်ကို ကိုယ့်တစ်စိတ်တစ်ဒေသ ဖြစ်အောင် လုပ်ရုံပါပဲ၊ ဒီလောက်နဲ့ပဲ ကျုပ်အတွက်က များလွန်းလှပြီ။ နည်းနည်း တဏှာရူးဆန်တာတော့ ကျုပ်လည်း သဘောတူပါတယ်၊ ဒါပေမဲ့ ဒါက လုံးဝ ဖြူစင်ပြီး ပလေတိုနစ်အချစ်ဆန်တဲ့ အပြုအမူပဲလေ။ ကျုပ်ရင်ထဲ ရောက်လာတဲ့ နာမည်အပေါ် ထားတဲ့ ကြီးမားတဲ့ ချစ်မေတ္တာစိတ်တွေ တိတ်တခိုး ပိုင်ဆိုင်သွားရုံသက်သက်ပဲ။ မြက်ခင်းစိမ်းပေါ် လေညှင်းပြေပြေလေးတစ်ချက် တိုးခတ်သွားသလိုလောက်ပဲလေ။”
“အင်း၊” ကျနော် အထင်တကြီး ပြောမိတယ်။ “သမုဒယချစ်ခြင်းရဲ့ အဆင့်အမြတ်ဆုံး ပြယုဂ်လို့တောင် ပြောလို့ရမယ် ထင်ပါတယ်။”
“သဘောတူတယ်။ ဒါပေမဲ့ ဒါက အထီးကျန်မှုရဲ့ အဆင့်အမြတ်ဆုံး ပြယုဂ်တစ်ခုလည်း ဖြစ်နေပြန်တယ်။ ဒင်္ဂါးပြားရဲ့ မျက်နှာပြင် နှစ်ဘက်လိုပေါ့။ အစွန်းနှစ်ဘက်ချင်း အတူ ပူးကပ်ပြီး ဘယ်တော့မှ ခွါထုတ်မရတော့ဘူး။”
ကျနော်တို့ ပြောဆိုနေတာတွေ ဒီနေရာမှာ တန့်သွားတယ်။ ပြီးတော့ မျောက်နဲ့ ကျနော် ကာကီပီရယ်၊ ပြည်ကြီးငါးခြောက်ရယ်ကို အမြည်းလုပ်ရင်း ကိုယ့်ဘီယာကို ငြိမ်သောက်နေကြတယ်။
“လတ်တလော တစ်ယောက်ယောက်နာမည် ခိုးဖြစ်သေးလား?”
မျောက်က ခေါင်းခါတယ်။ သူ့လက်မောင်းပေါ်က အမွေးတောင့်တောင့်တွေကို သူ ဆွဲကြည့်နေတယ်၊ သူ့ကိုသူ တကယ်မျောက်အစစ် ဟုတ်မှဟုတ်ပါလေစ၊ သေချာအောင် စမ်းကြည့်နေသလိုမျိုးပဲ။ “ဟင့်အင်း၊ လတ်တလော ဘယ်သူ့နာမည်မှ မခိုးဖြစ်တော့ဘူး။ ဒီမြို့ ရောက်လာပြီးတည်းက အဲဒီမတော်မလျှော် လုပ်ရပ်တွေကို ပြည်ဖုံးကား ချခဲ့တော့မယ်၊ ဆုံးဖြတ်လိုက်တယ်။ အဲဒီဆုံးဖြတ်ချက်ကျေးဇူးကြောင့်ပဲ ဟောဒီမျောက်ကောင်လေးရဲ့ ဝိညာဥ်ခမျာလည်း အတော်လေး ငြိမ်းချမ်းမှု ရသွားတော့ရဲ့။ ကျုပ်ရင်ထဲ ရှိတဲ့ မိန်းမ ခုနှစ်ယောက်ရဲ့ နာမည်တွေကို အမြတ်တနိုး တန်ဖိုးထားရင်းနဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုမှာပဲ နေထိုင်နေတော့တယ်။”
“ကြားရတာ ဝမ်းသာတယ်ဗျာ၊” ကျနော် ပြောလိုက်တယ်။
“ကျုပ်ဘက်က တောင်းဆိုရင် အတင့်ရဲလွန်းသလို ဖြစ်မယ်မှန်း သိတော့ သိပါရဲ့၊ ဒါပေမဲ့ ချစ်မှုရေးရာနဲ့ ပတ်သက်တဲ့ ကျုပ်ရဲ့ ကိုယ်ပိုင်အမြင်လေး ပြောပြခွင့်ပြုရင်တော့ ပြောပြချင်မိတယ်၊ ခင်ဗျားအနေနဲ့ အပန်းမကြီးဘူးဆိုရင်ပေါ့။”
“ပြောလေဗျာ၊” ကျနော် ပြောလိုက်တယ်။
မျောက်က မျက်တောင်ကျယ်ကြီးတွေ ပုတ်ခတ်ပုတ်ခတ် လုပ်နေတယ်။ မျက်တောင်ထူထူတွေက လေတိုးခံရတဲ့ ထန်းလက်တွေလို အပေါ်ယိမ်းလိုက် အောက်ယိမ်းလိုက်။ သူ သက်ပြင်း ဖြေးဖြေး ရှိုက်တယ်၊ အလျားခုန်သမားတစ်ယောက် ပြေးလမ်းပေါ် တက်ခါနီး ရှိုက်သလို သက်ပြင်းမျိုး။
“ကျုပ် ယုံကြည်မိတာတော့ အချစ်ဆိုတာ ကျုပ်တို့တွေ အသက်ဆက်ရှင်နေဖို့ရာ မရှိမဖြစ် လိုအပ်တဲ့ လောင်စာတစ်မျိုးပဲ။ အဲဒီအချစ်ဟာ တစ်နေ့မှာ အဆုံးသတ်ချင် သတ်သွားမယ်။ သို့မဟုတ်လည်း ချစ်ရာကနေ ရှေ့တစ်ဆင့်တက် ဘာမှ ဖြစ်မလာတာမျိုး ကြုံချင်ကြုံမယ်။ ဒါပေမဲ့ အဲဒီလို အချစ်တွေ မှုန်ဝါးသွားရင်တောင်၊ တစ်ဘက်သတ်အချစ်ထက် အဆင့်မတက်ခဲ့ရင်တောင် ခင်ဗျားအနေနဲ့ လူတစ်ယောက်နဲ့ ချစ်ခဲ့ဖူးတယ်ဆိုတဲ့၊ မဟုတ်လည်း လူတစ်ယောက်အပေါ် ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အမှတ်တရလေးကိုတော့ ထွေးပိုက်ထားလို့ ရနေရဲ့လေ။ နောက် ဒါက အနွေးဓာတ် ပေးစေမယ့် အဖိုးတန် ရင်းမြစ် တစ်ခုပဲ။ အဲဒီအပူဓာတ်ရင်းမြစ်လေးသာ မရှိဘူးဆိုရင် လူတစ်ယောက်ရဲ့ နှလုံးသားဟာ...