အိပန်နီမာက ကောင်မလေး





၁၉၆၃/၁၉၈၂ အိပန်နီမာက ကောင်မလေး

 

အရပ်မားမား၊ ကြေးနီရောင်အသားနဲ့ ပျိုမျစ် ချစ်စရာ၊

အိပန်နီမာက ကောင်မလေး လမ်းလျှောက်လာ။

လျှောက်နေပုံများ ဆမ္ဘာအက ကနေသည့်အလား၊

လွှဲပုံကလေးက ငြိမ့်ငြိမ့်၊ ရွေ့ပုံကလေးက သာသာ၊

ကျနော် သူ့ကို ချစ်နေမိတာ ဘယ်လိုများ ပြောရမှာ။

တကယ်ပါ၊ ကျနော့်နှလုံးသားကို တရက်တရော ပေးလိုက်ချင်တာ

သို့ပေမဲ့ တစ်နေ့တစ်နေ့ ပင်လယ်ဆီ သူ လမ်းလျှောက်လာတဲ့အခါ

ရှေ့တူရူသာ ကြည့်၊ ကျနော့်ဘက် ယောင်လို့ လှည့်မကြည့်ရှာ[1]

 

ဒါက ဟိုးအရင် ၁၉၆၃ ခုနှစ်က အိပန်နီမာက ကောင်မလေး ပင်လယ်ဆီ လှမ်းကြည့်နေတဲ့ပုံ၊ ပြီးတော့ ခု ၁၉၈၂ ရောက်တဲ့အထိ ပင်လယ်ဆီ ကြည့်မြဲ ကြည့်နေဆဲပုံပေါ့။ ကောင်မလေးက အိုစာ မသွားဘူး။ သူ့ပုံရိပ်ထဲသူ အလုံသိမ်းထုပ်ရင်း ကာလသမုဒ္ဒရာထဲ တရွေ့ရွေ့ ဖြတ်မျောနေတာပေါ့။ သူသာ အသက် ဆက်ကြီးခဲ့မယ်ဆို ခုချိန် လေးဆယ်နားနီး ရှိရော့မှာ။ ရှိချင်မှလည်း ရှိဦးမှာပါ။ ဘာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ သူ့မှာ ခုလိုသွဲ့ပျောင်းပျောင်း ကိုယ်ကလေးနဲ့တော့ ဟုတ်တော့မယ် မထင်ဘူး၊ ပြီးရင် ဒီလောက်လည်း ကြေးနီရောင် သန်းချင်မှ သန်းတော့မှာ။ သူ့နဂိုအလှတချို့ တင်ချင် တင်ကျန်မယ်၊ ဒါပေမဲ့ ကလေးသုံးယောက် ရနေလောက်ရုံမက နေပူဒဏ် အထိများပြီး သူ့အသားအရေလည်း ယိုယွင်းနေလောက်ပြီ။

မည်သို့ဆိုစေ၊ ကျနော့်ဓာတ်ပြားထဲမှာတော့ ကောင်မလေးက တစ်စက်ကလေး အိုစာ မသွားဘူး။ စတန်းဂက်ဇ်ရဲ့ သံမြင့်ဆက်ဆိုဖုန်းသံ ဖဲကတ္တီပါစထဲ သိမ်းထုတ်ရင်းက သူ့မှာ ကြည့်ကောင်းမြဲ ကြည့်ကောင်းဆဲ။ တညင်တသာ ရွေ့လျားမြဲ ရွေ့လျားနေတဲ့ အိပန်နီမာက ကောင်မလေးပေါ့။ ကျနော် ဓာတ်ပြားချပ်ကို ဓာတ်စက် ဆုံလည်ပေါ် တင်၊ အပ်ကို အပ်သွားကြောင်းပေါ် တည်လိုက်တယ်၊ ပြီးတော့ အဲဒီမှာ သူ ပေါ်လာတော့ရဲ့။

