ပခုံးကပ် အတွင်းရေးမှူး
စက်တပ်စကိတ်ဘီးနဲ့ ပလပ်စတစ်ခင်းလမ်းပေါ် လျှောဆင်းရင်းက ဇာမဲ
သူ့လက်ပတ်နာရီကို ငုံ့ကြည့်တယ်။
၄ နာရီ၊ ၃၀ မိနစ်။ အင်း…၊ ရုံး ပြန်မလှည့်ခင်
တစ်နေရာလောက်ဝင် ကြိုးစားကြည့်ရ ကောင်းမှာပဲ။ ဇာမဲ စကိတ်ကို အရှိန်လျှော့ပြီး
အိမ်တစ်အိမ်ရှေ့ သွားရပ်တယ်။
ဇာမဲက အရောင်းသမား။ ဘယ်ဘက်လက်ထဲမှာ ဈေးပစ္စည်းအပြည့်နဲ့
ဘူးကြီးတစ်ဘူး သယ်လို့။ သူ့ညာဘက်ပခုံးပေါ် နားနေတာက အတောင်ပံလှလှလေးတွေနဲ့
ကြက်တူရွေးတစ်ကောင်၊ ဒီဘက်ခေတ်မှာတော့ လူတိုင်း ပခုံးတွေပေါ်မှာ ခုလိုပဲ
ကြက်တူရွေးတွေ လိုက်ပါနေကြတာပဲ။
သူ လူခေါ်ဘဲလ်ကို နှိပ်ပြီး စောင့်တယ်။ နောက်ဆုံးမှာ တံခါး
ပွင့်လာပြီး အိမ်ရှင်မိန်းမကြီး ထွက်လာတယ်။
“ဟိုင်း၊” ဇာမဲ ဗလုံးဗထွေး ရေရွက်လိုက်တယ်၊
ချက်ချင်းဆိုသလို သူ့ပခုံးပေါ်က ကြက်တူရွေးက အာပေါင်အာရင်းသန်သန် ပြောလေတော့ရဲ့၊ “အစ်မကြီးခင်များ၊
အခုလို အလုပ်ရှုပ်နေတဲ့ အချိန်ကြီးမှာ အစ်မကြီးကို ဝင်နှောက်ယှက်မိသလို
ဖြစ်သွားရင် တဆိတ် ခွင့်လွှတ်ပေးဖို့ အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ။”
ကြက်တူရွေးက စက်ရုပ်ကြက်တူရွေး၊ စနစ်တကျ ဖန်တီးထားတဲ့
လျှပ်စစ်ဦးနှောက်တစ်ခုရယ်၊ ပြီးရင် အသံသွင်းစနစ်နဲ့ စပီကာပါ တပ်ထားတယ်။
စကားအပြန်အလှန် ပြောကြတဲ့အချိန် ပိုင်ရှင် တီးတိုးရွက်တဲ့စကားကို
အကျယ်ချဲ့ပြောဖို့ တီထွင်ထားတာပဲ။
ခဏအကြာမှာတော့ မိန်းမကြီးပခုံးပေါ်က ကြက်တူရွေးက
ပြန်ပြောလာတယ်။ “အို… ကနေ့ အခုလို ရောက်လာတာအတွက် ကျေးဇူးအများကြီး တင်ပါတယ်။
ဒါပေမဲ့ တဆိတ်လေး ခွင့်လွှတ်ပါရှင်။ အစ်မမှတ်ဥာဏ်က အတော့်ကို မကောင်းတော့လို့ပါ။
အစ်မ ဒီကနာမည်ကို မေ့တေ့တေ့ ဖြစ်နေတယ်ရှင့်…။”
ဇာမဲကြက်တူရွေးက ဇာမဲနားနား ယိမ်းလာပြီး တီးတိုး ပြောတယ်။
“မင်းက ဘယ်သူလဲ…တဲ့၊ မိန်းမကြီးက မေးနေတယ်။”
ကြက်တူရွေးစက်ရုပ်တွေမှာ တစ်ဘက်လူစကားကို အကျဉ်းချုံ့
တင်ပြတဲ့ စနစ်လည်း ပါသေးတယ်။
“ကျနော်က New Electro ကုမ္ပဏီကပါ၊” ဇာမဲ တီးတိုးရွက်လိုက်တယ်၊ “ဟောဒီလျှပ်စစ်ပင့်ကူလေး အားပေးပါဦးဗျ။”
