နံရံကအပေါက်
နံရံကအပေါက်
ဘန်နာဒိုတာရင်ပြင်က ဘတ်စ်ကားဂိတ်နဲ့ ကပ်နေတဲ့ နံရံမှာ အပေါက်ဟောင်းလောင်း တစ်ပေါက် ရှိတယ်။ ဟိုတုန်းကတော့ အဲနေရာမှာ ATM စက်တစ်လုံး ရှိခဲ့တာပဲ။ နောက်ပိုင်း စက် ပျက်သွားတာလား၊ မဟုတ်လည်း သုံးတဲ့သူ မရှိတော့လို့လား မသိ၊ ဘဏ်ကလူတွေ ပစ္စည်းသယ်ကားတစ်စီးနဲ့ ရောက်လာပြီး စက်ကို မတင်သွားရာက နောက်ပိုင်း ဘယ်တော့မှ ပြန်လာမထားတော့ဘူး။
တစ်ခါတော့ အူဒီ့ကို တစ်ယောက်က ပြောဖူးတယ်၊ အဲအပေါက်ဟောင်းထဲ လှမ်းအော်ပြီး လိုရာဆု တောင်းကြည့်၊ တောင်းတိုင်း ပြည့်တယ်တဲ့။ ဒါပေမဲ့ အူဒီကတော့ လုံးလုံး အရေး မလုပ်ဘူး။ အမှန်အတိုင်း ပြောရရင် တစ်ခါမှာတော့ ရုပ်ရှင်က ပြန်အလာမှာ အဲနံရံကအပေါက်ထဲ အော်ရင်းက ဒက်ဖ်နီရီမဲလ် သူ့ကို ချစ်လာပါစေ၊ အူဒီ ဆုတောင်းဖူးတယ်။ ဘာမှ တကယ် ဖြစ်မလာဘူး။ နောက် တစ်ခါမှာတော့ သူ တစ်ယောက်တည်း အတော်ကို အထီးကျန်သလို ခံစားရတာနဲ့ နတ်သား တစ်ပါးလောက် သူငယ်ချင်း လုပ်ဖို့ လိုချင်ပါတယ်၊ နံရံကအပေါက်ထဲ အော်လိုက်တယ်။ အော်ပြီး ချက်ချင်းပဲ နတ်သား တစ်ပါး အဟုတ် ပေါ်လာတယ်။ ဒါပေမဲ့ နတ်သားက သူငယ်ချင်းရုပ် တစ်စက်လေး မပေါက်ဘူး။ အူဒီ သူ့ကို အရေးတကြီး လိုအပ်ပြီဆို ဒင်းက အမြဲလိုလို ပျောက်နေကျ။ နတ်သားက ပိန်ညောင်ညောင်၊ ခန္ဓာကိုယ်ကလည်း ကုန်းတိကုန်းကွ။ ပြီး သူ့အတောင်ပံတွေ သူ ကွယ်ဖို့ဆိုပြီး မိုးကာကုတ်အင်္ကျီကြီးကို တစ်ချိန်လုံး ဝတ်ထားသေး။ လမ်းသွားလမ်းလာ လူတွေကတော့ သူ့ကို ခါးကုန်းကြီး တစ်ယောက်လို ထင်ကြတာပဲ။ တစ်ခါတလေ သူတို့နှစ်ယောက်ပဲ ရှိတဲ့အခါမျိုးတော့ သူက ကုတ်အင်္ကျီကို ချွတ်ထားတယ်။ တစ်ခါဆို သူ အူဒီ့ကို သူ့အတောင်ပံက အမွေးလေးတွေကို ပေးတောင် စမ်းကြည့်ခိုင်းသေးရဲ့။ ဒါပေမဲ့ အခန်းထဲ သူတို့အပြင် တခြားတစ်ယောက်ယောက်များ ရှိလို့ကတော့ သူ့ကုတ်ကြီးကို မချွတ်တမ်း ဝတ်ထားတော့တာပဲ။ တစ်ခါတုန်းက ကလိန်းသား ချာတိတ်တွေက သူ့ကို ကုတ်အင်္ကျီအောက်က ဘာတွေတုံး၊ ဝိုင်းမေးကြတော့ သူက စာအုပ်တွေ အပြည့်အသိပ် ထည့်ထားတဲ့ ကျောပိုးအိတ် တစ်လုံးပါ၊ ပြန်ဖြေတယ်။ စာအုပ်တွေက သူပိုင်တာ မဟုတ်တော့ ရေစိုကုန်မှာစိုးလို့တဲ့။ အမှန်အတိုင်း ပြောရရင် ဒင်းက တစ်ချိန်လုံး ညာနေတာ။