၊ မျောက်တစ်ကောင်ရဲ့ နှလုံးသားရောပေါ့၊ ခါးသီးအေးစက်ပြီးတော့မှ ဘာပင်မှ မပေါက်ရောက်နိုင်တဲ့ ကျတ်တီးမြေအဖြစ် ပြောင်းသွားတော့မှာ။ နေခြည် တစ်မျှင်မှ မကျတဲ့နေရာ၊ ငြိမ်းချမ်းမှု ပန်းရိုင်းတွေ၊ မျှော်လင့်ချက် သစ်ပင်တွေ လုံးဝဥဿုံ ပေါက်ရောက်ခွင့် မရှိတဲ့နေရာလိုမျိုး ဖြစ်သွားမှာလေ။ ဟောဒီကကျုပ်နှလုံးသားထဲမှာ ကျုပ်ချစ်တဲ့ မိန်းမချော ခုနှစ်ယောက်ရဲ့ နာမည်တွေ အမြတ်တနိုး သိမ်းထားတယ်။” မျောက်က သူ့အမွေးထူထူ ရင်အုံပေါ် လက်ဝါးနဲ့ အုပ်ရင်း ပြောတယ်။ “အဲဒီအမှတ်တရတွေကို အေးစက်တဲ့ ညတွေ ရောက်တဲ့အခါ ရှို့လှုံစရာ ကိုယ်ပိုင် လောင်စာလေးတွေအဖြစ် အသုံးပြုဖို့ ကျုပ် ပြင်ထားတယ်။ ကျုပ်ရဲ့ ပုဂ္ဂလဘဝ လက်ကျန်လေးမှာ ရှင်သန်နေရခိုက် ကျုပ်ကိုကျုပ် နွေးအောင်လုပ်ဖို့ပေါ့။”
မျောက်က တခွီခွီ ရယ်ပြန်တယ်၊ ပြီးတော့ သူ့ခေါင်းသူ အသာအယာ တခါခါ လုပ်တယ်။
“ခုလို သုံးလိုက်တာ အတော်တော့ အူကြောင်ကြား နိုင်သွားတယ်၊ နော်?” သူက ပြောတယ်။ “ပုဂ္ဂလဘ၀တဲ့။ ကျုပ်က မျောက်တစ်ကောင်ဆိုတော့ကာ ဘယ်မှာများ ပုဂ္ဂိုလ် ဟုတ်လို့လဲ၊ ဟီး.. ဟီး။”
နောက်ပိတ်ဆုံး ဘီယာ ပုလင်းကြီး နှစ်လုံး သောက်လို့ ကုန်တော့ ဆယ့်တစ်နာရီ ခွဲနေပြီ။ “ကျုပ် သွားတော့မှပဲ၊” မျောက်က ပြောတယ်။ “ကျုပ်မှာ ခံစားချက်တွေ မတရား ကောင်းလွန်းပြီး လျှာတွေအာတွေ သွက်နေမိတာ၊ အားနာပါတယ်၊ ခွင့်လွှတ်ပါ။”
“ဟင့်အင်း၊ ခင်ဗျားပြောခဲ့တာ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ပဲ၊” ကျနော် ပြောလိုက်တယ်။ တကယ်က “စိတ်ဝင်စားစရာ”ဆိုတဲ့အသုံးက သိပ်မှန်မယ် မထင်ဘူး။ ကျနော်ဆိုလိုတာက မျောက်တစ်ကောင်နဲ့ ဘီယာ အတူသောက်၊ စကားထိုင်ပြောတဲ့ အတွေ့အကြုံကိုယ်နှိုက်က အတော်လေး ဆန်းပြားပြီးသား ဖြစ်နေပြီ။ ဒီမျောက်ထူးဆန်းဟာ ဘရွတ်ကနာကို သဘောကျတဲ့မျောက် ဖြစ်ရုံတင်မက သူ့လိင်အာသာ (မဟုတ်လည်း သူ့အချစ်)ရဲ့ စေ့ဆော်မှုကြောင့် မိန်းမတွေနာမည်တွေကို ခိုးခဲ့တဲ့သူဆိုတဲ့ အချက်ကိုပါ ထပ်ထည့်ပေါင်းတော့ ဒီအတွေ့အကြုံက “စိတ်ဝင်စားစရာ”ဆိုတဲ့ အသုံးနဲ့ စဖို့ မလုံလောက်တော့ဘူး။ ခုဖြစ်ရပ်က ကျနော် ကြားဖူးသမျှ အထူးအဆန်းတွေထဲ အံ့မခန်း အဆန်းပြားဆုံး ဖြစ်ရပ်ပဲလေ။ တစ်ဘက်မှာလည်း ကျနော်အနေနဲ့ ဒီမျောက်ရဲ့ စိတ်လှုပ်ရှားမှုတွေကို လိုတာထက် ထပ်ပြီး ဆွပေးမနေလိုတော့ဘူး။ ဒါနဲ့ပဲ ပိုတည်ငြိမ်ပြီး ပိုအစွန်းလွတ်တဲ့ ဒီစကားလုံးကို ရွေးလိုက်မိတာပဲ။
ကျနော်တို့ နှုတ်ဆက်တဲ့အချိန် မျောက်ကို ယန်းထောင်တန်တစ်ရွက် အပိုကြေး ကမ်းပေးလိုက်တယ်။ “များများစားစားတော့ မဟုတ်ဘူး၊” ကျနော် ပြောတယ်။ “ဘာပဲဖြစ်ဖြစ်၊ တဆိတ် ခင်ဗျားအတွက် စားစရာ ကောင်းကောင်းလေး ဝယ်စားပေါ့ဗျာ။”
ပထမ မျောက်က ငြင်းတယ်၊ ဒါပေမဲ့ ကျနော်က ဇွတ်ပေးတော့ နောက်ဆုံး သူ လက်ခံသွားတယ်။ ပိုက်ဆံကို ခေါက်ပြီး သူ့ချွေးခံဘောင်းဘီ အိတ်ကပ်ထဲ သေသေချာချာ ထိုးထည့်တယ်။