ကျနော် သူ့ကို ချစ်နေမိတာ ဘယ်လိုများ ပြောရမှာ၊

တကယ်ပါ၊ ကျနော့်နှလုံးသားကို တရက်တရော ပေးလိုက်ချင်တာ။

ဒီတေးသွား ကြားမိတိုင်း ကျနော့်အထက်တန်းကျောင်းက စင်္ကြံလမ်းဆီ ပြန်အမှတ်ရစိတ်တွေ အမြဲလိုလို ပေါ်လာနေကျ။ စင်္ကြံလမ်းက မှောင်ပြီး စိုထိုင်းထိုင်း။ ကွန်ကရက် ကြမ်းခင်းတလျောက် လျှောက်သွားလိုက်တာနဲ့ မျက်နှာကြက် အမြင့်ကြီးဆီကနေ ခြေနင်းသံတွေ ပဲ့တင် ပြန်လာရော။ စင်္ကြံလမ်းမြောက်ဘက် ဘေးတစ်ဘက်မှာ ပြူတင်းပေါက် အနည်းအပါး ရှိပေမဲ့လို့ ပြူတင်းပေါက်တွေက တောင်ခြေနဲ့ သွားညပ်နေတာ။ ဒါနဲ့တင် စင်္ကြံလမ်းလည်း အမြဲလို မှောင်နေတော့တာ။ ပြီးတော့ အမြဲတမ်းလိုလို တိတ်ဆိတ်လို့။ အနည်းဆုံး ကျနော့်မှတ်ဉာဏ်ထဲတော့ပေါ့လေ။

ဘယ့်နှယ်ကြောင့် ‘အိပန်နီမာက ကောင်မလေး’ သီချင်းက ကျနော့်ကို အထက်တန်းကျောင်း စင်္ကြံလမ်းဆီ သွားသတိရစေတာလဲတော့ ကျနော်လည်း အသေအချာ မပြောတတ်ဘူး။ တစ်ခုနဲ့တစ်ခုက ဘာမှ အဆက်အစပ် ရှိတာ မဟုတ်။ ဒီ၁၉၆၃ အိပန်နီမာက ကောင်မလေးဟာ ကျနော့်ရဲ့ အတွင်းထဲ အနယ်ထိုင်နေတဲ့ မသိစိတ်ရေတွင်းထဲ ဘယ်လို ကျောက်စရစ်ခဲတွေ ပစ်ချနေမှန်း မတွေးတတ်အောင်ပဲ။

အထက်တန်းကျောင်းတုန်းက စင်္ကြံလမ်းအကြောင်း တွေးမိတိုင်း အသုပ်စုံအကြောင်းပါ ကျနော့်ခေါင်းထဲ ဝင်လာတယ်။ ဆလတ်ရွက်၊ ခရမ်းချဥ်သီး၊ သခွါးသီး၊ ငရုပ်ကောင်းစိမ်း၊ ကညွတ်၊ ကြက်သွန်ကွင်း၊ ပြီးရင် ပန်းရောင် သောင်ဆင့်အိုင်းလန်တံဆိပ် အနှစ်ရည် ဆမ်းထားတဲ့ အသုပ်စုံ။ အသုပ်ဆိုင်က စင်္ကြံလမ်းထိပ်မှာ ရှိတာ မဟုတ်ဘူး။ ဟင့်အင်း၊ အဲဒီမှာက တံခါးတစ်ပေါက်ပဲ ရှိတာ၊ တံခါးအလွန်မှာတော့ နှစ်ဆယ့်ငါး မီတာ ကျယ်တဲ့ ခြောက်ခမ်းခမ်း ရေကန် တစ်ကန်။

ဒါနဲ့များ ဘယ့်နှယ်လုပ် အထက်တန်းကျောင်း စင်္ကြံလမ်းကနေ အသုပ်စုံတွေဆီ သွားသတိရမိတာပါလိမ့်? ဒီနှစ်ခုမှာလည်း တစ်ခုနဲ့တစ်ခု အဆက်အစပ် မရှိပြန်ဘူး။ ဒီလိုပဲ တွဲပြီး ပေါ်လာတတ်တာပဲ၊ ပြောရရင် ကံဆိုးချင်တဲ့ အမျိုးသမီး တစ်ယောက် လတ်တလောတင်မှ ဆေးသုတ်ထားတဲ့ တန်းလျား တစ်လုံးပေါ် သွားထိုင်မိ၊ ပြီးတဲ့နောက်မှ သူ့အဖြစ်သူ သိလိုက်ရသလိုမျိုးပဲ

