ယူရိုဂေါ်လီ
ယူရိုဂေါ်လီ
ကျနော်က အရာရာ ဆန့်ကျင်ဘက်၊ ဘယ်သူနဲ့မှ ဓာတ်မတည့်တဲ့ကောင်။
ကျနော့်နားမှာ လူတွေ ဘာတွေ အလို မရှိဘူး။ ဒီစိတ်အချဥ်က ကျနော့်ကိုယ်ကို သေကောင်ပေါင်းလဲ ဒုက္ခပေးနေတဲ့ စိတ္တဇ အကြီးစားမျိုးရယ်တော့
မဟုတ်ဘူး။ ကျနော်ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ်နိုင်တာ၊
အဖော်ရယ်အပေါင်းရယ် လုပ်ဖို့ သင့်တော်တဲ့ အရည်အသွေး ခေါင်းပါးတာ၊ ဒါတွေအပေါ်
ရင့်ရင့်ကျက်ကျက် အသိအမှတ် ပြုထားမိတာ သက်သက်ပဲ။ ယိုင်ခွေခွေ ကျနော့်ဘ၀အတွက်
တွန်းအား တစ်စုံတရာ ရလိုရငြား အတွေးတွေကို အမိန့်ပေးမယ် လုပ်တော့ အတွေးတွေဟာ
ကျနော့်ဦးနှောက် ကြပ်ညပ်ညပ်ထဲ နေရာလု ပြုံတိုးကုန်ကြရော။
သူများတွေအတွက်တော့ အမ်စတာဒမ်က အိပ်မက်ဆန်ဆန်
ဒေသတဲ့။ လင်းလင်းပပ နွေရာသီနဲ့၊ လူငယ်တွေဟာ တစ်ကိုယ်ရေ လွတ်လပ်မှုရဲ့ စံနမူနာ၊
မြို့ပြရဲ့ ဆွဲဆောင်မှုမှာ သာယာလို့။ ကျနော့်အဖို့တော့ ဟောဒီမြို့ဟာ ငြီးစီစီ
နိုင်ပြီး ဝိုးတဝါး အရိပ်တွေ စီတန်းနေတဲ့ နေရာထက် မပိုဘူး။ နေရောင် စူးစူးကလည်း
ကျနော့်ကို အော့ကြောလန်စေတယ်၊ အမှောင် မကျမချင်း ကျနော်တော့ အပြင် မထွက်သလောက်။
နေ့ဘက် တီဗီမှာ လာတဲ့ အင်္ဂလိပ်နဲ့ ဒတ်ခ်ျစကားပြော အစီအစဉ်တွေ ကြည့်တယ်။
မာရီဝါးနား တစ်ပြုံတစ်ခဲ ရှူတယ်။ ရဘ်ဆိုတဲ့ ကောင်ကတော့ သိပ်ကြီး ဟက်ဟက်ပက်ပက်
မရှိလှတဲ့ အိမ်ရှင်။ ဒင်းကိုယ်ဒင်း အူကြောင်ကြား နိုင်လို့နိုင်မှန်း မသိ၊ ဒီအမ်စတာဒမ်မှာ
လူတွေက သူ့ကို ရော်ဘီလို့ သိကြတယ်၊ ကျနော့်ကို ပြောလာချေရဲ့။
ရဘ်(ခေါ်)ရော်ဘီ ကျနော့်အပေါ် ရွံနေပုံက
သူ့မျက်နှာနောက်ကွယ်မှာ တငြီးငြီး၊ ကျနော် တန်းလျားအိပ်ရာ ဆင်ထားတဲ့
ကျဥ်းကြုပ်ကြုပ်အိမ်ရှေ့ခန်း လေထုထဲကနေ အောက်စီဂျင်ကို ဟပ်ရင်း
တောက်နေရှာတာပေါ့။ သူ ဝင်လာကတည်းက သူ့ဒေါသသူ ချုပ်တည်းရင်း မေးကြောတွေ တင်းနေတာ
ကျနော် သတိထားမိတယ်။ သူ့ပုံစံက ညစ်တိညစ်ပတ်၊ ပေတိပေရေ၊ ကာယဗလသုံး အလုပ်ကြမ်းဒဏ်နဲ့
ပင်ပမ်းလည်း လာတဲ့ပုံ။ သူ ဝင်လာတယ် ဆိုရင်ပဲ လက်ထဲ ဖွာရရာကြဲနေတဲ့ မုန့်လိပ်
ကိုင်ရင်း တီဗီပုံးရှေ့ ရေချိန်ကိုက်နေတဲ့ ကျနော့်ကို တွေ့သွားတယ်။
ကျနော်က လူပိုသက်သက်၊ ဒီရောက်နေတာ နှစ်ပတ် ရှိသေးတယ်၊
ကင်းကင်းရှင်းရှင်း ဖြစ်နေတာက သုံးပတ်။ ကျနော့်ကိုယ်ပေါ်မှာ ဆေးလက္ခဏာတွေ ပြယ်စပြုလာနေပြီ။
ခင်ဗျားအနေနဲ့ တစ်လလောက်သာ ကင်းကင်းရှင်းရှင်း နေလိုက်နိုင်ရင်တော့ အောင်မြင်စရာ
အခွင့်အလမ်း သာတော့မှာပဲ။ ခက်တာက ကျနော့်မှာ ခုချက်ချင်းကိုပဲ ကိုယ်ပိုင်နေစရာ