“ခင်ဗျားက တကယ်ပဲ စာနာတတ်သူပါ၊” သူက ပြောတယ်။ “ကျုပ်ရဲ့ အူကြောင်ကြား ဘဝဇာတ်ကြောင်းလည်း နားထောင်ဖော် ရတယ်၊ ဘီယာလည်း တိုက်ဖော် ရတယ်၊ ခုတစ်ခါလည်း ရက်ရက်ရောရော ပေးနေပြန်ပေါ့။ ကျုပ်မှာ ဘယ်လောက် ဝမ်းသာမိမှန်း မပြောတတ်အောင်ပါပဲ။”
မျောက် ဘီယာပုလင်းခွံတွေ၊ ဖန်ခွက်တွေ လင်ဗန်းပေါ် တင်ပြီး အခန်းထဲက သယ်ထုတ်သွားတယ်။
နောက်နေ့ မနက်တော့ အင်းကနေ အထွက်ပြပြီး ကျနော် တိုကျို ပြန်လာတယ်။ အင်းရှေ့အဝင် ဧည့်ကြိုစားပွဲက ဆံပင်ရော၊ မျက်ခုံးမွေးပါ ပြောင်နေတဲ့ ကြောက်စရာ အဘိုးကြီးကို မတွေ့တော့ဘူး။ နှာခေါင်းပြဿနာ တက်နေတဲ့ ကြောင်အိုလည်း မတွေ့။ သူတို့အစား ဝဖိုင့်ဖိုင့်၊ သုန်မှုန်မှုန် သက်လတ်ပိုင်းအရွယ် မိန်းမကြီးတစ်ယောက်ပဲ တွေ့ရတယ်။ ညက ဘီယာပုလင်းတွေအတွက် ထပ်ပေါင်းကြေး ရှင်းမယ် ပြောတော့ ကျနော့်ကျငွေစာရင်းထဲ အပိုအဆာ ထပ်ဆောင်းပေးစရာ ဘာမှ မရှိဘူး၊ သူက အကြောက်အကန် ပြောတယ်။ “ကျမတို့အင်းမှာ ကိုယ့်ဘာသာ စက်ထဲက ထုတ်ရတဲ့ ဘီယာသံဘူးတွေပဲ ရှိတာ၊ ဘီယာပုလင်း တစ်ခါမှ မတင်ဖူးဘူး၊” သူက ဇွတ်ငြင်းနေတယ်။
တစ်ခါ ထပ်ပြီး ကျနော့်မှာ ဇဝေဇဝါ ဖြစ်ရပြန်တယ်။ ကျနော့်စိတ်ထဲ ဖြစ်ရပ်မှန်နဲ့ ဖြစ်ရပ်မှန်လွန် အစအနတွေ ကြုံသလိုကျသလို နေရာ ပြောင်းပြီး ဖြစ်နေကြသလိုပဲ။ ဘာပဲဖြစ်ဖြစ်၊ ကျနော် မျောက်နဲ့အတူ သူ့ဘဝဇာတ်ကြောင်း နားထောင်ရင်း စပ္ပေါရိုးဘီယာ ပုလင်းကြီး နှစ်လုံး သောက်ခဲ့တာ အသေအချာပဲလေ။
ကျနော်လည်း အဲဒီသက်လတ်ပိုင်း မိန်းမကြီးဆီ မျောက်အကြောင်း ထုတ်ပြောတော့မယ်လို့ပဲ၊ ဒါပေမဲ့ မပြောဖို့ ဆုံးဖြတ်လိုက်တယ်။ မျောက်က တကယ် ရှိချင်မှ ရှိမှာ၊ ကျနော့်ဘာသာ ရေပူစမ်းထဲ အကြာကြီး စိမ်မိရာက ဦးနှောက်ထဲ ကမူးရှူးတိုး ဖြစ်ပြီး ကယောင်ခြောက်ခြားတွေ မြင်နေမိတာ ဖြစ်နေနိုင်တာပဲလေ။ မဟုတ်ရင်လည်း ကျနော် မြင်ခဲ့မိသမျှက တကယ်ကြီးလို ထင်ရတဲ့ အိပ်မက်အထူးအဆန်း များလားပဲ။ တကယ်လို့ ကျနော်က သွားပြီး “အစ်မကြီးတို့ဆီမှာ အသက်ကြီးကြီးနဲ့ လူစကားပြောတတ်တဲ့ မျောက်တစ်ကောင် ခန့်ထားတာ ရှိတယ်၊ ဟုတ်?” ဘာညာ ပြောကြည့်၊ အကုန်လုံး ဘေးချော်ကုန်တော့မှာ၊ အဆိုးဆုံး အနေအထားမှာဆို သူ ကျနော့်ကို အရူးလို့တောင် ထင်သွားမလားပဲ။ ဖြစ်နိုင်တာ တစ်ခုကတော့ အဲဒီမျောက်ဟာ တရားဝင်ခန့် မဟုတ်တဲ့ ဘေးပေါက် ဝန်ထမ်းနေမှာပဲ၊ အခွန်ရုံးတို့၊ ကျန်းမာရေးဌာနတို့ကနေ ရိပ်မိသွားမှာ စိုးတာကြောင့် အင်းက သူ့ကို လူသိရှင်ကြား အသိအမှတ်ပြုလို့ မဖြစ်တာမျိုးလေ။
အိမ်အပြန်ရထားပေါ် ကျနော်လည်း မျောက် ကျနော့်ကို ပြောခဲ့သမျှ စိတ်နဲ့ ပြန်ရစ်ကြည့်လာတယ်။ ကျနော့်အလုပ်အတွက် သုံးတဲ့ မှတ်စုစာအုပ်လေးထဲ ကျနော် မှတ်မိသမျှအကုန် အသေးစိတ် လိုရင်ချုံ့ ချရေးတယ်၊ တိုကျို ပြန်ရောက်တဲ့အခါ ဇာတ်လမ်းအားလုံး အစကနေ အဆုံးထိ ပြန်ရေးဖို့ပေါ့။
တကယ်လို့ မျောက်ဟာ အမှန်တကယ် ရှိခဲ့တယ်ဆိုဦးတော့၊ ရှိမှလည်း ကျနော် မြင်လို့ရမှာ၊ ဘီယာ သောက်ရင်း သူ ပြောခဲ့သမျှထဲ ဘယ်အတိုင်းအတာအထိ လက်ခံနိုင်စရာ ရှိတယ်ဆိုတာ၊ ကျနော် မသေချာဘူး။ သူ့ဇာတ်လမ်းကို မျှမျှတတ အကဲဖြတ်ဖို့က လွယ်မှ မလွယ်ပဲလေ။ မိန်းမတွေနာမည်တွေကို ခိုးပြီး ကိုယ်ပိုင် လုပ်လို့ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား? ဒါက ရှီနာဂါဝါ မျောက်အတွက်ပဲ သီးသန့် ရနေတဲ့ ပါရမီထူးမျိုးလား? ဒီမျောက်ဟာ မလိမ်ရ မနေနိုင် စိတ်ရောဂါ ရနေတဲ့မျောက် ဟုတ်မဟုတ်ကော၊ ဘယ်သူ ပြောနိုင်မှာတဲ့တုံး? ထုံးစံအတိုင်းတော့ မုသာဝါဒအထုံ ပါလာတဲ့ မျောက်ရယ် နဂို တစ်ခါမှ ကျနော် မကြားဖူးဘူး။ ဒါပေမဲ့ သူ့လိုမျိုး လူစကားတောင် မွှတ်နေအောင် ပြောတတ်တဲ့ မျောက်တစ်ကောင်အဖို့ မုသာဝါဒ အကျင့်ပါနေတာမျိုးကလည်း မဖြစ်နိုင်စရာ အနေအထား မဟုတ်တော့ဘူးလေ။