အသုပ်စုံတွေကတစ်ဆင့် အဲဒီတုန်းက ကျနော်နဲ့ သိသလိုလို ရှိခဲ့တဲ့ ကောင်မလေး တစ်ယောက်ကို ပြေးသတိရစေတယ်။ ဒီတစ်ခုကတော့ ယုတ္တိကျကျ ဆက်စပ်မှု ရှိသား၊ ဆက်စပ်ဆို အဲဒီကောင်မလေး တစ်ချိန်လုံး စားနေသမျှက အသုပ်စုံတွေကိုး။

“အင်္ဂလိပ်စာ (ဂျွတ်ဂျွတ်)အိမ်စာအခြေအနေ ဘယ်လိုလဲ (ဂျွတ်ဂျွတ်)? လုပ်ပြီးပြီလား?”

“အကုန်တော့ (ဂျွတ်ဂျွတ်) မပြီးသေးဘူး။ ဖတ်စာတွေ (ဂျွတ်ဂျွတ်) ထပ်လုပ်စရာ ကျန်သေးတယ်။”

ကျနော်ကိုယ်တိုင်လည်း အသုပ်စားရတာ ကြိုက်တော့ ခပ်ကြိုက်ကြိုက်။ ဒါနဲ့ သူနဲ့ အတူရှိတဲ့ အခါတိုင်း ကျနော်တို့မှာ အဲဒီလို အသုပ်ပလုတ်ပလောင်းနဲ့ အပြန်အလှန် ပြောဆိုနေတဲ့အသံတွေ ပေါ်နေရော။ ကောင်မလေးက ခံယူချက် အပြင်းစားတွေနဲ့ ကောင်မလေး၊ သူ့ခံယူချက်တွေထဲမှာ နေ့တဓူဝ စားသောက်မှုမှာ အသီးအရွက် များများနဲ့ သမမျှတစွာ စားသောက်မယ်ဆို အရာရာ ပိုကောင်းလာမယ်ဆိုတဲ့ဟာလည်း ပါတယ်။ လူတိုင်း အသီးအရွက်တွေပဲ စားနေသရွေ့ ကမ္ဘာကြီးဟာ လှပပြီး အေးချမ်းတဲ့နေရာ ဖြစ်ရုံမက မေတ္တာတရားနဲ့ ကျန်းမာရေး ကောင်းကျိုးတွေပါ ပြည့်နှက်လျှံဝေနေတော့မှာတဲ့။ စထရောဘယ်ရီ ကြေငြာချက်[2]ဆိုတာလိုမျိုးပေါ့လေ။

“ဟိုး... ဟိုးရှေးရှေးတုန်းတစ်ချိန်က” တဲ့၊ တွေးခေါ်ပညာရှင် တစ်ယောက်က ရေးဖူးရဲ့၊ “ရုပ်ဒြပ်ရယ်၊ အမှတ်သညာရယ် နှစ်ခုကြားမှာ စိတ်ကူးဒြပ်ထည် ချောက်နက်ကြီးတစ်ခုနဲ့ နယ်ခြားထားခဲ့တဲ့ အချိန် တစ်ချိန် ရှိခဲ့ဖူးတယ်[3]” တဲ့။

၉၆၃/၁၉၈၂ အိပန်နီမာက ကောင်မလေးကတော့ စိတ်ကူးဒြပ်ထည် သောင်ပြင်တစ်ခုရဲ့ သဲပြင် နွေးနွေးတလျောက် တိတ်တဆိတ် ဆက်လျှောက်နေတုန်း။ သောင်ပြင်က အတော့်ကို ရှည်ရှည်။ လှိုင်းဖြူဖြူ ညင်ညင်လေးတွေ တဖျတ်ဖျတ် လာရိုက်နေတယ်။ လေက ငြိမ်လို့၊ မိုးကုပ်စက်ဝိုင်းမှာ လှမ်းမြင်ရတာ ဘာမှ မရှိဘူး။ ပင်လယ်နံ့ပဲ ရှိတယ်။ ပြီးတော့ နေကလည်း ဗလောင်ဆူလို့။