တစ်နေရာ ရှာဖို့ အချိန်ကျပြီရယ် ရိပ်စားမိနေတာ။ ကျနော်နဲ့ ရဘ် (ခုတော့
ရော်ဘီဆိုပြီး အသစ် ထွင်ထားတဲ့ကောင်ပေါ့လေ) နဲ့ကြား မိတ္တဗလကဏ္ဍက ကျနော်ပုံစံသစ် ပြန်ဆွဲထားတဲ့ တစ်ဘက်သတ် သူ့အပေါ် ခုတုံးလုပ်ဆက်ဆံ အနေအထားနဲ့
ရှေ့ဆက်သွား ရမယ့်ပုံ မပေါ်တော့ဘူးလေ။ အဆိုးဆုံးက ကျနော်ကလည်း လုံးလုံးကို
ဂရုစိုက် မနေတာ။
ကျနော် လာနေပြီး နှစ်ပတ်လောက်အကြာ၊ တစ်ညနေတော့
ဒီကောင့်ကြည့်ရတာ လုံး၀ကန်းကုန် စိတ်ကုန်နေတဲ့ပုံနဲ့၊ - မင်း ဘယ်တော့များ အလုပ်
စရှာမှာလဲ… ကိုယ့်လူရာ?
မေးလာတယ်။ သူ့ကြည့်ရတာ
ဒီကိစ္စ ရေးကြီးခွင်ကျယ် မဟုတ်သယောင် လုပ်ယူထားရမှန်း အသိအသာကြီး။
- ရှာနေသပါ့၊ ငါ့ကောင်ရာ၊ မနေ့ကတင် ဟိုဟိုဒီဒီ အနည်းအပါး လိုက်စုံစမ်းရင်း
လျောက်ပတ် ကြည့်ဖြစ်သေးတယ်။ သိတယ်မလား?
အခြေအနေအရဆိုသလို ကျနော်လည်း လံကြုပ်ရိုးသားတဲ့ပုံနဲ့ ပြန်ပြောလိုက်တယ်။
ကျနော်တို့ ဒီအတိုင်း ဆက်ပြောကြတယ်။ တစ်ယောက်ကိုတစ်ယောက် စိတ်ထဲ မကြည်မလင်
ဖြစ်နေတာတွေကို ဖုံးရင်းဖိရင်း အတင်းလုပ်ယူထားတဲ့ အယဉ်တကျေးအမူအရာတွေနဲ့ပေါ့။
ကျနော်လည်း ရဘ်/ရော်ဘီရဲ့ စိတ်ပိန်စရာ မြို့အနောက်ခြမ်း
အိမ်ခန်းလေးကနေ အမှတ် ၁၇ ဓာတ်ရထား စီးပြီး မြို့လယ်ခေါင်ဘက် ထွက်လာတယ်။ ကျနော်တို့
နေနေတဲ့ နေရာမျိုးတွေမှာတော့ ဘာအထူးအထွေရယ် ရှိမလဲ။ သူတို့အခေါ် စလော့တာဗာ့တ်တဲ့၊
နေရာတိုင်းမှာ ဘိလပ်မြေအုတ်တိုက်နဲ့ ကွန်ကရစ်ခင်းတွေချည့်ပဲ။ ဘားက တစ်ဘား၊ စူပါမားကစ်က
တစ်ခု၊ တရုတ်စားသောက်ဆိုင် တစ်ဆိုင်။ ဘယ်နေရာမဆို တွေ့ရနေကျ ဟာတွေပေါ့။
ခင်ဗျားအနေနဲ့ အမှတ်ရ ကျန်ရစ်စရာ နေရာဒေသ ခံစားမှုမျိုး ရဖို့ဆိုရင်တော့
မြို့လယ်ဗဟိုလိုနေရာ တစ်ခုခု လိုတာပဲလေ။ ကျနော်ကတော့ ကျနော် ဒီဘက်ထွက်
ရှောင်ပြေးလာခဲ့တဲ့ ဝက်စတာဟေးလ်စ်တို့၊ မဟုတ်လည်း
ကင်းစ်မိဒ်တို့လို နေရာဟောင်းတွေဆီသာ ပြေးမြင်ယောင်ချင်မိတယ်။ ပြေးမလွတ်သေးတာ တစ်ခုပဲ။
စည်စည်ကားကား မြို့ပြလမ်းတွေ အပြင်ဘက်က ဆင်းရဲသားတွေအတွက် အမှိုက်ပုံးတစ်ခုဟာ
တခြား ဆင်းရဲသား အမှိုက်ပုံးတစ်ခုနဲ့ သိပ်ကွာတာမှ မဟုတ်ပဲလေ။ သူတို့
အလုပ်အကျွေးပြုနေတဲ့ မြို့ပြနဲ့ လားလားမှ မဆိုင်သလိုပဲ။
ကျနော့်လတ်တလောစိတ်အခံအရ
လူတွေ ကိုယ့်အနား ကပ်လာတာမျိုးကို မုန်းတာ။ အဲလိုအခြေအနေမျိုးတွေမှာ အမ်စတာဒမ်ဟာ
နေရာမှားတစ်ခုပဲ။ ဒမ်မရက်ရင်ပြင်ထဲ ဆင်းမိရုံ ရှိသေး၊ အနှောက်အယှက်
ဝင်လာတယ်။ လက်ရှိရောက်နေတဲ့ နေရာဝန်းကျင်ကို မှန်းမိဖို့ ပတ်ချာလည်လှည့် ကြည့်နေမိတာကိုက
ကျနော့်အမှား။ -ပြင်သစ်လား?