ကျနော့်အလုပ်ရဲ့ သဘောသဘာဝအရ ကျနော့်မှာ လူပေါင်းများစွာကို လူတွေ့မေးမြန်းတာတွေ လုပ်ခဲ့ဖူးတယ်။ ပြီးတော့ ဘယ်သူက ယုံလို့ရတယ်၊ ဘယ်သူက ယုံလို့ မရဘူးဆိုတာတွေကို ကျနော်က ကောင်းကောင်းကြီး အနံ့ခံတတ်ပြီသား။ တစ်ယောက်ယောက်ဆီက စကားနည်းနည်း ဟလာတာနဲ့ အရိပ်အမြွက်၊ သင်္ကေတ စကားစလေးတွေ ကောက်ပြီး ဒီလူ ယုံကြည်ရ၊ မယုံကြည်ရ အာရုံသိနဲ့ အလိုလို သိနေတာ။ ဆိုတော့ ရှီနာဂါဝါမျောက် ပြောခဲ့သမျှမှာတော့ ကျနော့်စိတ်ထဲ လံကြုပ် ဇာတ်လမ်းရယ် မခံစားရမိဘူး။ သူ့မျက်လုံးတွေ၊ မျက်နှာပေးတွေ၊ ပြောမယ့် အကြောင်းအရာကို တစ်ခါတစ်ခါ စဥ်းစားနေပုံတွေ၊ စကားခဏ ရပ်တာ၊ ခြေလက် လှုပ်ရှားတာ၊ စကားလုံး ရှာမရ ဖြစ်နေတာ... အကုန်လုံးမှာ တုပ၊ လုပ်ယူထားတာမျိုး ဘာတစ်ခုမှ မရှိဘူး။ ပြီး နောက်ပိတ်ဆုံး သူ့ရဲ့ ဖွင့်ဟဝန်ခံချက်ကလည်း နာကျင်စရာတောင် ကောင်းနေတဲ့ သဘောရိုး စင်းစင်းမျိုးပဲလေ။
ကျနော့်ရဲ့ နားနားနေနေ တစ်ကိုယ်ရည်ခရီးစဥ် ပြီးသွားတယ်၊ ပြီးတော့ မြို့ပြရဲ့ ပုံမှန်လည်ပတ်နေတဲ့ ဝဲဂယက်ထဲ ပြန်ရောက်လာတယ်။ ကျနော့်မှာ အလုပ်နဲ့ ပတ်သက်တဲ့ ကြီးကြီးမားမား တာဝန်ရယ် မရှိပေမဲ့လည်း အသက်ကြီးလာတာနဲ့အမျှ ဟိုဟိုဒီဒီနဲ့ ကျနော့်ကိုကျနော် ပိုအလုပ်များလာသလို ထင်လာမိတယ်။ ပြီးရင် အချိန်တွေကလည်း လတ်ပည်ရှိန် ပိုပို မြင့်လာသလိုပဲ။ အဆုံးမှာတော့ ကျနော် ရှီနာဂါဝါမျောက်ကိစ္စ ဘယ်သူ့ကိုမှ ပြောမပြဖြစ်ဘူး၊ သူ့အကြောင်း စာထဲ ထည့်ရေးတာမျိုးလည်း ဘာတစ်ခုမှ မလုပ်ဖြစ်။ ဘယ်သူမှ မယုံမယ့်အတူ ဘာလို့ ကြိုးစားနေမတုံးလေ? ကျနော့်ဘက်က သက်သေသက္ကာယ တစ်ခုခု၊ အဲဒီမျောက် အမှန်တကယ် ရှိခဲ့တဲ့အကြောင်း သက်သေသက္ကာယ မပြနိုင်သမျှ လူတွေက ကျနော့်ကို “အကြံအဖန်တွေ လုပ်လာပြန်ပြီ” ပြောကြမှာ။ ဒါ့အပြင် သူ့အကြောင်း ဝတ္ထုပုံစံ ရေးမယ်ဆိုရင်လည်း ဇာတ်လမ်းမှာ ရှင်းလင်းတဲ့ ဦးတည်ချက်တို့၊ ဆိုလိုရင်းတို့ လွတ်နေမှာပဲ။ ကျနော့်အက်ဒီတာခမျာ သို့လောသို့လော ပုံတွေ ပေါက်ပြီး “ခင်ဗျားက စာရေးဆရာ ဆိုတော့ကာ မေးရမှာ အားတော့ ခပ်နာနာ၊ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့ ပင်မအကြောင်းအရာက ဘာများတဲ့တုံး?” ပြောလာမှာတောင် ကောင်းကောင်းကြီး မြင်ယောင်မိသေး။
ပင်မအကြောင်းအရာ? ဒီဇာတ်လမ်းထဲ ပင်မအကြောင်းအရာ ပါမပါ၊ ပြန်ပြောနိုင်မှာ မဟုတ်ဘူးလေ။ ဇာတ်လမ်းသွားကိုယ်နှိုက်က မျောက်အိုတစ်ကောင် အကြောင်း၊ အဲဒီမျောက်အိုဟာ လူစကား ပြောတတ်တယ်၊ ဂွန်မာစီရင်စု၊ မြို့လေးတစ်မြို့က ရေပူစမ်းတွေမှာ လာလည်တဲ့ ဧည့်သည်တွေကို ရေပတ်တွန်းပေးတယ်၊ ဘီယာ အေးအေး ကြိုက်တယ်၊ လူမိန်းမတွေကို တိတ်တခိုး ချစ်တယ်၊ ပြီးရင် အဲဒီမိန်းမတွေနာမည်တွေ ခိုးတယ်။ ကဲ... ဒီဇာတ်ကြောင်းထဲ ဘယ်မလဲ ပင်မအကြောင်းအရာ? ဘယ်မလဲ ပေးလိုတဲ့ သင်ခန်းစာ?
