ဇစ်ဖွင့်ခြင်း
ဇစ်ဖွင့်ခြင်း
အနမ်းနဲ့ စလာတာ။ ဒါကလည်း အမြဲလို အနမ်းနဲ့ စနေကျ။ အယ်လာက
ထိကီနဲ့အတူ အိပ်ယာထဲမှာ၊ ကိုယ်တုံးလုံးချွတ်တွေနဲ့။ သူ့မှာ တစ်ခုခု လာစူးသလို
ခံစားရတဲ့အချိန် သူတို့ချင်း လျှာချင်း ထိမိရုံ ရှိသေးတယ်။ “ကိုယ်ကြောင့် ခိုက်မိသွားသလား?”
ထိကီက သူ့ကို မေးတယ်။ သူက
ခေါင်းခါပြတော့ ထိကီက ”မင်းမှာ သွေးတွေ ထွက်လို့” တဲ့၊ သုတ်သုတ်ပြာပြာ ထပ်ပြောလာတယ်။ တကယ်လည်း
သူ့ပါးစပ်မှာ သွေးတွေ ထွက်လို့။ “ဆောရီးနော်” တဲ့၊ ထိကီက ပြောပြီး ကသုတ်ကပြာနဲ့
မီးဖိုချောင်ထဲ သွား၊ ဟိုလှန်ဒီလှော လုပ်၊ ရေခဲသေတ္တာထဲက ရေခဲဇလားတွေ ဆွဲထုတ်ပြီး
မတ်တပ်ခုံမှာ ထုတယ်။ “ဒီမှာ၊ ဒါလေးတွေ ယူလိုက်၊” ထိကီက တုန်တုန်ချမ်းချမ်း လက်တစ်ဖက်နဲ့
ရေခဲတုံးတချို့ ကမ်းရင်း ပြောတယ်။ “နှုတ်ခမ်းမှာကပ်ပြီး အုံထားလိုက်၊ သွေးတိတ်သွားလိမ့်မယ်”
တဲ့။ ထိကီက
ဒါမျိုးတွေမှာကျ အမြဲ တော်တဲ့သူ။ တပ်ထဲမှာ ဆေးတပ်သား လုပ်ခဲ့ဖူးတယ်၊ ပြီးတော့
သင်တန်းဆင်း ခရီးသွားလမ်းညွှန်။ “ဆောရီးနော်၊” သူက သွေးဆုတ်သလို ဖြူလျှော်လာရင်းနဲ့
ဆက်ပြောတယ်။ “ကိုယ် မင်းကို ကိုက်မိသွားတာ ဖြစ်မယ်၊ သိတယ်မလား။ ရမ္မက်
ဆူတုန်းမို့လေ” တဲ့။ “ကိစ္စ…
မဟိ…ပါဘူး၊” အယ်လာ သူ့ကို
ပြုံးပြီး ပြောလိုက်တယ်။ ရေခဲတုံးက သူ့အောက်နှုတ်ခမ်းမှာ ကပ်လျက်သား၊ “ဘာမှ… မဟစ်ဘူး၊”
သူ ပြောတယ်။ အမှန်တော့
သူ့မှာ မုသား သုံးလိုက်ရတာ။ ဘာလို့လဲဆို တစ်ခုခုက ဟစ်..ကို ဟစ်...နေပြီလေ။
ကိုယ်နဲ့အတူနေ တစ်ယောက်က ကိုယ့်ကို သွေးထွက်အောင် လုပ်၊ ကိုယ့်မှာ ဖျင်းခနဲ
စူးသွားမှန်း သိသိကြီး ခံစားလိုက်ရချိန်မှာ သူ့ဘက်က လိမ်ညာပြီးတော့မှ သူ
ကိုက်မိပါတယ်၊ ပြောလာတာမျိုးက နေ့တဓူ၀ ဖြစ်ရိုးဖြစ်စဉ်မှ မဟုတ်ပဲလေ။
အဲဒီနောက်ပိုင်း ရက်နည်းနည်း ကြာတဲ့အထိ
အယ်လာ့ဒဏ်ရာကြောင့်မို့ သူတို့ချင်း မနမ်းဖြစ်ကြဘူး။ တစ်ကိုယ်လုံးမှာ
နှုတ်ခမ်းတွေဆိုတာက အတော်ကြီး နူးညံ့တဲ့အစိတ်အပိုင်းတွေ မဟုတ်လား။ နောက်ပိုင်း
နမ်းလို့ ရလာတော့လည်း သူတို့ အတော်ကြီး သတိထားကြတယ်။ ထိကီ တစ်ခုခု ဖုံးကွယ်ထားမှန်း
အယ်လာ ပြောရဲသားပဲ။ နောက်ပိုင်း ဒီကိစ္စ သေချာသလောက် ရှိတော့ တစ်ည ထိကီ
ပါးစပ်ဟောင်းလောင်းနဲ့ အိပ်ပျော်နေတုန်း အခွင့်ကောင်း ယူပြီး အယ်လာ သူ့လက်ချောင်းလေးနဲ့