အူဒီ့ကို သူက သေလို့ရလောက်တဲ့ ပုံပြင်မျိုးတွေလည်း ပြောတတ်သေးတယ်။ ကောင်းကင်ဘုံမှာ ရှိတဲ့ ဟိုဟိုဒီဒီ နေရာတွေအကြောင်း၊ ကောင်ကင်ဘုံကလူတွေဟာ ညအိပ်ရာ ဝင်တဲ့အခါ သူတို့ကားသော့တွေကို စက်မှာ ဒီအတိုင်း တန်းလန်း ထားခဲ့တဲ့အကြောင်း၊ အဲဒီမှာရှိတဲ့ ကြောင်တွေဆိုရင်လည်း ဘာကိုမှ အကြောက်အလန့် မရှိကြရုံမက ကြောက်ပြေး ပြေးတယ်ဆိုတဲ့ စကားအဓိပ္ပာယ်ကိုတောင် နားမလည်ကြတဲ့အကြောင်း။ သူ ဖြီးပြနေတဲ့ ဇာတ်လမ်းတွေက တကယ်တော့ ပေါက်ကရလေးဆယ်တွေ။ အဆိုးဆုံးက မိုးကြိုးပစ်-ဘုရားစူး…ဆိုတာမျိုးတွေ သူ ပြောပြောနေတာပဲ။
အူဒီကတော့ နတ်သားအပေါ် အရူးအမူး ဖြစ်နေလေတော့ သူ့ကို မျက်စိမှိတ် ယုံဖို့ပဲ အမြဲ ကြိုးစားခဲ့တာ။ နတ်သား ဒုက္ခ ရောက်တုန်း ပိုက်ဆံတောင် နှစ်ခါသုံးခါ ထုတ်ချေးဖူးသေး။ နတ်သားဘက်ကတော့ အူဒီ့အတွက် အကူအညီဆိုတာမျိုး ဘာတစ်ခုမှ ပြန်လုပ်မပေးဘူး။ ပါးစပ်ကပဲ ပြောဟယ်… ပြောဟယ်…ပြောနေတာ။ အူကြောင်ကြားပုံပြင်တွေ၊ တောင်စဉ် ရေမရတွေ လျှောက်ပြောတာ သက်သက်။ နတ်သားနဲ့ သိလာတဲ့ ခြောက်နှစ်တာကာလအတွင်း ဖန်ခွက်လေးဘာလေး သူ ကူညီဆေးကြောပေးတာတောင် အူဒီ မတွေ့ဖူးဘူး။
အူဒီ အခြေခံသင်တန်း တက်နေတုန်း စကားပြောစရာအဖော် အမှန်တကယ် လိုအပ်နေချိန် သူ့ဆီကနေ နတ်သား နှစ်လလုံးလုံး ပျောက်သွားတယ်။ နောက်ပိုင်း ပြန်ပေါ်လာတော့ မျက်နှာမှာလည်း မုတ်ဆိတ်ကျင်စွယ် ထူလပျစ်နဲ့၊ ဘာတွေ ဖြစ်ခဲ့တုံး၊ ဘာတုံးတွေ မမေးနဲ့ ဆိုတဲ့ မျက်နှာပေးမျိုး၊ ဒါနဲ့ အူဒီလည်း မမေးတော့ဘူး။ စနေ တစ်နေ့မှာတော့ နှစ်ယောက်သား အတွင်းခံ ဘောင်းဘီလေးတွေ ဝတ်ပြီး ခေါင်မိုးထိပ်မှာ ထိုင်နေကြတယ်။ နေရောင်အောက်မှာ ညှိုးနွမ်းတလျှ ပုံစံတွေနဲ့ စကားစမြည် ပြောနေတာပေါ့။ အူဒီက မျက်နှာချင်းဆိုင် တစ်ဘက်မှာ ရှိတဲ့ ခေါင်မိုးထိပ်ဆီ လှမ်းကြည့်နေတာ။ ရုပ်သံဖမ်းတဲ့ ကေဘယ်ကြိုးတွေ၊ ဆိုလာပြားတွေနဲ့ နောက်က ကောင်းကင်ကြီးကို လှမ်းမြင်နေရတယ်။ ရုတ်တရက်ဆိုသလို အူဒီ့စိတ်ထဲ နတ်သားနဲ့ ပေါင်းလာတာ နှစ်တွေလည်း ကြာပြီ၊ သူ ပျံတာ တစ်ခါမှ မမြင်မိပါလား၊ အတွေး ပေါ်လာတယ်။
“အနည်းအပါးလောက် ပတ်ပျံကြည့်ပါလား?” အူဒီ နတ်သားကို ပြောလိုက်တယ်၊ “ပျံလိုက်ရင်များ နေလို့ထိုင်လို့ အနည်းအပါး ပိုကောင်းသွားမလားလို့။”
အဲမှာ နတ်သားက ပြန်ပြောတယ်၊ “ထားလိုက်ပါကွာ၊ တစ်ယောက်ယောက် မြင်သွားရင် ဘယ်လို လုပ်မတုံး?”
