အိပန်နီမာက ကောင်မလေး
၁၉၆၃/၁၉၈၂ အိပန်နီမာက ကောင်မလေး အရပ်မားမား၊ ကြေးနီရောင်အသားနဲ့ ပျိုမျစ် ချစ်စရာ၊ အိပန်နီမာ က ကောင်မလေး လမ်းလျှောက်လာ။ လျှောက်နေပုံများ ဆမ္ဘာ အက ကနေသည့်အလား၊ လွှဲပုံကလေးက ငြိမ့်ငြိမ့်၊ ရွေ့ပုံကလေးက သာသာ၊ ကျနော် သူ့ကို ချစ်နေမိတာ ဘယ်လိုများ ပြောရမှာ။ တကယ်ပါ၊ ကျနော့်နှလုံးသားကို တရက်တရော ပေးလိုက်ချင် တာ ။ သို့ပေမဲ့ တစ်နေ့တစ်နေ့ ပင်လယ်ဆီ သူ လမ်းလျှောက်လာတဲ့အခါ ရှေ့တူရူသာ ကြည့်၊ ကျနော့်ဘက် ယောင်လို့ လှည့်မကြည့်ရှာ [1] ။ ဒါက ဟိုးအရင် ၁၉၆၃ ခုနှစ်က အိပန်နီမာက ကောင်မလေး ပင်လယ်ဆီ လှမ်းကြည့်နေတဲ့ပုံ၊ ပြီးတော့ ခု ၁၉၈၂ ရောက်တဲ့အထိ ပင်လယ်ဆီ ကြည့်မြဲ ကြည့်နေ ဆဲ ပုံပေါ့။ ကောင်မလေးက အိုစာ မသွားဘူး။ သူ့ပုံရိပ်ထဲသူ အလုံသိမ်းထုပ်ရင်း ကာလသမုဒ္ဒရာထဲ တရွေ့ရွေ့ ဖြတ်မျောနေတာပေါ့။ သူသာ အသက် ဆက်ကြီးခဲ့မယ်ဆို ခုချိန် လေးဆယ်နားနီး ရှိရော့မှာ။ ရှိချင်မှလည်း ရှိဦးမှာပါ။ ဘာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ သူ့မှာ ခုလိုသွဲ့ပျောင်းပျောင်း ကိုယ်ကလေးနဲ့တော့ ဟုတ်တော့မယ် မထင်ဘူး၊ ပြီးရင် ဒီလောက်လည်း ကြေးနီရောင် သန်းချင်မှ သန်းတော့မှာ။ သူ့နဂိုအလှတချို့ တင်ချင် တင်ကျန်မယ်၊ ဒါပေမဲ့ ကလေးသု...