ထိကီ့လျှာအောက် အသာနှိုက်ကြည့်တယ်။ အဲဒီမှာ ဇစ်လေး တစ်ခု။ တကယ့်ဇစ်
သေးသေးလေး။ ဇစ်ကို ဆွဲသွားကြည့်တော့ သူ့ချစ်သူ ထိကီ တစ်ကိုယ်လုံးက ကမာကောင်လို
ဟပွင့်လာတယ်။ ပြီးတော့ အထဲမှာ ရောက်နေတာက ဂျူဂင်။ ဂျူဂင့်မှာ ထိကီနဲ့ မတူတာ
တစ်ခုက သူက ပါးသိုင်းမွေးနဲ့၊ နားထင်နှစ်ဖက်ကို သပ်သပ်ရပ်ရပ် ဖော်ထားတယ်။ လိင်တံမှာ
အရေပြား လှီးမထားဘူး။ အယ်လာ သူ အိပ်ပျော်နေတာကို စောင့်ကြည့်တယ်။
ထိကီအပေါ်ရေခွံကို အသာ ခေါက်သိမ်းပြီး မီးဖိုချောင်ဗီရိုထဲက အမှိုက်အိတ်တွေ
ထည့်တဲ့ အမှိုက်ပုံးနောက်နားမှာ သွားဝှက်ထားလိုက်တယ်။
ဂျူဂင်နဲ့ နေရတဲ့ဘ၀က လွယ်တော့ မလွယ်ဘူး။
လိင်ကိစ္စတစ်ခုကတော့ အံ့မခန်းစရာ၊ ဒါပေမဲ့ ဒင်းက အတော်သောက်တဲ့လူ။ ပြီး
သောက်တဲ့အခါတိုင်း ဝုန်းဒိုင်းတွေ ကြဲပြီး အရှက်ကွဲစရာ မျိုးစုံ လျှောက်လုပ်တော့တာ။
အဆိုးဆုံးက သူ ဥရောပကို ခွါပြီး ဒီမှာ လာနေရတာ အယ်လာ့ကြောင့်ချည့် ပုံချပြီး
အယ်လာ့ကို အပြစ်မကင်းသလို ခံစားရအောင် လုပ်တတ်တာပဲ။ တကယ့်အပြင်မှာ ဖြစ်ဖြစ်၊
တီဗီထဲ ဖြစ်ဖြစ်၊ ဒီတိုင်းပြည်မှာ ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်တာ တွေ့တာနဲ့
“ကြည့်စမ်းပါဦး၊ မင်းတို့ တိုင်းပြည်ကြီး ဖြစ်ပျက်နေတဲ့ အနေအထားကို၊” အယ်လာ့ကို သူက ပြောတော့တာ။ သူ့ဟီဘရူးစကားကဖြင့်
မဖြစ်ညစ်ကျယ်၊ ပြီးတော့ “မင်းတို့”ဆိုတဲ့ စကားလုံးကိုလည်း တကယ့် စွပ်လားစွဲလားလေသံ
ဖော်ထားလိုက်သေးတယ်။ အယ်လာ့မိဘတွေကတော့ ဂျူဂင့်ကို လုံးလုံးကို သဘောမကျတာ။ ထိကီကို
အသည်းစွဲခဲ့တဲ့ အယ်လာ့အမေကြီးကဆို ဂျူဂင်ကို ဂျူးတုတဲ့လေ။ အယ်လာ့အဖေကလည်း
အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သူ့ကို အမြဲလိုလို မေးနေကျ၊ မေးတိုင်းလည်း ဂျူဂင်က
လှောင်ရယ် ရယ်ရင်းက “အလုပ်လုပ်တယ် ဆိုတာကတော့ မုတ်ဆိတ်ရှည် ထားသလိုပါပဲ၊ မစ္စတာရှဗီရို၊
ခေတ်ကုန်ခဲ့တာ အတော် ကြာပေါ့၊” ပြန်ပြောတာပဲ။
သူ့စကားကို ဘယ်သူကမှ ဟာသလို မထင်ကြဘူး။ အယ်လာ့အဖေဆို ဝေးရော၊ ဝေးဆို သူ့မှာက
ခုထိ မုတ်ဆိတ်ရှည်ကြီး ထားထားတုန်းလေ။
နောက်ဆုံးတော့ ဂျူဂင် ထွက်သွားတယ်။ ဂီတ ဖန်တီးရင်း
လူမှုဖူလုံရေး ထောက်ပံ့စာနဲ့ ရပ်တည်ဖို့ဆိုပြီး ဒူဆဲလ်ဒေါ့ဖ်ကို ပြန်သွားတာပဲ။
ဒီနိုင်ငံမှာ နေလို့တော့ သူ တစ်သက်လုံး အဆိုတော် ဖြစ်မှာ မဟုတ်ဘူးတဲ့၊ မဖြစ်ဆို
