ရှီနာဂါဝါမျောက်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်များ
photo: Jason Antony ရှီနာဂါဝါမျောက်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်များ ဟာရူကီ မူရာကာမီ ......................... ဂွန်မာစီရင်စု ၊ ရေပူစမ်းမြို့လေးက ဂျပန်ပုံစံ အင်းသေးသေးလေး တစ်လုံးမှာ အဲဒီသက်ကြီးပိုင်း မျောက်ကို ကျနော် တွေ့ခဲ့တာ၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့။ အင်းက တဲသာသာအင်းလေးပါ၊ မဟုတ်လို့ အတိအကျ ပြောရရင်တော့ ဟောင်းနွမ်းဆွေးမြေ့ပြီးတော့မှ ယဲ့ယဲ့ပဲ ကျန်တော့တဲ့အင်း၊ အဲဒီမှာ ကျနော်က တစ်ည တည်းဖြစ်သွားခဲ့တာ။ ကျနော်က စိတ်ကူးပေါက်ရာ ဟိုဟိုဒီဒီ နယ်လှည့်နေတဲ့အချိန်၊ ရေပူစမ်းမြို့လေးဆီ ရောက်လို့ ရထားပေါ်က ဆင်းတော့ ညနေ ၇ နာရီ ကျော်နေပြီ။ ဆောင်းဦးပေါက်ရာသီ ကုန်လုခါနီးကာလ၊ နေက ခပ်စောစောတည်းက ဝင်သွားပြီ။ တောင်ထူထူ ဝန်းကျင်တွေမှာပဲ သီးသန့် တွေ့ရနေကျ ရေတပ်ပြာရောင် အမှောင်ထုက မြို့နေရာ တစ်ဝိုက်ကို ဝိုင်းထားတယ်။ တောင်ထိပ်တွေဆီကနေ အေးခဲနေတဲ့လေက လျှောဆင်းတိုက်နေပြီး လမ်းမတလျောက် လက်သီးဆုပ်လောက် သစ်ရွက်တွေ တချွတ်ချွတ်မြည်အောင် လုပ်လို့။ ကျနော်လည်း တည်းဖို့ခိုဖို့ နေရာ လိုက်ရှာရင်း မြို့လယ်ခေါင်တလွှား လျှောက်ပတ်ကြည့်တယ်၊ ဒါပေမဲ့ ဘယ်အဆင့်မြင့် တည်းခိုခန်းကမှ ညနေစာ တည်ခင်းပြီးနောက်ပိုင်း ဧည့်သည်အဝ...