သောင်ပြင်မိုးထီးအောက်မှာ ကျနော် ခြေဆန့်ထိုင်ရင်း ရေခဲပုံးထဲကနေ ဘီယာသံဘူး တစ်ဘူး ယူ၊ ပြီး အညှာကို ဆွဲဖြုတ်လိုက်တယ်။ ကောင်မလေးကလည်း ဖြတ်လျှောက်အလာ။ အနီအပြာအဝါ ဘိကိနီလေးက သူ့ရှည်သွယ်သွယ်၊ ကြေးနီရောင် သန်းနေတဲ့ ကိုယ်ပေါ်မှာ တွယ်ပါလာတယ်။

 “ဟေး... ဘယ်လိုတုံး အခြေအနေ?” ကျနော် သွေးတိုးစမ်းလိုက်တယ်။

“အို... ဟယ်လို၊” သူက ပြန်နှုတ်ဆက်လာတယ်။

“ဘီယာတစ်ဘူးလောက်၊ ဘယ်လိုသဘောရတုံး?”

သူက ခဏတော့ အားတုံ့အားနာ။ ဒါပေမဲ့ ဘာပဲပြောပြော၊ သူ့မှာ လမ်းလျှောက်ရင်းက မောကလည်း မော၊ ပြီး ရေကလည်း ဆာနေပြီလေ။ “သောက်ချင်သား၊” သူ ပြောလာတယ်။

ဒါနဲ့ပဲ နှစ်ယောက်သား ကျနော့်သောင်ပြင်ထီးအောက်မှာ ဘီယာအတူ သောက်ဖြစ်ကြတယ်။

“ဒါနဲ့ စကားမစပ်၊” ကျနော် အရဲစွံ့ပြောလိုက်တယ်၊ ”၁၉၆၃ တုန်းက ကျနော်တို့ ဆုံခဲ့ဖူးတာ သေချာတယ်။ ဒီအချိန်၊ ဒီနေရာမှာပဲ ဆုံခဲ့တာ။”

“အတော်ကြီးတောင် ကြာလောက်ပါပကော၊” သူက ခေါင်းကလေးကို အသာငဲ့ ပြောတယ်။

“ဟုတ်တယ်၊ အတော်ကြာပြီ၊” ကျနော် ပြောလိုက်တယ်။

သူက တစ်ကျိုက်တည်းနဲ့ ဘီယာ ဘူးတစ်ဝက် အပြောင် ရှင်းလိုက်တယ်၊ ပြီးတော့ ဘူးထိပ်က အပေါက်လေးထဲ သူ ငုံ့ကြည့်နေတယ်။ ဘူးက တွေ့နေကျ ဘီယာသံဘူး၊ ပုံမှန်ပါနေကျ အပေါက်နဲ့ပဲ၊ ဒါပေမဲ့ ပွင့်နေတဲ့ အပေါက်ထဲ သူ ငုံ့ကြည့်နေပုံက အထူးတလည် အရေးတယူ လုပ်စရာ ရှိနေသလို ပုံစံမျိုး၊ တစ်လောကလုံး အဲဒီအပေါက်ထဲ ကျွံဝင်သွားတော့မယ့်အတိုင်း။

“၁၉၆၃ တုန်းက ကျမတို့ တွေ့ဖူးတာ ဟုတ်ချင် ဟုတ်မှာ၊ နော်? အင်း... ၁၉၆၃၊ ကျမတို့ တကယ် တွေ့ဖူးလောက်တယ်။”

“မင်းကတော့ တစ်စက်ကလေးမှကို အိုမသွားဘူးနော်။”

“ဘယ်အိုပါ့မလဲ၊ ကျမက စိတ်ကူးဒြပ်ထည်နယ်ပယ်[4]က မိန်းကလေးပဲလေ။”