လူတွေက သူ့ကို စကားမပီတာ အကြောင်းပြပြီး နှိမ်ထားကြမှာတဲ့လေ၊ ပြီးရင် ဒီကလူတွေဟာ
စိတ်အစွန်းအထင်း မတရား ကြီးပြီး ဂျာမန်တွေကိုဆို လုံးလုံး သဘောမကျကြဘူး၊
ပြောသွားရဲ့။ ဂျာမနီ ပြန်ရောက်လည်း သူ့အူကြောင်ကြား ဂီတတွေ၊ အပေါစား
စာသားတွေနဲ့ ပေါက်ပေါက်မြောက်မြောက် ဖြစ်လာမယ် မထင်ပါဘူး၊ အယ်လာကတော့ တွေးတယ်။ သူက အယ်လာ့အကြောင်းတောင်
သီချင်းတစ်ပုဒ် စပ်ထားလိုက်သေး။ ခေါင်းစဉ်က “နတ်သမီး” တဲ့၊ စာသား အကုန်လုံးက လှိုင်းကန်သင်းပေါ်မှာ
လိင်နှောကြတဲ့အကြောင်း၊ သူမ ပြီးတဲ့အချိန်မှာ ဘယ်လိုဘယ်ဝါ၊ “ကျောက်ဆောင်တစ်ချပ်ကို
လှိုင်းတံပိုးတစ်ချက် ထိုးနှက်လိုက်သလိုပါ” ဆိုတာမျိုး။ ပြီး အဲဒီစာသားကလည်း
အဆိုအမိန့်တစ်ခုက စာသား။
ဂျူဂင် ထွက်သွားပြီး ခြောက်လအကြာ၊ အယ်လာ အမှိုက်ထည့်စရာအိတ်
လိုက်ရှာရင်းက ထိကီ့အပေါ်ရေခွံကို သွားတွေ့တယ်။ ထိကီ့ဇစ်ကို ဖွင့်ခဲ့မိတာ မှားများ
မှားသွားသလား၊ သူ တွေးမိတယ်။ ဖြစ်တော့ ဖြစ်နိုင်တာပဲ။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ရင် တိတိကျကျ
ပြောဖို့က ခက်သားပဲလေ။ အဲဒီညနေခင်းမှာပဲ သူ သွားတိုက်ရင်းတန်းလန်း တစ်ချိန်က
အနမ်းအကြောင်းရယ်၊ သူ့ကိုစူးခဲ့တဲ့ ဒဏ်ရာအကြောင်းရယ် ပြန်သတိရမိတယ်။ သူ ခံတွင်းကို
ရေများများနဲ့ ကျင်းပြီး သူ့ကိုယ်သူ မှန်ထဲ ကြည့်တော့ အမာရွက်လေး တစ်ခု ခုထိ
ရှိနေတုန်း။ နောက် သူ အနီးကပ် စူးစမ်းကြည့်မိတဲ့အချိန် သူ့လျှာအောက်မှာ ဇစ်သေးသေးလေးတစ်ခု
သွားတွေ့တယ်။ အယ်လာ ဇစ်လေးကို ခပ်ရွံ့ရွံ့ တို့ထိကြည့်၊ တစ်ဆက်တည်း အတွင်းထဲက
သူပုံစံကို ဘယ်လိုများ နေလိမ့်မလဲ၊ ပုံဖော်ကြည့်မိတယ်။ မျှော်လင့်ချက် အကြီးအမားတွေ
ဖြစ်သွားပေမဲ့ နည်းနည်းတော့လည်း စိုးရိမ်မိသား။ မတော်လို့ အထဲက သူ့ပုံစံက လက်တွေက
မှဲ့တထူထူ၊ အသားအရေက မွဲခြောက်ခြောက် ဖြစ်နေမှာမျိုးလေ။ အထဲက သူ့ကိုယ်မှာ
ဆေးမင်ရုပ်လေးများ ရှိနေလေမလားလည်း တွေးမိပြန်တယ်။ နှင်းဆီပွင့်ပုံ ဆေးမင်ရုပ်လေးလေ။
နှင်းဆီပွင့်ပုံ ဆေးမင်ရုပ်လေးက သူ တစ်ချိန်လုံး လိုချင်နေခဲ့တာ။ ဆေးမင်ရုပ် ထိုးဖို့
သတ္တိ မရှိတာ တစ်ခုပဲ။ အရမ်းနာမှာပဲ တွေးပြီးတော့လေ။
.....................
ဟီဘရူးစာရေးဆရာ Etgar Keret ၏ Unzipping ကို
ကျော်ဘသစ် ဘာသာပြန်သည်။
Comments
Post a Comment