သတိရသူ
သတိရသူ
ကျမချစ်သူမှာ မျိုးစိတ်ဆင့်ကဲ နောက်ပြန်လည်တာ ကြုံနေရတယ်။
ကျမ ဘယ်သူ့ကိုမှတော့ မပြောဘူး။ ဘယ်လိုက စဖြစ်မှန်းလည်း မသိဘူး။ ကျမသိတာဆိုလို့
ပထမတစ်ရက်မှာ သူက ကျမချစ်သူပဲ၊
နောက်တစ်ရက်အရောက်မှာ မျောက်ဝံတစ်ကောင် ဖြစ်နေတော့တာ။ အဲဒီကနေ တစ်လလောက် ကြာအပြီး ခုတော့
သူ့မှာ ပင်လယ်လိပ်တစ်ကောင် ဖြစ်နေတယ်။
ကျမ သူ့ကို မုန့်ဖုတ်တဲ့ လင်ပန်းတစ်ချပ်ထဲ ထည့်၊ အထဲမှာ
ဆားငန်ရည် ဖြည့်ပေးပြီး မတ်တပ်ခုံပေါ် တင်ထားတယ်။ သူ့ခေါင်းငေါက်တောက်လေးနား
ကပ်သွားပြီး “ဘင်… ကျမပြောတာတွေ နားလည်ရဲ့လား ဟင်?” ကျမ ပြောတယ်။ သူကတော့ ကတ္တရာစေးစက်လေးတွေလို
သူ့မျက်လုံး မည်းမည်းတွေနဲ့ ကျမကို ငဲ့စောင်းကြည့်လို့။ ကျမမျက်ရည်တွေ ကျမရဲ့
ပင်လယ်၊ လင်ပန်းလေးထဲ ကြွေကုန်တယ်။
သူကတော့ တစ်နေ့တစ်နေ့ နှစ်တစ်သန်းလောက် ဖြတ်သန်းနေပုံပဲ။
ကျမလည်း သိပ္ပံပညာရှင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ အကြမ်းဖျဉ်း တွက်ကြည့်ရသလောက် အဲဒီအတိုင်း
ဖြစ်နေတာပဲ။ ကျမ ဒေသကောလိပ်က ဇီ၀ဗေဒဆရာဟောင်း တစ်ယောက်ဆီ သွားတယ်၊ ကျမတို့လူတွေ
ဆင့်ကဲဖြစ်လာပုံနဲ့ ပတ်သက်ပြီး ခန့်မှန်းခြေ သမိုင်းမျဉ်း တစ်ခု ဆွဲပေးပါ၊ သူ့ကို
ပြောတယ်။ အစပိုင်းတော့ သူက မကြည်မသာရယ်။ ပိုက်ဆံ လိုချင်တာပေါ့။ ကျမလည်း
ရက်ရက်ရောရောပဲ ပေးပါ့မယ်၊ ပြောလိုက်တယ်၊ ဒီတော့မှ သူလည်း စိတ်ပါလက်ပါ ဖြစ်လာတယ်။
သူ့သမိုင်းမျဉ်းက ဖတ်ရတာ အတော့်ခက်ခက်ခဲခဲ။ သူ့အနေနဲ့ စာစီစာရိုက်ပြီး ပေးလာဖို့
ကောင်းတာပဲ။ ပြီးတော့ သူတွက်ပြသလို ဖြစ်မလာဘဲ မှားနေတာ တွေ့လိုက်ရတယ်။ သူ ပြောတာအရ
ဖြစ်စဉ်အစက အဆုံးထိ သွားဖို့ တစ်နှစ်လောက် ကြာနိုင်တယ်တဲ့။ တကယ်ဖြစ်ပျက်နေတာတွေ
ကြည့်ရတာတော့ ကျမတို့မှာ တစ်လတောင် အချိန်မရှိတော့မယ့်ပုံ။
အစတော့ လူတွေ ဖုန်းဆက်လာကြတယ်။ ဘင် ဘယ်ရောက်နေလဲ? ဘာလို့ အလုပ် မဆင်းလဲ?