ဒီတင် ကြက်တူရွေးက သူ့စကားကို အယဉ်ကျေးဆုံး အမူအရာနဲ့
ဘာသာပြန်ပေးတယ်၊ “အစ်မကြီးခင်များ၊ ပြောရရင်တော့ ကျနော်က New Electro ကုမ္ပဏီရဲ့
အရောင်းကိုယ်စားလှယ် တစ်ယောက်ပါပဲ။ ကျနော်တို့ ကုမ္ပဏီအနေနဲ့ ကျနော်တို့ရဲ့
ကာလရှည်ကြာ အစဉ်အလာနဲ့ အားကိုးအားထား ပြုနိုင်မှုအပေါ် ဂုဏ်ယူကြသူတွေဆိုတာ
အစ်မကြီးလည်း သိကောင်းသိမယ် ထင်ပါတယ်။ ကနေ့ ဒီမှာ ကျနော် ရောက်လာတာကတော့
ပစ္စည်းအသစ်လေးတစ်ခု ပြဖို့ပါ။ ကျနော်တို့ သုတေသနဌာနအနေနဲ့ နှစ်ပေါင်းများစွာ စမ်းသပ်မှုတွေ
ပြုလုပ်အပြီး နောက်ဆုံးမှာ အချောသတ် ဖန်တီးနိုင်ခဲ့တဲ့ ပစ္စည်းလေးပါ။ တခြားတော့
မဟုတ်ပါဘူး၊ ဟောဒီက ဆွဲဆောင်မှုအပြည့်ရှိလှတဲ့ လျှပ်စစ်ပင့်ကူလေးပါပဲ။”
ဒီနေရာအရောက် ဇာမဲက ဘူးကို ဖွင့်ပြီး ခပ်သေးသေး
သတ္တုကြိယာလေးတစ်ခု ဆွဲထုတ်လာတယ်။ ပြောင်ပြောင်လက်လက်နဲ့ အရောင်က ရွှေရောင်၊
ပင့်ကူလေးတစ်ကောင်လိုပဲ။ သူ့ကြက်တူရွေးက ဆက်ပြောတယ်၊ “ဟောဒီ့ပင့်ကူလေးပေါ့ခင်ဗျာ။
ဆိုပါစို့… အစ်မကြီးကျောကုန်းမှာ ယားလာတဲ့အခါ ဒီကောင်လေးကို အင်္ကျီတွေအောက်
လွှတ်ပေးထားလိုက်ရုံပါ၊ အဲဒီမှာ ပင့်ကူလေးကနေ ယားတဲ့နေရာ အတိအကျကို သူ့ဘာသာ လိုက်ရှာပြီး
သူ့ခြေထောက်သေးသေးလေးတွေနဲ့ စိတ်ကျေနပ်တဲ့အထိ ကုတ်ပေးမှာပါပဲ။ ဒါဟာ အရမ်းကာရော
အဆင်ပြေလှတဲ့ တီထွင်မှုတစ်ရပ်မှန်း အစ်မကြီးလည်း သဘောတူမှာ သေချာပါတယ်။ ကနေ့
ကျနော် ဒါလေးကို ယူလာတာမှာ အထူးစပါယ်ရှယ် အကြောင်းပြချက်တစ်ခုလည်း ရှိပါသေးတယ်။
အဲဒါကတော့ အစ်မကြီးတို့ အိမ်လိုမျိုး ခမ်းနားလှတဲ့ အိမ်ကြီး တစ်ဆောင်မှာ
ပင့်ကူလေးတစ်ကောင်လောက် ဆင်ထားသင့်မှန်း ကျနော် သေချာသိနေလို့ပါပဲ။”
ဇာမဲရဲ့ ကြက်တူရွေး ပြောတာပြီးသွားတော့ အိမ်ရှင်မိန်းမကြီး
ပခုံးပေါ်က ကြက်တူရွေးက မိန်းမကြီး နားနားကပ်ပြီး တီးတိုး ပြောတယ်၊ “သူက ပြောနေတယ်၊
ဒီကျောကုတ်စက်ကလေးကို ဝယ်ပါတဲ့”။ အသံက တိုးလွန်းတော့ ဇာမဲဆီကတော့ မကြားရဘူး။
မိန်းမကြီးက သူ့ကြက်တူရွေးဆီ တီးတိုး ပြန်ရေရွက်တယ်၊ “မလိုချင်ဘူး”တဲ့၊ ဒါကိုပဲ သူ့ကြက်တူရွေးက အောက်ပါအတိုင်း အကျယ်ချဲ့ ပြောတော့ရဲ့၊ “အို…