အဲဒီနောက် အချိန်တွေ လွန်လာတာနဲ့အမျှ ရေပူစမ်းမြို့လေးနဲ့ ပတ်သက်တဲ့ အမှတ်သညာတွေ တစ်စစ မှိန်လာတယ်။ အမှတ်သညာတွေဆိုတာကလည်း ဘယ်လောက်ပဲ ထင်းထင်းရှင်းရှင်း ရှိခဲ့ပါတယ်ဆိုဆို ကာလတရားကိုတော့ မလွန်ဆန်နိုင်ဘူးလေ။
ဒါပေမဲ့လည်း ခုလို ငါးနှစ်ကြာပြီးနောက်မှာတော့ ကျနော် ဒီအကြောင်းကို ရေးဖို့ ဆုံးဖြတ်လိုက်တယ်၊ တစ်ချိန်က ဟိုဟိုဒီဒီ ခြစ်ထားတဲ့ မှတ်စုတိုလေးကို အရင်းပြုပြီးတော့ပေါ့။ မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတရားတစ်ခုက ကျနော့်ကို ဒီအကြောင်း ရေးဖို့ အတွေး ပေါက်လာစေတာပဲ။ အဲဒီအဖြစ်အပျက်သာ မဖြစ်ခဲ့ဘူးဆိုရင် ကျနော်လည်း ရေးနေဖြစ်တော့မှာ မဟုတ်ဘူး။
အကာဆာကာက ဟိုတယ်တစ်ခုရဲ့ ကော်ဖီခန်းမှာ အလုပ်နဲ့ ဆက်နွယ်တဲ့ အချိန်းအချက်တစ်ခု ကျနော် လုပ်ရတယ်။ ကျနော်နဲ့ တွေ့ဖို့ ချိန်းထားတဲ့ တစ်ယောက်က ခရီးသွားမဂ္ဂဇင်းတစ်စောင်ရဲ့ အက်ဒီတာ။ အတော်လေး စွဲဆောင်မှုရှိတဲ့ မိန်းမ၊ အသက်သုံးဆယ် ဝန်းကျင်ပဲ၊ ခန္ဓာကိုယ်က သွယ်သွယ်၊ ဆံပင်က ရှည်ရှည်၊ အသားအရေ အတော်လှပြီး ညှို့အားပါတဲ့ မျက်လုံးဝိုင်းကြီးတွေ ပိုင်ဆိုင်ထားတဲ့သူ။ သူက သမ္ဘာရင့် အက်ဒီတာ၊ ပြီးတော့ အပျို။ ကျနော်နဲ့ သုံးလေးခါ အလုပ် တွဲလုပ်ဖူးတယ်၊ နှစ်ယောက်သား အဆင်ပြေပြေတွေပဲ။ အလုပ်ကိစ္စ ပြီးသွားတော့ ကျနော်တို့ ထိုင်ရင်းက ကော်ဖီ သောက်ရင်း ခဏတဖြုတ် စကားစမြည် ပြောနေကြတယ်။
သူ့လက်ကိုင်ဖုန်း မြည်လာတဲ့အချိန် သူက ကျနော့်ဘက် တောင်းပန်တဲ့အမူအရာနဲ့ လှည့်ကြည့်တယ်။ ကျနော်လည်း ကိုင်လိုက်လေဆိုတဲ့သဘော မျက်ရိပ် ပြလိုက်တယ်။ သူက ဝင်လာတဲ့ နံပါတ်ကို တစ်ချက် ကြည့်၊ ပြီးတော့ လက်ခံပြောတယ်။ ကြည့်ရတာ သူ နေရာကြိုဦးထားတဲ့ကိစ္စလို့ ထင်တာပဲ။ စားသောက်ဆိုင်လား၊ ဟိုတယ် တစ်ခုခုလား၊ လေကြောင်းလိုင်း တစ်လိုင်းလိုင်းလား၊ အဲဒီလိုဟာမျိုးတွေထဲကပဲ။ သူက ခဏ စကား ပြောရင်းကနေ အိတ်ဆောင်မှတ်စုစာအုပ်လေးထဲ လှန်လှောကြည့်၊ ပြီးတော့ ကူပါကယ်ပါပုံစံနဲ့ ကျနော့်ဘက် အကြည့်တစ်ချက် လှမ်းပစ်လာတယ်။
“ကျမ တကယ် အားနာပါရဲ့၊” အသံတိုးတိုးနဲ့ သူ ကျနော့်ဘက် ပြောလာတယ်၊ လက်တစ်ဘက်က ဖုန်းခွက်ကို ကာလို့။ “မေးရမှာ အူကြောင်ကြား နိုင်မှန်း သိပါရဲ့၊ ဒါပေမဲ့ မေးပါရစေ၊ ကျမနာမည် ဘာတဲ့တုံးရှင့်?”