ဖောက်သည်တွေနဲ့ နေ့လည်စာ
ချိန်းထားပြီး ဘာလို့ ပေါ်မလာလဲ? အရင်တစ်ခါ
စာအုပ်တိုက်မှာ ပြတ်နေလို့မို့ သူ့အတွက် အထူးအော်ဒါ မှာထားတဲ့ လူသားယဉ်ကျေးမှုဖြစ်စဉ်စာအုပ်
ဆိုင်မှာ ရောက်နေပြီ၊ လာရွေးမှာလား? ဘာညာ မေးကြတယ်။ ကျမလည်း သူ နေထိုင်မကောင်း
ဖြစ်နေတဲ့အကြောင်း၊ ထူးဆန်းတဲ့ နာမကျန်းမှုတစ်မျိုး ခံစားနေရကြောင်း၊
ကျေးဇူးပြုပြီး ဖုန်းဆက်မလာဖို့အကြောင်း ပြန်ပြောလိုက်တယ်။ ထူးဆန်းတာကတော့ သူတို့
ကျမပြောတဲ့အတိုင်း လုပ်ကြတာပဲ။ ဖုန်းခေါ်လာတာတွေ နားသွားတယ်။ တစ်ပတ်အကြာမှာ
ဖုန်းသံတွေလည်း တိတ်ဆိတ်နေပြီး အဲဒီအချိန် ဘင်က ခွေးတူမျောက်တူတစ်ကောင် ဖြစ်နေပြီ၊
ပြူတင်းပေါက်ထောင့်နား ထိုင်ပြီး လိုက်ကာအတွန့်တွေနဲ့ သူ့ကိုယ်သူ ပတ်ရင်းက
စီညံစံညံတွေ အော်နေတယ်။
သူ့ကို လူအဖြစ်နဲ့ နောက်ဆုံးတွေ့ရတဲ့နေ့က သူက လောကကြီးနဲ့
ပတ်သက်ပြီး ကြေကွဲနေခဲ့တာ။
ဒါက အထူးအဆန်းတော့ မဟုတ်ဘူး။ သူက ဒီလိုပဲ၊ လောကကြီးအပေါ်
အမြဲလိုလို ကြေကွဲနေကျ။ သူ့ကို ကျမ ချစ်မိတဲ့ အဓိကအကြောင်းကလည်း အဲဒါပဲ။
ကျမတို့နှစ်ယောက် အတူတူ ထိုင်ပြီး ကြေကွဲကြတယ်၊ ကြေကွဲရတဲ့အကြောင်းအရာတွေ
စဉ်းစားကြတယ်၊ တစ်ခါတရံတော့လည်း ကြေကွဲမှုအဝဝအကြောင်း ဆွေးကြနွေးကြပေါ့။
သူ့လူ့ဘ၀နောက်ဆုံးနေ့က ကျမကို သူက ပြောတယ်၊ “အန်နီ၊
မတွေ့ဘူးလား?” တဲ့၊ “ကိုယ်တို့
အားလုံးပဲ လူဟုတ်ကြီးတွေ ဖြစ်လာနေကြတာ။ ကိုယ်တို့ရဲ့ ဦးနှောက်အရွယ်အစားတွေဟာ
ကြီးသထက် ကြီးလာနေတယ်။ စဉ်းစားမှုတွေပဲ မတန်တဆ များပြီး လောက်လောက်လားလား နှလုံးသား
မရှိတော့တဲ့အခါ ကမ္ဘာကြီးလည်း ခြောက်ကပ် သေဆုံးသွားတော့တာပဲ” တဲ့။
သူ ကျမကို စိုက်ပြီး ကြည့်နေတယ်၊ သူ့မျက်လုံးပြာပြာတွေက
မမှိတ်မသုန်။ “ကိုယ်တို့လိုပေါ့၊ အန်နီ၊” သူက ပြောတယ်။ “ကိုယ်တို့လည်း စဉ်းစားတာတွေ မတရား
လွန်လွန်းနေတယ်” တဲ့။
ကျမ ထိုင်လိုက်တယ်၊ ပြီး ကျမတို့ ပထမဆုံးအကြိမ်
