ပခုံးကပ် အတွင်းရေးမှူး
စက်တပ်စကိတ်ဘီးနဲ့ ပလပ်စတစ်ခင်းလမ်းပေါ် လျှောဆင်းရင်းက ဇာမဲ သူ့လက်ပတ်နာရီကို ငုံ့ကြည့်တယ်။ ၄ နာရီ၊ ၃၀ မိနစ်။ အင်း…၊ ရုံး ပြန်မလှည့်ခင် တစ်နေရာလောက်ဝင် ကြိုးစားကြည့်ရ ကောင်းမှာပဲ ။ ဇာမဲ စကိတ်ကို အရှိန်လျှော့ပြီး အိမ်တစ်အိမ်ရှေ့ သွားရပ်တယ်။ ဇာမဲက အရောင်းသမား။ ဘယ်ဘက်လက်ထဲမှာ ဈေးပစ္စည်းအပြည့်နဲ့ ဘူးကြီးတစ်ဘူး သယ်လို့။ သူ့ညာဘက်ပခုံးပေါ် နားနေတာက အတောင်ပံလှလှလေးတွေနဲ့ ကြက်တူရွေးတစ်ကောင်၊ ဒီဘက်ခေတ်မှာတော့ လူတိုင်း ပခုံးတွေပေါ်မှာ ခုလိုပဲ ကြက်တူရွေးတွေ လိုက်ပါနေကြတာပဲ။ သူ လူခေါ်ဘဲလ်ကို နှိပ်ပြီး စောင့်တယ်။ နောက်ဆုံးမှာ တံခါး ပွင့်လာပြီး အိမ်ရှင်မိန်းမကြီး ထွက်လာတယ်။ “ဟိုင်း၊ ” ဇာမဲ ဗလုံးဗထွေး ရေရွက်လိုက်တယ်၊ ချက်ချင်းဆိုသလို သူ့ပခုံးပေါ်က ကြက်တူရွေးက အာပေါင်အာရင်းသန်သန် ပြောလေတော့ရဲ့၊ “အစ်မကြီးခင်များ၊ အခုလို အလုပ်ရှုပ်နေတဲ့ အချိန်ကြီးမှာ အစ်မကြီးကို ဝင်နှောက်ယှက်မိသလို ဖြစ်သွားရင် တဆိတ် ခွင့်လွှတ်ပေးဖို့ အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ။ ” ကြက်တူရွေးက စက်ရုပ်ကြက်တူရွေး၊ စနစ်တကျ ဖန်တီးထားတဲ့ လျှပ်စစ်ဦးနှောက်တစ်ခုရယ်၊ ပြီးရင် အသံသွင်းစနစ်နဲ့ စပီကာပါ တပ်ထားတယ်။ စကားအပြန်အလှန် ပ...