ကျနော် အသက်ပြင်းပြင်း ရှိုက်မိတယ်၊ ဒါပေမဲ့ တတ်နိုင်သမျှ ထိန်းပြီး မသိမသာပုံစံနဲ့ပဲ။ သူ့နာမည် အပြည့်အစုံ ပြောပြလိုက်တယ်။ သူက ခေါင်းညိတ်ပြီး ဖုန်းလိုင်းတစ်ဘက်ခြမ်းက လူဆီ သူ့နာမည်ကို တစ်ဆင့် ပြန်ပြောတယ်။ ပြီးတဲ့နောက် သူ ဖုန်းချပြီး ကျနော့်ကို တောင်းပန်လာပြန်တယ်။
“တကယ်ပဲ အားနာလိုက်တာ၊ ရုတ်တရက် ကျမနာမည်ကျမ မမှတ်မိတော့တာ၊ ပူထူသွားတာပဲ။”
“အဲဒီလိုမျိုး တစ်ခါတစ်ခါ ဖြစ်တတ်တာလား?”
သူက အင်တင်တင်ပုံစံ၊ ဒါပေမဲ့ နောက်ဆုံးတော့ ခေါင်းညိတ်တယ်။ “ဟုတ်တယ်၊ ခုတလော ခဏခဏလို ဖြစ်နေတာ။ ကျမနာမည်ကျမ အစဖော်မရ ဖြစ်ဖြစ်နေတာလေ။ ကျမဘာသာ အမှောင်ကျသွားသလိုမျိုးကြီးပဲ။”
“တခြားဟာတွေကော မေ့တတ်သေးလား? ခင်ဗျားမွေးနေ့ ခင်ဗျားတို့၊ ခင်ဗျားတယ်လီဖုန်းနံပါတ်တို့၊ လျှို့ဝှက်ပင်းန်နံပါတ်တို့ မမှတ်မိတာမျိုးလေ?
သူက ခေါင်းတွင်တွင် ခါတယ်။ “ဟင့်အင်း၊ လုံးဝ မမေ့ဘူး။ ကျမက အတော်လေး အမှတ်အသား ကောင်းခဲ့တဲ့သူ။ ကျမသူငယ်ချင်းတွေ မွေးနေ့တွေတောင် အလွှတ်ရတယ်။ တခြားဘယ်သူ့နာမည်မှ တစ်ခါမှ မမေ့ဖူးဘူး။ ဒီကြားထဲကမှ တစ်ခါတစ်ခါ ကျမကိုယ်ပိုင်နာမည်ကို မမှတ်မိ ဖြစ်ဖြစ်သွားတာ။ ဘယ်လိုဖြစ်တယ် မပြောတတ်ဘူး။ မိနစ်ပိုင်းလောက် ရှိရင်တော့ မှတ်ဉာဏ်တွေ ပြန်ပေါ်လာရော၊ ဒါပေမဲ့ အဲဒီမိနစ်ပိုင်းလေးကိုက အတော့်ကို အဆင်မပြေတာ၊ ပြီး ပြာယာခပ်တွေ ဖြစ်ရရော။ ကျမဟာ ကျမကိုယ်တိုင် မဟုတ်တော့သလိုပဲ။ ဒီဟာ အယ်လ်ဇိုင်မားရောဂါ ကနဦးစလာတဲ့ လက္ခဏာများ၊ ရှင် ထင်မိလားဟင်?”
ကျနော် သက်ပြင်း ချလိုက်တယ်။ “ဆေးပညာအရတော့ ကျနော်လည်း မပြောတတ်ဘူး၊ ဒါပေမဲ့ ခင်ဗျားနာမည် ခင်ဗျား ရုတ်တရက် မေ့မေ့သွားတာမျိုး ဘယ်တုန်းက စဖြစ်တာတုံး?”
သူက မျက်လုံးတွေ စင်းပြီး စဥ်းစားနေတယ်။ “ပြီးခဲ့တဲ့ နှစ်ဝက်လောက်ကမှ ထင်တာပဲ။ ချယ်ရီတွေ အုံနဲ့ကျင်းနဲ့ ပွင့်တာ သွားကြည့်တဲ့အချိန် စဖြစ်တာမှန်း မှတ်မိနေတယ်။ အဲဒါ ပထမဆုံးအကြိမ်ပဲ။”
“မေးခွန်းက အူကြောင်ကြောင်တော့ နိုင်တယ်၊ ဒါပေမဲ့ အဲဒီတုန်းက တစ်ခုခု ပျောက်သွားသေးလား?” အိုင်ဒီပါတာ တစ်ခုခုလေ၊ ယာဥ်မောင်းလိုင်စင်၊ နယ်ခြားကူးလက်မှတ်၊ အာမခံကတ်ပြား ဘာညာပေါ့?