လိင်နှောတုန်းကအကြောင်း ပြန်တွေးနေမိတယ်။ အဲဒီတုန်းက ကျမ မီးတွေ မပိတ်ဘူး၊
မျက်လုံးတွေ အဝိုင်းသား ဖွင့်ရင်း စိတ်ကို လွှတ်ထားဖို့ အာရုံနှစ်နေမိတယ်။ အဲဒီအချိန်
ကျမ ကြည့်မိတော့ သူလည်း မျက်လုံးတွေ အဝိုင်းသား ဖွင့်လို့။ နောက် ကိစ္စဝိစ္စတန်းလန်းကြီးမှာ
ကျမတို့ ကြမ်းပြင်ပေါ် ထိုင်လိုက်ကြတယ်၊ ပြီးတော့ တစ်နာရီလောက်ကြာတဲ့အထိ ကဗျာအကြောင်းတွေ ထိုင်ပြောနေမိကြတော့တယ်။ အဲဒီအချိန်လေးက
တကယ့်ကို ထူးခြားတဲ့ အခိုက်အတန့်လေးပဲ၊ တကယ့်ကို တရင်းတနှီး ဖြစ်လွန်းတဲ့ ကာလလေး။
တစ်ခါမှာတော့ ညလယ်သန်းခေါင် သူ ကျမကို နှိုးတယ်။ အိပ်ရာခင်းပြာနုနုပေါ်ကနေ
ကျမကို ထူပြီး အပြင်ဘက် ကြယ်တွေ မြင်ရတဲ့ဆီ ခေါ်သွားတယ်၊ ပြီး သူက လေသံတိုးတိုးနဲ့
ကြည့်… အန်နီ၊ အဲဒီမှာ ကြည့်၊ အဲဒီကြယ်တွေမှာ အိပ်မက်တွေ မက်ဖို့က လွဲပြီး တခြားဘာအတွက်မှ
နေရာလွတ် မရှိဘူး…တဲ့။ ကျမလည်း အိပ်ချင်မူးတူး နားထောင်ပြီး အိပ်ရာဆီ ပြန်သွားတယ်။
အိပ်ယာထဲ ရောက်တော့ ကျမ လုံးလုံးလျားလျား နိုးနေပြီ၊ မျက်နှာကြက်ဆီ စိုက်ငေးရင်းနဲ့
ဘာအိပ်မက်မှ မက်မရတော့ဘူး။ ဘင်ကတော့ ချက်ချင်းလိုပဲ အိပ်ပျော်သွားတယ်။ ကျမ အပြင်
အသာ ပြန်ထွက်တယ်။ ပြီးရင် ကြယ်တွေဆီ လှမ်းပြီး အိပ်မက်မက်ကြည့်ဖို့ ကြိုးစားမိတယ်။
ဒါပေမဲ့ ဘယ်လို မက်ရမယ်၊ ကျမလည်း မသိဘူး။ ခဏနေတော့ ကျမလည်း သမိုင်းတလျောက် နဂို
ဘယ်သူမှ ဆုမတောင်းဖူးသေးတဲ့ ကြယ်တစ်စင်း လိုက်ရှာတယ်။ ပြီးတော့ တကယ်လို့
ဆုတောင်းလိုက်ရင်ရော ဘာတွေ ဖြစ်လာမလဲ၊ ကျမ စိတ်ကူးနေမိတယ်။
သူ့လူ့ဘ၀ နောက်ဆုံးနေ့က သူက သူ့လက်တွေထဲ ခေါင်းထိုးထည့်ပြီး
သက်ပြင်းတွေ ချနေတာ။ ကျမ ထရပ်ပြီး သူ့လည်ပင်းနောက် တပြင်လုံးကို နမ်းလိုက်တယ်။
ပြီးတော့ လည်ပင်းနားတဝိုက် သူ့အသားကို အုပ်ရင်း တောင်းဆုတချို့ ပြုလိုက်တယ်။