တကယ့်ကို အံ့ဩစရာပါပဲရှင်။ ရှင်တို့ ကုမ္ပဏီကတော့ ပစ္စည်းအသစ်တွေ
တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် တီထွင်နေကြတော့တာပဲ။ ဒါပေမဲ့ ကံများ ဆိုးချင်တော့လေ၊ အစ်မတို့မှာ ဒီလိုအပျံစား
ကြိယာတစ်ခု တပ်ဆင်ဖို့ တကယ့်ကို အစီအစဉ် မရှိသေးလို့ပါရှင်။”
ဇာမဲရဲ့ ကြက်တူရွေးက ဇာမဲကို သတင်းပို့တယ်၊ “မိန်းမကြီးက
ပြောနေတယ်၊ မလိုချင်ဘူးတဲ့။”
ဇာမဲက ရေရွက်ပြန်တယ်၊ “အာ… လုပ်စမ်းပါ”။ ဆိုတော့ သူ့ ကြက်တူရွေးကလည်း တစ်ဆင့်တိုးပြီး နွေးနွေးထွေးထွေးပုံစံနဲ့
ကြေငြာပြန်တယ်၊ “သို့ပေမဲ့… အစ်မကြီးခင်များ၊ ဒီပစ္စည်းလေးဟာ ဘယ်လောက်များ
အံ့ဩဘနန်း အဆင်ပြေထားလဲ… ကြည့်ကြည့်ပါ။ အစ်မကြီးလက်နဲ့ မမီနိုင်တဲ့နေရာမျိုးကို
ဒီပစ္စည်းလေးက ကုတ်ပေးနိုင်ပါတယ်။ ပြီးရင် ဧည့်သည်ဆောင်သည်တွေရှေ့ဆိုရင်တောင်
သူတို့ကို ယုန်ထင်ကြောင်ထင် မထင်စေဘဲ
အသုံးပြုလို့ ရပါတယ်။ အားစိုက်ပြီး ကုတ်ရတဲ့ဒုက္ခက အေးသွားမှာကတော့ ပြောနေစရာတောင်
မလိုတော့ပါဘူး။ ကျနော်တို့အနေနဲ့လည်း ဈေးကို သူများတွေထက် သက်သာနိုင်သမျှ
သက်သာအောင် စီစဉ်ထားပါတယ်ခင်ဗျာ့။”
“သူက ပြောနေတယ်၊ တဆိတ်လောက် အားပေးပါတဲ့။”
“ဒုက္ခပါပဲ။”
အဲလို ပိုင်ရှင်နဲ့
အပြန်အလှန် ပြောပြီး မိန်းမကြီးရဲ့ ကြက်တူရွေးက ဖြေလာတယ်၊ “အမှန်အတိုင်း
ပြောရရင် အစ်မက အစ်မယောက်ကျားနဲ့ မတိုင်ပင်ဘဲ ဘာမှ ဝယ်တာ မဟုတ်ဘူးရှင့်။
ကံဆိုးချင်တော့ ယောက်ကျားက အလုပ်က ပြန်မရောက်သေးဘူး။ ဆိုတော့ ဒီလိုမျိုး အရေးတကြီး ဆုံးဖြတ်ချက်တစ်ခုကို
အစ်မချည့် ချလို့မရ ဖြစ်နေလို့ပါရှင်။ ညရောက်ရင်တော့ သူနဲ့ အစ်မ
ဆွေးနွေးဖြစ်မလားပဲ။ ပြီးလို့ နောက်တစ်ခါ ရှင် ဒီနားတဝိုက် ရောက်လာတဲ့အခါ ဒီဘက်
တဆိတ် လှည့်ဝင်ခဲ့ပေါ့။ အစ်မလည်း အားပေးချင်ပါတယ်၊ တကယ့်ကို ပြောနေစရာတောင်
မလိုပါဘူး။ တကယ်ပဲ ဝမ်းနည်းပါတယ်ရှင်။”
ဇာမဲရဲ့ ကြက်တူရွေးက ဒါကိုပဲ လိုရင်းချုံ့ပြီး သူ့ကို
ပြန်ပြောတယ်၊ “မိန်းမကြီးက ပြောနေတယ်၊ လစ်လိုက်တော့…တဲ့။”