သူက နှုတ်ခမ်းတွေ ဝိုင်းစူပြီး ခဏ အတွေးထဲ နစ်သွားတယ်၊ ပြီးတော့ ပြန်ဖြေလာတယ်။ “ခု ရှင် ပြောခါမှပဲ၊ အဲဒီတုန်းက ကျမ ယာဥ်မောင်းလိုင်စင် ပျောက်သွားတယ်။ နေ့လယ်စာ စားချိန် ပန်းခြံထဲက တန်းလျားခုံမှာ တစ်ဖြတ် နားတုန်း ထိုင်နေတာ။ လက်ပွေ့အိတ်ကိုက ကျမဘေးနား ကပ်လျက် တန်းလျားပေါ်တင် တင်လို့ပဲ။ ကျမက အိတ်ဆောင်အလှပြင်ဘူးလေးနဲ့ နှုတ်ခမ်းနီတောင့် ပြန်ပြင်နေတာ။ လှည့်ကြည့်လိုက်တော့ လက်ပွေ့အိတ် မရှိတော့ဘူး။ ကျမတော့ လုံးလုံးကို နားမလည်တာ။ စက္ကန့်ပိုင်းလောက်လေး မျက်နှာ လွှဲမိရုံလေ၊ ပြီးတော့ အနီးနားဝန်းကျင်မှာလည်း လူတစ်ယောက်မှ မတွေ့ရဘူး၊ ဘာခြေသံမှလည်း မကြားမိဘူး။ ကျမ ပတ်ချာလည် လှည့်ကြည့်တယ်၊ ဒါပေမဲ့ ကျမ တစ်ယောက်တည်းပဲ ရှိတာ။ ပန်းခြံက တိတ်တိတ်ဆိတ်ဆိတ် ပန်းခြံ၊ တကယ်လို့ တစ်ယောက်ယောက် ကျမအိတ်ကို လာခိုးတာဆို သတိထားမိမှာ သေချာတယ်။”
သူ ဆက်ပြောလာမှာကို ကျနော် စောင့်နေလိုက်တယ်။
“ဒါပေမဲ့ ထူးဆန်းပုံက ဒီမှာတင် မပြီးသေးဘူး။ အဲဒီနေ့လယ်ပိုင်းတင် ရဲက ကျမဆီ ဖုန်းဆက်လာတယ်။ ကျမလက်ပွေ့အိတ် ကောက်တွေ့တဲ့အကြောင်း ပြောလာတာ။ ပန်းခြံနဲ့ကပ်လျက် ရဲစခန်း ခပ်သေးသေးလေး အပြင်ဘက်တင် အိတ်ကို ထားခဲ့တာ။ အိတ်ထဲရှိတဲ့ ပိုက်ဆံတွေက ဒီအတိုင်းပဲ၊ နောက်ပြီး ခရက်ဒစ်ကတ်တွေ၊ အေတီအမ်ကတ်တွေ၊ လက်ကိုင်ဖုန်းရော ဒီအတိုင်း။ အကုန် ဘာမှ တို့ထိမသွားဘူး။ ယာဥ်မောင်းလိုင်စင် တစ်ခုပဲ မရှိတော့တာ။ ရဲသားကတောင် အံ့တွေ ဩလို့။ ဘယ်လိုလူကများ ပိုက်ဆံတော့ မယူဘဲ ယဥ်မောင်းလိုင်စင်ပဲ ယူပြီး အိတ်ကို ရဲစခန်းအပြင်ဘက်တင် ထားပစ်ခဲ့လဲ မသိ?”
ကျနော် တိတ်တိတ်ပုန်း သက်ပြင်း ချတယ်၊ ဒါပေမဲ့ ဘာမှ ဝင်မပြောဘူး။
“အဲဒီအချိန်က မတ်လကုန်လောက်၊ ချက်ချင်း ကျမ ဆာမေဇုက မော်တော်ယာဥ်ရုံး သွားပြီး လိုင်စင်အသစ် ထုတ်ပေးဖို့ လျှောက်တယ်။ အဖြစ်အပျက် တစ်ခုလုံးက ဆန်းတော့ ခပ်ဆန်းဆန်းပဲ၊ ဒါပေမဲ့ ကံကောင်းထောက်မစွာ ဘာတစ်ခုမှ ဟုတ်တိပတ်တိ ဆုံးမသွားဘူး။”
“ဆုမေဇုက ရှီနာဂါဝါမှာ ရှိတာ၊ ဟုတ်?”
“မှန်တယ်။ ဟီဂါရှီအိုအိမှာလေ။ ကျမကုမ္ပဏီက တာကာနာဝါတင်၊ ဒီတော့ အမြန်တက္ကစီနဲ့ဆို တစ်ကြောင်းစာပဲ၊” သူက ပြောတယ်။ သူက ကျနော့်ကို သံသယအကြည့်နဲ့ လှမ်းကြည့်တယ်။ “တစ်ခုနဲ့တစ်ခုကြား အဆက်အစပ် ရှိတယ်၊ ရှင် ထင်မိလားဟင်? ကျမနာမည် ကျမ မမှတ်မိ ဖြစ်တာနဲ့ ယာဥ်မောင်းလိုင်စင် ပျောက်တာ နှစ်ခုကြားလေ?”
ကျနော်လည်း ခပ်သုတ်သုတ် ခေါင်းခါလိုက်ရတယ်။ ကျနော့်အနေနဲ့ ရှီနာဂါဝါမျောက် ဇာတ်လမ်းကို ဘယ်နားက စပြီး အတိအကျ ပြောရမယ်မှန်း မသိဘူးလေ။
“ဟင့်အင်း၊ အဆက်အစပ် ရှိတယ် မထင်ပါဘူး၊” ကျနော် ပြောတယ်။ “ခေါင်းထဲ ပေါ်လာတာ ပြောလိုက်မိတာ။ ခင်ဗျားနာမည် ပါနေတယ်ဆိုတော့လေ။”
သူက သိပ်လက်ခံချင်ပုံ မပေါ်ဘူး။ စွန့်စားလွန်းသလို ဖြစ်သွားမယ်မှန်း သိပေမဲ့ အရေးကြီး မေးခွန်းတစ်ခု မေးစရာ ကျန်နေသေးတယ်။
“ဒါနဲ့ စကားမစပ်၊ ခုအတောအတွင်း ခင်ဗျား မျောက်တွေဘာတွေများ တွေ့မိသေးလား?”
“မျောက်တွေ?” သူက မေးတယ်။ “တိရိစ္ဆာန်ကောင်တွေ ပြောတာလား?”
“ဟုတ်တယ်၊ တကယ့်သက်ရှိမျောက်တွေလေ၊” ကျနော် ပြောလိုက်တယ်။
သူက ခေါင်းခါတယ်။ “ကျမ မျောက် မမြင်ဖူးတာ နှစ်ချီနေပြီ။ တိရိစ္ဆာန်ရုံမှာရော၊ တခြားမှာပါ မမြင်ဖူးဘူး။”
ရှီနာဂါဝါမျောက်ဟာ သူ့အထာဟောင်းတွေဆီ ပြန်လည်သွားပြီလား? မဟုတ်ရင်လည်း တခြား မျောက်တစ်ကောင်ကောင်ကနေ သူ့နည်းတွေ ယူသုံးပြီး ပုံစံတူအမှုတွေ ကျူးလွန်နေတာလား? (ပုံတူကူးချနေတဲ့ မျောက်တစ်ကောင်ကောင်ပေါ့?) မဟုတ်လည်း ဒီကိစ္စက မျောက်လက်ချက် မဟုတ်ဘဲ တခြား တစ်ခုခုများလားပဲ?