သူ့ကိုယ်ပေါ် တခြားဘယ်မိန်းမမှ ကျမလို ခရေစေ့တွင်းကျ မရောက်ဖူးသေးတာ၊ တခြားဘယ်မိန်းမမှ
သူ့အရေပြား တစ်လက်မမကျန်ကို မနမ်းဖူးသေးတာ၊ ကျမ သိနေတာကြောင့်လေ။ ကျမ သူ့ကို ပြန်အုပ်ပေးလိုက်တယ်။ ကျမ
ဘာဆုတောင်းလိုက်လဲ? ကျမဆုတောင်းတာတော့
ကောင်းရာမွန်ရာအတွက်ပဲလေ။ ဒီလောက်ပဲ။ ကောင်းရာမွန်ရာအတွက်ပဲ။ ကျမရဲ့ တောင်းဆုတွေဟာ
ကျမငယ်စဉ်ကာလ၊ ဟိုအတော်ကြာတည်းက တူရာပေါင်းစုနေခဲ့ပြီးသား၊ အထူးတလည်ဆုတစ်ခု
တောင်းရာက ဖြစ်လာတတ်တဲ့ အကျိုးဆက်ကို ကျမ ခပ်မြန်မြန် နားလည်ခဲ့ရရဲ့လေ။
ကျမ ကြေကွဲနေတဲ့ ကျမလူကြီးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး
တယုတယစကားတွေ ဆိုမိတယ်။ “ကြည့်၊ ကျမတို့ စဉ်းစားလွန်နေကြတာ မဟုတ်ပါဘူး။ ကျမတို့
ဘာမှတောင် စဉ်းစားမနေကြဘူးလေ၊” ကျမ သူ့ကို
တီးတိုး ပြောတယ်၊ အဲဒီအချိန် သူက ကျမလည်တိုင်ကို နမ်းလို့။ ကျမပုခုံးပေါ်
ခေါင်းဖိပြီး ကျမကို တင်းသထက်တင်းတင်း ဖက်တယ်။ အဲဒီနောက် ကျမတို့ အပြင်ဘက် တစ်ခါ
ပြန်ထွက်ကြတယ်။ ညက လရောင် မရှိဘူး၊ မှောင်မဲနေတယ်။ သူက စကားလုံးတွေနဲ့ ပြောရတာ
မုန်းစရာကောင်းတယ်၊ ကျမမျက်လုံးတွေထဲ စိုက်ကြည့်၊ အကြည့်နဲ့ပဲ စကားတွေ ပြောမယ်၊
ဆိုလာတယ်။ ကျမလည်း လိုက်လျောလိုက်တယ်။ သူ စိုက်ကြည့်နေတဲ့ နေရာမှာ ကျမအရေပြားက
ကြွတက်လာသလိုပဲ။ ပြီး သူက ဆင်ခြေတစ်ခု ပြပြီး အပြင်မှာပဲ အိပ်နေခဲ့ချင်တယ်၊ ပြောတယ်။
နောက်နေ့မနက် ကျမ နိုးလာပြီး အိပ်ရာကနေ လသာဆောင်ဘက် လှမ်းကြည့်တော့ အင်္ဂတေခင်းပေါ်မှာ
အမွေးအမှင်ဖားဖား လက်မောင်းတွေနဲ့ ခေါင်းပေါ် ကွယ်ရင်း နေရောင်ကို လှမ်းကာနေတဲ့ မျောက်ဝံတစ်ကောင်
ကားရယား လှဲနေတာ တွေ့လိုက်ရတော့တယ်။
သူ့မျက်လုံးတွေ မမြင်ရခင်ကတည်းက မျောက်ဝံကို ဘင်မှန်း ကျမ
သိလိုက်ပြီးသား။ နှစ်ယောက်သား မျက်နှာချင်း ဆိုင်မိတော့ သူက နဂိုကလိုပဲ