ဇာမဲလည်း လက်လျှော့လိုက်တယ်၊ တစ်ဆက်တည်း
လျှပ်စစ်ပင့်ကူလေးကို ဘူးထဲ ပြန်ထည့်ရင်းက တီးတိုး ရေရွက်တယ်၊ “သွားတော့မယ်နော်…၊
ဘေဘီ။”
သူ့ပခုံးပေါ်က ကြက်တူရွေးက သွားတော့မယ့်အကြောင်း
ယဉ်ကျေးပျူငှာစွာနဲ့ အကြောင်းကြားတယ်၊ “အို… ဟုတ်ပါပြီလေ။ တကယ့်ကို
မျက်နှာပူစရာပါပဲ။ ကောင်းပါပြီခင်ဗျာ။ အစ်မကြီး စိတ်မရှိဘူးဆိုရင် မကြာခင်
တစ်ချိန်ချိန်မှာ အစ်မကြီးဆီ ကျနော် ဆက်သွယ်ပါဦးမယ်။ အခုလို အစ်မကြီးရဲ့
အဖိုးတန်အချိန် အတော်များများ ပေးလိုက်ရတာအတွက် တောင်းပန်ပါတယ်။ အစ်မကြီးရဲ့
အမျိုးသားကို ဆုမွန်ကောင်း တောင်းတဲ့ အကြောင်းလည်း တဆိတ် ပြောပေးပါခင်ဗျာ့။”
ဇာမဲ အိမ်အပြင်
ထွက်လာတယ်။ သူ့ပခုံးပေါ်မှာ ကြက်တူရွေးက တန်းလန်း၊ စကိတ်ဘီးကို စက်ရှိန်မြှင့်ပြီး
ရုံးရှိရာ ပြန်လာလိုက်တယ်။
သူ စားပွဲမှာ
ထိုင်ရင်းက တစ်နေ့စာ ပြေစာရွက်တွေကို ဂဏန်းပေါင်းစက်တစ်လုံးနဲ့
ထည့်ပေါင်းနေတုန်း ဌာနအကြီးအကဲ ပခုံးပေါ်က ကြက်တူရွေးက သူ့ကို လှမ်းခေါ်လာတယ်၊ “ဟေး…
ဇာမဲ” တဲ့။
“အိုး… ကောင်းပါလေ့၊ လက်ချာတွေ ရိုက်ပြန်တော့မှာပဲ၊” ဇာမဲ သူ့ကိုယ်သူ တီးတိုး ညည်းတယ်၊ ဒါကိုပဲ သူ့ကြက်တူရွေး ပြန်ပြောတာက “ခုပဲ
လာပါပြီ… ဆရာ။ ဒီမှာ ဒါလေးအရင် ပြတ်အောင် လက်စသတ်လိုက်ပါရစေဦး…။”
မကြာခင်မှာ ဇာမဲလည်း အကြီးအကဲရဲ့ စားပွဲရှေ့
မတ်တပ်သွားရပ်တယ်။ အကြီးအကဲက ဆေးရွက်ကြီး မီးခိုးတစ်အုပ် မှုတ်ထုတ်တယ်။
မီးခိုးငွေ့တွေကြားကပဲ သူ့ပခုံးပေါ်က ကြက်တူရွေးက အာဏာပါဝါအပြည့်ပုံစံနဲ့
ပြောလာတယ်။ “ကဲ… ဟောဒီမှာ ကြည့်၊ ဇာမဲရေ။ အခုအချိန်ကတော့ ကုမ္ပဏီအတွက် အရေးပေါ်ကာလတွေပဲကွ။
ခုန်ပျံကျော်လွှား ရှေ့သို့သွား…အစီအစဉ်ကြီး လုပ်ကြရမယ်ဆိုပြီး ငါတို့ကို
အတွန်းခံနေရတယ်လေ။ ဒီကိစ္စ မင်းရော၊ ကျန်တဲ့လူတွေပါ သိကြပြီးသား ဖြစ်မှာပါပဲ။
ဒါပေမဲ့ မင်းဆီက ရလာဒ်တွေ ကြည့်တော့ မင်းအနေနဲ့ ဒီထက် ပိုလုပ်နိုင်ရမှာ… ငါတော့
ခံစားရတာပဲ။ ဒါက သိပ်ကောင်းလှတဲ့ အခြေအနေ မဟုတ်ဘူးကွ။ အခု ငါ ပြောတာတွေ မင်း