ရှီနာဂါဝါမျောက် နာမည်တွေ လိုက်ခိုးတဲ့အကျင့်ဆီ ပြန်လည်သွားပြီ ဆိုတာမျိုးတော့ ကျနော် တကယ်ပဲ မထင်ချင်မိတာ။ ကျနော့်ကို သူ အမှန်အမှန်အတိုင်း ပြောထားပြီးသားလေ၊ သူ့ရင်ထဲ သိမ်းထားတဲ့ မိန်းမ ခုနှစ်ယောက်ရဲ့ နာမည်တွေနဲ့တင် လုံလောက်ပြီ၊ သူ့ဘဝလက်ကျန် ကာလတွေကို အဲဒီရေပူစမ်းမြို့လေးမှာပဲ ရိုးရိုးရှင်းရှင်း နေထိုင်သွားရရင် ကျေနပ်ပြီ ဆိုပြီးတော့လေ။ ပြီးတော့ သူ့ပုံစံက ပြောတဲ့အတိုင်း တည်မယ့်ပုံ။ တစ်ဘက်ကလည်း အဲဒီမျောက်မှာ နာတာရှည် စိတ်ရောဂါ တစ်မျိုး ရနေတာလည်း ဖြစ်နိုင်တာပဲလေ၊ ဆင်ခြင်တုံ တစ်ခုတည်းနဲ့တင် သူ့ကိုယ်သူ ထိန်းချုပ်မရတဲ့ စိတ်ရောဂါမျိုးပေါ့။ ပြီး အဲဒီစိတ်ရောဂါရယ်၊ သူ့ဒိုပမင်းရယ်ကနေ သူ့ကို လုပ်လိုက်လေ! ဖိအားပေးနေတာမျိုး။ ပြီး အဲဒီအခြေအနေတွေ အကုန်ပေါင်းပြီး ရှီနာဂါဝါက သူဓာတ်ကျရာ နေရာဟောင်းနဲ့ သူ့စရိုက်ဟောင်းတွေဆီ သူ့ကို ပြန်ဆွဲခေါ်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။
တစ်နေ့တော့ ကျနော်လည်း စမ်းကြည့်ဦးမှပါ။ အိပ်မရတဲ့ ညတွေမှာ အဲဒီလို တောင်စဥ်ရေမရ စိတ်ကူးယဥ်အတွေးတွေ ပေါ်ပေါ်လာတယ်။ ကျနော် ချစ်နေတဲ့ မိန်းမတစ်ယောက်ရဲ့ အိုင်ဒီ၊ မဟုတ်လည်း နာမည်ကတ်ပြား အလစ်သုတ်ပြီး ရောင်ခြည်နဲ့ ထိုးသလို စူးစိုက်ရင်း သူ့နာမည်ကို ကျနော်ကိုယ်ထဲ ဆွဲသွင်း၊ ပြီးရင် သူ့ရဲ့တစ်စိတ်တစ်ဒေသဟာ ကျနော့်အပိုင် ဖြစ်သွားမှာမျိုးပေါ့။ ဘယ်လိုများ ခံစားရမလဲ မသိ?
မဖြစ်နိုင်ပါဘူး။ ဒါမျိုးတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ကျနော့်လက်တွေက ဘယ်တုန်းက သွက်ခဲ့တာ မှတ်လို့။ ပြီး တခြားတစ်ယောက်ရဲ့ ပစ္စည်းလည်း ခိုးရဲမယ် မထင်။ အဲဒီပစ္စည်းဟာ ဒြပ်ထည် ရှိတဲ့ဟာမျိုး မဟုတ်ဘဲ ခိုးယူလို့ ဥပဒေနဲ့ မဆန့်ကျင်ဘူးဆိုရင်တောင် ကျနော်တော့ ခိုးဝံ့မှာ မဟုတ်ဘူး။
အဆုံးစွန်သော အချစ်၊ အဆုံးစွန် အထီးကျန်မှု။ ဒီအဖြစ်အပျက်နောက်ပိုင်း ဘရွတ်ကနာရဲ့ မဟာတေးသွား တစ်ပိုဒ်ပိုဒ် နားထောင်ဖြစ်တိုင်း အဲဒီရှီနာဂါဝါမျောက်ရဲ့ ပုဂ္ဂလဘဝအကြောင်း ခေါင်းထဲ ပေါ်ပေါ်လာတယ်။ ရေပူစမ်းမြို့လေးက ခနော်နီခနော်နဲ့ အင်းတစ်လုံးရဲ့ ထပ်ခိုးထက်မှာ ကြမ်းခင်းဖုံ ပါးပါးပေါ် အိပ်ပျော်နေတဲ့ အသက်ကြီးကြီး မျောက်ရဲ့ ပုံရိပ်ကို မြင်ယောင်လာတယ်။ ပြီးတော့ နှစ်ယောက်သား နံရံမှာ မှီထိုင်၊ ဘီယာ သောက်ရင်း စားခဲ့ရတဲ့ ကာကီပီနဲ့ ပြည်ကြီးငါးခြောက် အမြည်းတွေအကြောင်းလည်း တွေးမိရဲ့။
အဲဒီနောက်ပိုင်း ခပ်ချောချော ခရီးသွားမဂ္ဂဇင်းအက်ဒီတာမကို ကျနော် မတွေ့ရတော့ဘူး၊ ဒါနဲ့ပဲ သူ့နာမည်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဘယ်လိုကြမ္မာတွေ ဆက်ဖြစ်သွားလဲ၊ ကျနော်လည်း မပြောတတ်ဘူး။ သူ့အတွက် အခက်အခဲ အကြီးအမားတွေ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းမိတာပဲ။ အားလုံး ခြုံလိုက်တော့ သူ့မှာ အပြစ်ရှိတာမှ မဟုတ်ပဲလေ။ သူ့အမှား တစ်ခုမှမှ မပါပဲ။ ကျနော်လည်း စိတ်မကောင်းတော့ ဖြစ်မိတယ်၊ ဒါပေမဲ့လို့ သူ့ရှေ့မှာ ရှီနာဂါဝါမျောက်ကိစ္စ ပြောပြဖို့ကတော့ ကျနော့်ကိုကျနော် ခုထိ အစဖော် မရသေးဘူး။။
............................................
Comments
Post a Comment