ကြေကြေကွဲကွဲ မျက်လုံးတွေနဲ့ ကျမကို ကြည့်နေတယ်။ ကျမလည်း သူ့ပုခုံးကျယ်ကြီးတွေကို
သွားဖက်လိုက်တယ်။ အဲဒီတုန်းကတော့ စစချင်း ကျမလည်း သိပ်အထူးတလည် ဂရုစိုက် မနေဘူး။
ကြောက်လည်း မကြောက်သလို၊ ၉၁၁ လည်း ဖုန်းဆက် မနေဘူး။ သူနဲ့အတူ အပြင်မှာ
ထိုင်ရင်းနဲ့ သူ့လက်နောက်နားက အမွေးအမှင်တွေကို အသာပွတ်ပေးနေတယ်။ သူ ကျမဆီ
လက်လှမ်းလာတဲ့ အချိန်မှာတော့ မလုပ်ရဘူး၊ ကျမ ပြောလိုက်တယ်၊ သူကတော့
နားလည်ပေးတဲ့ပုံနဲ့ သူ့လက်ကို ပြန်ရုပ်သွားတယ်။ ကျမမှာလည်း ကျမအကန့်တွေ ရှိရဲ့လေ။
ကျမတို့ မြက်ခင်းပေါ်
အတူထိုင်ရင်း မြက်ပင်လေးတွေကို ဆွဲနှုတ်နေကြတယ်။ ချက်ချင်းတော့ ကျမ လူသား “ဘင်”ကို မလွမ်းမိသေးဘူး။ ကျမက
သူ့ကို မျောက်ဝံလိုလည်း မြင်ချင်မိသေးတာ။ ကျမချစ်သူကို ကျမသားတစ်ယောက်လို၊
အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို
ဂရုစိုက်ချင်မိတာ။ သူ့ကို ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ ကျမ သိချင်နေမိတာလေ။
ဒါပေမဲ့ သူ ပြန်လည်လာတော့မှာ မဟုတ်ဘူးဆိုတာတော့ သဘောမပေါက်ခဲ့ဘူး။
ခု ကျမ အလုပ်က ပြန်လာတော့ ဟိုဒီလျှောက်ရင်း
စိုးရိမ်တကြီးနဲ့ သူ့ရဲ့ ပုံမှန်အရွယ် ခန္ဓာကိုယ်လေးကို လိုက်ရှာမိတယ်။ နောက် ကျမ
ထပ်ကာထပ်ကာ သဘောပေါက်လာမိတာက သူ တကယ် ထွက်သွားပြီ… ဆိုတာပဲ။ ကျမ ခန်းမအလယ်မှာ
ခေါက်တုံ့ခေါက်ပြန် လျှောက်နေတယ်။ မိနစ်ပိုင်းနဲ့ ပီကေတစ်ထုပ်လုံး
ဝါးကုန်သွားတဲ့အထိ။ ကျမမှတ်ဥာဏ်တွေကို ကျမ ပြန်ဆန်းစစ်ကြည့်မိတယ်။ ကျမရဲ့
အမှတ်သညာတွေ အကောင်းပကတိအတိုင်း ဆက်ရှိနေမနေ သေချာအောင် လုပ်တာပဲ။ သူ
မရှိတော့တဲ့နောက်မှာ သတိတရ ဖြစ်ကျန်ရစ်ဖို့က ကျမအလုပ်လေ။ ကျမကို သူ့ရင်ခွင်ထဲ
ဆွဲသွင်းပြီး ကျမကိုယ်တိုင် အထိတ်တလန့် ဖြစ်ယူရတဲ့အထိ နောက်က တင်းတင်းကြပ်ကြပ်
လာဖက်တဲ့ပုံတွေ၊ ကျမရဲ့ နားရွက်နောက်နား သူ့အသက်ရှူငွေ့လေး တိုးခတ်လာပုံတွေ ကျမ