နားလည်စေချင်တယ်။ မင်းအနေနဲ့ သန္ဒိဋ္ဌာန် ခိုင်ခိုင်မာမာ ချဖို့ လိုနေပြီကွာ။”
ဇာမဲရဲ့ ကြက်တူရွေးက သူ့ကို တီးတိုး ပြောတယ်၊ “သူ
ပြောနေတယ်၊ ပိုရောင်းရအောင် လုပ်ပါတဲ့။”
“ဟုတ်ပါ့၊” ဇာမဲ တီးတိုး ပြန်ပြောတယ်၊ “ဒီကိစ္စက သိပ်လွယ်တာ ကျနေတာပဲ။” သူ့ကြက်တူရွေးက ကျိုးကျိုးနွံနွံ တုန့်ပြန်တယ်၊
“ဟုတ်ကဲ့ပါ ဆရာ၊ ကျနော် ကောင်းကောင်း သဘောပေါက်ပါတယ်။ ပြီးရင် ရောင်းအား ပမာဏကို
ဒီထက်ပိုတက်အောင် လုပ်ဖို့လည်း ကျနော် ထပ်ပြီး သန္ဒိဋ္ဌာန် ချထားပါတယ်။
တစ်ခုရှိတာက… ကျနော်တို့ရဲ့ ပြိုင်ဘက်တွေဟာ နည်းပညာအသစ် မျိုးစုံ အကုန် ထုတ်သုံးနေကြတာပါ။
ရောင်းရပြုရတာ အရင်ကလို မလွယ်တော့ပါဘူး။ ကျနော့်ဘက်က ဒီထက်ပို အားစိုက်သွားမှာတော့
အသေအချာပါပဲ။ ဒါပေမဲ့ ဆရာ…၊ ဆရာ့အနေနဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနကို
ပစ္စည်းအသစ်အသစ်တွေ ထပ်ထွင်သွားဖို့ တိုက်တွန်းပေးရင်တော့ ကျနော့်အနေနဲ့
ကျေးဇူးတင်မဆုံး ဖြစ်မိမှာပါပဲဆရာ။”
New Electro ရုံးခန်းမှာ တစ်နေ့တာအလုပ်သိမ်း
ခေါင်းလောင်းသံ မြည်လာတယ်။ နောက်ဆုံးတော့ တစ်နေ့တာ ပြီးသွားပေါ့! တစ်နေကုန် ဒီအတိုင်း ပတ်ပြေးနေရတာ မောမှမော။ တစ်ခွက်တစ်ဖလားတော့ မော့ဦးမှပဲ။
ဇာမဲ ဂဲလက်ဆီဘား တံခါးကို တွန်းဖွင့်လိုက်တယ်။
ဒီဘားက သူ အိမ်အပြန် မကြာမကြာ ဝင်နေကျဘား။ သူ ဝင်လာတာ တွေ့တယ်ဆိုရင်ပဲ
ဆိုင်ရှင်မိန်းမရဲ့ ကြက်တူရွေးက ညှို့ဓာတ်အပြည့်လေသံနဲ့ လှမ်းခေါ်လာတော့တယ်၊ “အလို…
ကိုဇာမဲ… ရှင်ကိုး။ ကြွပါ…ကြွပါ။ မတွေ့ရတာ ခေတ်အလီလီ ကြာနေပြီကော။ ရှင်လို
ကိုလူချောတစ်ယောက် ဒီကနေ ပျောက်သွားတာနဲ့ ဒီနေရာလည်း တကယ့်သိမ်ငယ်စရာ နေရာကြီး
ဖြစ်ကျန်ရစ်တော့တာပါပဲရှင်။”
ဇာမဲအတွက်တော့ တစ်နေ့တာလုံးမှာ ဒီအပိုင်းက
အသာယာဆုံးအချိန်။
...................................
Hoshi Shin'ichi ၏ (ဂျေးရူဘင် ဂျပန်မှ အင်္ဂလိပ်သို့ ပြန်ဆိုသည့်)
Sholder-top Secretary ကို ကျော်ဘသစ် တစ်ဆင့် ပြန်သည်။
Sholder-top Secretary ကို ကျော်ဘသစ် တစ်ဆင့် ပြန်သည်။
Comments
Post a Comment