ကျနော်လည်း ခေါင်းညိတ်လိုက်တယ်။ “အဲဒီတုန်းက မင်းက ကျနော် ရှိနေတာကိုတောင် မသိဘူး။ မင်းက သမုဒ္ဒရာဘက်ပဲ လှည့်ကြည့်နေတာ၊ ကျနော့်ဘက် တစ်ခါမှ မကြည့်ဘူး။”

“ဟုတ်မှာပဲ” တဲ့၊ သူက ပြောတယ်၊ ပြီးတော့ ပြုံးတယ်။ တကယ့် ထူးခြားလှပတဲ့ အပြုံး၊ ဒါပေမဲ့ ဝမ်းနည်းရိပ်လေးနဲ့။ “ကျမက သမုဒ္ဒရာဘက်ချည့်ပဲ လှမ်းကြည့်နေခဲ့တာနေမှာ၊ တခြား ဘာကိုမှ မြင်ခဲ့တဲ့ပုံ မပေါ်ဘူး။”

ကျနော် ဘီယာနောက်တစ်ဘူး ကျနော့်အတွက်ကျနော် ဖောက်တယ်။ ပြီးတော့ သူ့ကို တစ်ဘူး  ထပ်ယူမလား၊ ကမ်းလှမ်းတယ်။ သူက ခေါင်းခါတယ်။ “ကျမ ဘီယာ အများကြီး သောက်လို့ မဖြစ်ဘူး၊” သူက ပြောတယ်။ “ကျမ ရှေ့ဆက် လျှောက်မြဲလျှောက်နေရဦးမှာ။ ဘာပဲဖြစ်ဖြစ် ကျေးဇူး” တဲ့။

“မင်းခြေဖဝါးတွေ ပူကျွတ်မကုန်ဘူးလား?” ကျနော် မေးလိုက်တယ်။

“လုံးလုံးကို မပူတာ၊” သူက ပြောတယ်၊ “ကျမခြေဖဝါးတွေက စိတ်ကူးဒြပ်ထည်စစ်စစ်တွေလေ၊ ကြည့်ကြည့်မလား?”

“အိုကေ။”

သူက သူ့ရှည်ရှည်သွယ်သွယ် ခြေတံကို ကျနော့်ဆီ ဆန့်လာတယ်၊ ပြီးတော့ သူ့ခြေဖဝါးတွေကို ပြတယ်။ သူပြောတာ အဟုတ်၊ ခြေဖဝါးက တကယ့်အံသြစရာ စိတ်ကူးဒြပ်ထည် ခြေဖဝါး။ ကျနော့်လက်ချောင်းနဲ့ ခြေဖဝါးကို ထိကြည့်တယ်။ ပူလည်း မပူ၊ အေးလည်း မအေးဘူး။ ကျနော့်လက်ချောင်းနဲ့ သူ့ခြေဖဝါးကို ထိကြည့်တဲ့အချိန် လှိုင်းခတ်သံ မျှင်းမျှင်းလေး ပေါ်နေတယ်။ စိတ်ကူးဒြပ်ထည်နယ်ပယ်က အသံမျိုး။

ကျနော် မျက်လုံးတွေ ခဏ ပိတ်ထားလိုက်တယ်။ ပြီးတော့ မျက်လုံးတွေ ပြန်ဖွင့် ဘီယာအေးအေး တစ်ဘူးလုံးကို မော့ချလိုက်တယ်။ နေက ဘယ်မှ မရွေ့ဘူး။ အချိန်ကာလကိုယ်နှိုက်က ရပ်နေတဲ့အတိုင်း၊ ကာလတရားဟာ မှန်ပြင်တစ်ခုထဲ စုပ်မျိုခံထားရသလိုပဲ။

“မင်းအကြောင်း တွေးမိတိုင်း ကျနော့်အထက်တန်းကျောင်းက စင်္ကြံလမ်းဆီ အတွေးရောက်ရောက် သွားတယ်၊” ကျနော် သူ့ကို ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်၊ “ဘာလို့ရယ်မှန်း ကျနော်လည်း မတွေးတတ်ဘူး။”