ပြန်တွေးကြည့်တယ်။ အားလုံးဟာ အရာမပျက်။
ကျမ မီးဖိုချောင်ထဲ ဝင်သွားပြီး လင်ပန်းထဲ စိုက်ကြည့်မိတယ်။
ခု သူက ပင်လယ်ပုတ်သင်လေး တစ်ကောင် ဖြစ်နေပြီ။ တကယ့်ကို သေးသေးလေး။
“ဘင်… ရှင် ကျမကို မှတ်မိသေးရဲ့လား၊ တကယ်ပဲ မှတ်မိသေးလား…
ဟင်?” ကျမ တိုးတိုးကပ်
ပြောမိတယ်။
သူ့ခေါင်းပိုင်းက မျက်လုံးလေးတွေ ကလည်ကလည် ဖြစ်လာတယ်။ ကျမ
ပျားရည်စက်လေးတွေ ရေထဲ ချပေးလိုက်တယ်။ နဂိုတည်းက သူက ပျားရည် ကြိုက်တဲ့သူ။ ပျားရည်စက်လေးတွေကို
သူ လှမ်းလျှက်တယ်၊ ပြီးတော့ လင်ပန်းတစ်ဘက်ခြမ်းဆီ ကူးသွားရော။
ကျမမှာ ရှိနေတဲ့ အကန့်တွေထဲက အကန့်တစ်ခုက အဲဒါပါပဲ။ ခု
ကြုံနေရတဲ့ အနေအထားပဲ။ ပြောရရင် နောက်ကို သူ ဘယ်နား ရှိနေမှန်း သေချာပေါက်
သိတော့မှာ မဟုတ်ဘူး၊ ပြီးတော့ သူ့ဆီတည့်တည့် ဝင်ဆောင့်၊ ဒိုင်းခနဲ ဖြစ်၊ အဲဒီလို
ဖြစ်လာတော့မယ့် အနေအထား။ ကျမတော့ သူ့ကို ရေထဲ ငုံ့ကိုင်းရှာရင်း နောက်ဆုံး
လုံးလုံး ရှာမရတော့မှာမျိုး၊ ရေလှိုင်းမှုန်လေးတွေထဲ ဆဲလ်တစ်ခုပဲရှိတဲ့
ထူးထူးဆန်းဆန်း၊ ဖောင်းစိစိ၊ မျက်စိမမြင်၊ ဦးနှောက်မပါ၊ နုနုအိအိ၊ မျက်လုံးအိမ်ထဲက
တိမ်မျှင်လေးလိုမျိုး နောက်ဆုံး လုံးလုံး ပျောက်သွားတဲ့အထိ ကြည်မှုန် သေးမွှားသွားမယ့်
ကျမချစ်သူကို ဘယ်ဆီဘယ်ဝယ် အနီးကြည့် မှန်ဘီလူးတစ်ချပ်နဲ့ လိုက်ရှာနေရမယ့် အဖြစ်မျိုး
သည်းမခံနိုင်ဘူး။
ကျမ သူ့ကို ကားရှေ့ခန်းဘေးခုံမှာ တင်ပြီး ကမ်းခြေဆီ
မောင်းလာတယ်။ သဲသောင်ပြင်အတိုင်း ဆင်းသွားပြီး သောင်ပြင်မှာ တံဘက်တွေပေါ် လှဲ၊ ခန္ဓာကိုယ်တွေ နေလှန်းရင်း ဆန္ဒတောင်းဆုတွေ
ခြွေနေတဲ့ လူတွေကို ကျမ ခေါင်းညိတ်ပြလာတယ်။ ရေစပ်နားရောက်တော့ အောက်ဘက်ကိုင်းပြီး
လှိုင်းကလေးတွေထိပ်မှာ လင်ပန်း တစ်ချပ်လုံးကို တင်လိုက်တယ်။ လင်ပန်းက
လျှောလျှောလျှူလျှူပဲ မျောသွားတယ်။ တကယ်လို့ ကမ်းလာတင်လို့ တစ်ယောက်ယောက်