“သူငယ်ချင်း အချင်းချင်းပဲကွာ၊” အူဒီက နားပူနားဆာ ထပ်လုပ်တယ်၊ “အနည်းအပါးပဲ၊ ငါ့မျက်နှာ ငဲ့လို့ပေါ့ကွာ။”
အူဒီ ဘာပဲ ပြောနေနေ၊ နတ်သားက အာခေါင်ထဲကနေ ရွံစရာအသံကြီးနဲ့ နှပ်တွေ၊ ဖြူဖပ်ဖပ် အချွဲသလိပ်တွေ ခြစ်ထုတ်ရင်း ကတ္တရာခင်း အမိုးပေါ် ထွေးချတယ်။
“ထားပါတော့လေ၊” အူဒီလည်း သုန်သုန်မှုန်မှုန် ပြောလိုက်တယ်။ “မင်းက ပျံမှ မပျံတတ်တာ၊ လောင်းရဲတယ်။”
“သိပ်ပျံတတ်သပေါ့၊” နတ်သားက ပြန်ပက်တယ်၊ “လူတွေ မြင်ကုန်မှာ စိုးတာတစ်ခုပဲ၊ အဲဒါကြောင့်။”
သူတို့ရှေ့ အမိုးပေါ်ကနေ အောက်မှာ ကလေးတချို့ ရေပြွတ်ဗုံးတွေ ပစ်ရင်း ကစားနေတာ မြင်နေရတယ်။ “သိလား၊” အူဒီ ခပ်ပြုံးပြုံး ပြောလိုက်တယ်၊ “ငါ ငယ်ငယ်တုန်းကလေ၊ မင်းနဲ့ မတွေ့ခင်တုန်းကပေါ့ကွာ…၊ ဟောဒီအမိုးပေါ် မကြာမကြာ တက်တက်လာပြီး အောက်က လမ်းမပေါ် သွားနေတဲ့ လူတွေကို ရေပြွတ်ဗုံးနဲ့ လှမ်းလှမ်းထုနေကျပဲ။ ဟောဟိုနေကာအမိုး နှစ်ခုကြားလေးကနေ သူတို့ဆီ တည့်တည့် ချိန်ထုတာလေ၊” သူ လက်ရန်းကို မှီရင်း ကုန်ခြောက်ဆိုင်နဲ့ ဖိနပ်ဆိုင်ရှေ့ နေကာအမိုး နှစ်ခုကြား လပ်နေတဲ့ နေရာကျဉ်းကျဉ်းလေးကို လက်ညှိုးထိုးရင်း ရှင်းပြတယ်။ “လူတွေ အပေါ်ဘက် မော့ကြည့်လာကြတယ်၊ ကြည့်ပေမဲ့လို့ သူတို့မြင်တာဆိုလို့ နေကာအမိုးတွေပဲ။ ရေပြွတ်ဗုံး ဘယ်ကလာမှန်း ဘယ်သူမှ မသိဘူး။”
နတ်သားလည်း ထတဲ့ပြီး လမ်းမပေါ် ငုံ့ကြည့်တယ်။ သူ ပါးစပ် ဟပြီး တစ်ခုခု ပြောတော့မလို့။ ရုတ်တရက် အူဒီက သူ့ကို နောက်က အသာ ဝင်တိုက်လိုက်တော့ နတ်သား ဟန်ချက် ပျက်သွားတယ်။ အူဒီကတော့ သူ့ကို စလိုက်တာ သက်သက်။ နာကျင်စေတော့ရယ် မရည်ရွယ်ဘူး။ အပျော်အပြက်သဘော အနည်းအပါး ပျံပြစေချင်တာ တစ်ခုပဲ။ ဒါပေမဲ့ နတ်သားက ငါးလွှာအမြင့်ကနေ လွင့်ကျသွားတယ်၊ အာလူးအိတ် တစ်လုံး လွင့်သွားသလိုပဲ။ အူဒီလည်း ကြောင်ခနဲ ဖြစ်သွားပြီး အောက်ကို ငုံ့ကြည့်တယ်။ နတ်သားက လမ်းဘေးပလက်ဖောင်းပေါ် တုံးလုံးပက်လက်။ သူ့တစ်ကိုယ်လုံး မလှုပ်တော့ဘူး။ လူတစ်ယောက် သေခါနီး ဖြစ်နေကျအတိုင်း အတောင်ပံတွေလောက်ပဲ အနည်းအပါး လှုပ်စိလှုပ်စိ ဖြစ်တော့တယ်။ ဒီတော့မှ အူဒီလည်း သူ့ကို နတ်သား ပြောခဲ့သမျှ အကုန် အလိမ်အညာတွေပါလားဆိုတာ နောက်ပိတ်ဆုံး နားလည်သွားတော့တယ်။ တကယ်တော့ ဒင်းက နတ်သားတောင် မဟုတ်ဘူး၊ အတောင်ပံတွေ ပါတဲ့ လူလိမ်သက်သက်။
ဟီဘရူးစာရေးဆရာ Etgar Keret ၏ Hole in the Wall ကို
Comments
Post a Comment