“လူ့အတွင်းသားကိုယ်နှိုက်က ရှုပ်ထွေးမှုမှာ အရင်းခံတာလေ၊” သူက ပြန်ပြောလာတယ်။ “သိတယ် မဟုတ်လား၊ သိပ္ပံနည်းကျ စူးစမ်းနေကြတဲ့ အရာဝတ္ထုတွေဆိုတာကိုက အပြုခံဗဟိဒ္ဓအရာအပေါ် မှီတည်နေတာ မဟုတ်ဘူး၊ လူ့ကိုယ်ထဲမှာ ရှိတဲ့ ပြုသူအဇ္စျတ္တသဘောအပေါ်မှာသာ မှီတည်နေတာ။”

“အဟုတ်?”

“ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ရှင်ကတော့ အသက်ဆက်ရှင်နေရမှာပဲ။ ဆက်ရှင်! ဆက်ရှင်! ဆက်ရှင်ရုံပဲ! ဒီသဘောပဲ။ အရေးအကြီးဆုံးက အသက် ဆက်ရှင်နေရေးပဲလေ။ ကျမပြောတတ်တာတော့ ဒီလောက်ပဲ။ တကယ် ဒီလောက်တင်။ ကျမက စိတ်ကူးဒြပ်ထည် ခြေဖဝါးတွေနဲ့ ကောင်မလေးတစ်ယောက်ထက် မပိုဘူးလေ။”

၉၆၃/၁၉၈၂ အိပန်နီမာက ကောင်မလေးက သူ့ပေါင်တွေက သဲတွေကို ပွတ်ထုတ်ရင်း ထရပ်တယ်။ “ဘီယာအတွက် ကျေးဇူးပါ။”

“ပြောနေစရာ မလိုပါဘူး။”

တစ်ခါတစ်ခါ၊ အတော်ကြီးကြာတဲ့ တစ်ခါတလေမှာတော့ ကျနော် သူ့ကို မြေအောက်ရထားဘူတာမှာ လှမ်းလှမ်းတွေ့တယ်။ ကျနော်လည်း သူ့ကို မှတ်မိ၊ သူကလည်း ကျနော့်ကို မှတ်မိနေတယ်။ သူက ကျနော့်ဆီ “ဘီယာအတွက် ကျေးဇူး” အပြုံးလေး လှမ်းပြုံးပြနေကျ။ သောင်းပြင်မှာ ဆုံပြီးကတည်းက စကားတော့ မပြောဖြစ်ကြတော့ဘူး၊ ဒါပေမဲ့ ကျနော်တို့ နှလုံးသားတွေ အချင်းချင်းကြား ဆက်သွယ်နေတဲ့ ချိတ်လေး တစ်ခုခု ရှိနေတာတော့ ပြောရဲတယ်။ ဘယ်လို အချိတ်အဆက်မှန်း မပြောနိုင်တာ တစ်ခုပဲ။ ဖြစ်နိုင်တာကတော့ အဲဒီချိတ်ကလေးဟာ ဟိုးအစွန်အဖျား ကမ္ဘာတစ်ခုက ဆန်းပြားတဲ့ နေရာဒေသတစ်ခုမှာ သွားဆက်မိနေတာ များလားပဲ။