ကောက်တွေ့တဲ့အခါ ကွတ်ကီးထည့် လုပ်စရာ မုန့်ဖုတ်လှေကလေးပေါ့။ မုန့်ဖုတ်ဖို့
ပစ္စည်းပစ္စယသာရှိ၊ ထည့်စရာမရှိ ဖြစ်နေရှာသူ လူသားဝိညာဥ်တစ်ခုအတွက် ကံစမ်းမဲ
ပေါက်သလို ဖြစ်မယ့် လင်ပန်းလေးလေ။
ရေပုတ်သင် ဘင်က အပြင်ကူးထွက်သွားတယ်။ ကျမလည်း ရေပြင်ဆီ
လှမ်းပြီး လက်နှစ်ဖက် ဝှေ့ယမ်းပြလိုက်တယ်။ တကယ်လို့များ သူ့ လှည့်ကြည့်ခဲ့ရင် မြင်သာတဲ့အထိ
ထင်ထင်ရှားရှားပေါ့။
ကျမ နောက်ပြန်လှည့်ပြီး ကားဆီ ပြန်လာလိုက်တယ်။
သူ ကမ်းဆီ ပြန်ကပ်လာလေမလား၊ တစ်ခါတခါ ကျမ တွေးမိတယ်။ တအံ့တဩ
အကြည့်တွေနဲ့ ကိုယ်တုံးလုံးချွတ် လူတစ်ယောက်၊ သမိုင်းဆီ အလည်သွားပြီး ပြန်ရောက်လာသလိုမျိုးလေ။
သတင်းစာတွေထဲ ကျမ စောင့်ကြည့်တယ်။
ကျမဖုန်းနံပါတ် ဖုန်းလမ်းညွှန်ထဲ
စာရင်းရှိနေအောင် အသေအချာ လုပ်တယ်။ ညည ရပ်ကွက်ထိပ်နား လျှောက်သွားပြီး သူများ
အိမ်မမှတ်မိလို့ ယောင်လည်လည် ဖြစ်နေမလား၊ ရှာကြည့်တယ်။ ကျမ အပြင်က ငှက်ကလေးတွေကို
အစာကျွေးတယ်။ တစ်ခါတလေ ကျမတစ်ယောက်တည်း အိပ်ရာထဲ မဝင်ခင် လက်နဲ့ ခေါင်းခွံကို
စမ်းကြည့်တယ်။ တဖြည်းဖြည်းများ ကြီးလာသလားလို့။ တကယ်လို့များ ကြီးလာခဲ့ရင် အဲဒီခေါင်းခွံထဲ
အသုံးတည့်စရာ ဘာတွေများ ပြည့်လာမလဲ၊ ကျမ စိတ်ဝင်စားတယ်။
......................
အမေရိကန် စာရေးဆရာမ Amiee Bender ၏ The Rememberer ကို ကျော်ဘသစ် ဘာသာပြန်သည်။
Red Dog Casino- Veteran players will love the 24/7 reload bonuses at this slots-heavy on-line on line casino. New players get a welcome package of 225% a lot as} 다 파벳 우회 주소 $12,500 on their first 5 deposits. No matter what reason your on-line on line casino bonus code just isn't displaying, it is extremely essential that you contact the customer support department earlier than you place any bets.
ReplyDelete