ကျနော် အဲဒီအချိတ်အဆက်လေးကို မြင်ယောင်ကြည့်မိတယ်။ ကျနော့်အတွင်းစိတ်ထဲကနေ ဆန့်ထွက်ပြီး တိတ်တဆိတ် ဘယ်သူမှ မဝင်နိုင်တဲ့ မှောင်မည်းမည်း ခန်းမလမ်းထဲဖြတ်သွားတဲ့ ချိတ်ကလေးပေါ့။ ဒီအကြောင်း ခုလို တွေးမိတော့ ဖြစ်ပျက်နေသမျှတွေ၊ အရာရာတွေကနေ ကျနော့်ကိုယ်ထဲ တစ်စစချင်း လွမ်းမောစိတ်နဲ့ လျှံဝေလာစေတယ်။ သေချာတာက တစ်နေရာတစ်ရပ်ဝန်းမှာ ကျနော်နဲ့ကျနော် ပြန်ဆက်သွယ်တဲ့ ချိတ်ကလေးဟာ ရှိကို ရှိနေတယ်။ ပြီး နောက်ထပ် သေချာတာ တစ်ခုက တစ်နေ့ ဟိုးအစွန်အဖျား ကမ္ဘာတစ်ခုက ဆန်းပြားတဲ့ နေရာရပ်ဝန်း တစ်ခုမှာ ကျနော်နဲ့ ကျနော် ပြန်ဆုံကြလိမ့်မယ် ဆိုတာပဲ။ ပြီးလို့ ကျနော့်ဘက်က တောင်းဆိုခွင့်များ ရရင်တော့ အဲဒီနေရာဟာ ပူပူနွေးနွေး ဒေသတစ်ခု ဖြစ်နေစေချင်တာပဲ။ တကယ်လို့ ဘီယာအေးအေးလေးတွေလည်း ရှိမယ်ဆိုရင်တော့ ဘယ်သူက ဘာထပ်တောင်းဆိုနေတော့မလဲ? အဲဒီနေရာရပ်ဝန်းမှာ ကျနော်ဟာ ကျနော် ဖြစ်၊ ကျနော့်အဖြစ်ဟာ ကျနော်ကိုယ်တိုင်။ အဇ္ဈတ္တဟာ ဗဟိဒ္ဓဖြစ်၊ ဗဟိဒ္ဓဟာ အဇ္ဈတ္တ ဖြစ်။ ခြားနေတဲ့ ကွာဟချက်အကုန် ပျောက်။ တကယ့်ကို ပြီးပြည့်စုံတဲ့ ပေါင်းစည်းမှု တစ်ခု ဖြစ်တော့မှာ။ ကမ္ဘာ့တစ်နေရာရာမှာ အဲဒီလို ဆန်းပြားတဲ့ နေရာရပ်ဝန်း တစ်ခုဟာ ရှိကို ရှိနေမှာပဲလေ။

၉၆၃/၁၉၈၂ အိပန်နီမာက ကောင်မလေးကတော့ သောင်ပြင်နွေးနွေးအတိုင်း ဆက်လျှောက်နေတုန်း။ ပြီး နောင်ကိုလည်း မနားမနေ လျှောက်မြဲလျှောက်နေဦးမှာ၊ နောက်ဆုံးလက်ကျန် ဓာတ်ပြား အိုဆွေးသွားတဲ့အထိ။



[1] ဘရာဇီးမြို့တော် ရီယိုဒီ ဂျနေရိုးရှိ အိပန်နီမာကမ်းခြေသောင်ပြင်တွင် နေ့စဥ် ဖြတ်လျှောက်နေသည့် မိန်းကလေး တစ်ဦးအား ရည်စူးစပ်ဆိုထားသည့် ဘရာဇီး (ပေါ်တူဂီဘာသာ) ဘော့စာနိုဗာသီချင်း ဖြစ်သည်။ ယခုသီချင်းစာသားမှာမူ  Stan Getz နှင့် Joao Gilberto တို့တီးခတ်၍ Astrud အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည့် ၁၉၆၃ ခုနှစ်ထွက်၊ The girl from Ipanema သီချင်း စာသား ဖြစ်သည်။

[2] ဂျိမ်းစ် ဆိုင်မွန် ကူနင်န်The Strawberry Statement စာအုပ်ကို ရည်ညွှန်းလိုဟန် ရှိသည်။

[3]  ပြင်သစ်-ဂျူး တွေးခေါ်ပညာရှင် ဟင်နရီ ဘာ့ဂ်ဆန်၏ ‘ရုပ်ဒြပ်နှင့် အမှတ်သညာ’ စာအုပ်မှ စကား။

[4] metaphysical

...........................

The 1963/1982 Girl from Ipanema by Murakami Haruki
Translated from Japanese to English by Jay Rubin,
and from English to Burmese by Kyaw Ba Thit

Comments

နောက်ထပ်ဖတ်လိုလျင်

ရှီနာဂါဝါမျောက်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်များ

ဗုဒ္ဓဝါဒီ