အမေရိကန်လား? အင်္ဂလိပ်လား...? တဲ့ အာရဘ်ရုပ်နဲ့
ကောင်တစ်ကောင်က မေးလာတယ်။
-သွားစမ်းပါ...၊ ကျနော် မောင်းထုတ်လိုက်တယ်။
ကျနော် သူနဲ့ ဝေးဝေး လျှောက်ပြီး အင်္ဂလိပ်စာအုပ်ဆိုင်ထဲ
ဝင်သွားတဲ့အထိ ဒီကောင့်ဆီက - ဟတ်ရှ် ရမယ်၊ ဟီးရိုးအင်း ရမယ်၊ ကိုကိန်း ရမယ်၊
ဟဒယကြည်ဆေး ရမယ်...၊ ဆေးမျိုးစုံစာရင်းတွေ ထပ်ကြော့နေသံ ကြားနေရတုန်း။
စာအုပ်ဆိုင်ထဲ အေးအေးလူလူ ဟိုလှန်ဒီလှော လုပ်ခွင့်ပေးထားတဲ့
အတောအတွင်း ကျနော့်စိတ်ထဲ စာအုပ် တစ်အုပ် အလစ်သုတ်ရ ကောင်းမလား၊ မကောင်းမလား
လွန်ဆွဲနေမိတယ်။ နောက်ဆုံး မလစ်တော့ဖို့ ဆုံးဖြတ်ပြီး လစ်ချင်ပြုချင်စိတ်
တစွတ်ထိုး ဖြစ်မလာခင် ဆိုင်ထဲက ထွက်လာတယ်။ ကျနော့်ကိုယ်ကျနော် အကျေနပ်ကြီး
ကျေနပ်ရင်းက ဒမ်စကွဲယားရင်ပြင်ကနေ ဖြတ်ပြီး မီးနီရပ်ကွက်ထဲ
ဝင်လာတယ်။ သာယာဖွယ် မှောင်ရီ အလင်းက မြို့ပေါ် ကျနေပြီ။ ကျနေတဲ့ အမှောင်မှာ အရသာခံရင်း ကျနော်လည်း အေးအေးလူလူ လျှောက်နေမိတယ်။ တူးမြောင်းတစ်ခုနံဘေး လမ်းပေါ်က
ပြူတင်းပေါက်တွေမှာ ဇယားတွေ ထိုင်နေတတ်တဲ့ နေရာ အရောက်၊ လူတစ်ယောက် ကျနော့်အနား
အလန့်တကြား တရှိန်ထိုး ကပ်လာတယ်။ ကျနော်လည်း ချက်ချင်း ဒီကောင် ကျနော့် လာငြိရဲ
ငြိကြည့်၊ လက်နှစ်ဘက်နဲ့ လည်ပင်းညှစ် သတ်ထည့်လိုက်မယ်၊ ဆုံးဖြတ်မိတယ်။ ကျနော်
သတ်မယ်ဖြတ်မယ် အတွေးနဲ့ သူ့လည်ဇလုတ်ဆီ အာရုံနှစ်၊ မျက်နှာ ရှစ်ခေါက်ချိုး ချိုးရင်း
တင်းထားမိတုန်း ဒီကောင့်ရဲ့ အေးစက်စက် ပိုးကောင်လို မျက်လုံးတွေထဲ
စိုးရိမ်တကြီးပုံစံတွေ တဖြေးဖြေး ပြလာတယ်။
- အချိန်…၊ ဘယ်အချိန် ရှိပြီလဲခင်မျာ့? သူ ကြောက်လန့်တကြားပုံနဲ့
မေးလာတယ်။
ကျနော်လည်း ခပ်ဆတ်ဆတ် ခေါင်းခါပြလိုက်တယ်။ ဒီကောင်
သူ့ကိုယ်သူ လျှောက်လမ်းပေါ် ပြိုမကျအောင် ကိုယ်ကို ဘေးတိမ်းနေတုန်း ကျနော်လည်း
အကျေနပ်ကြီး ကျေနပ်စွာနဲ့ သူ့ကို ကျော်လွှား လာလိုက်တယ်။ ဝါမိုးစ်လမ်းထဲမှာတော့
သိပ်တော့ မလွယ်ဘူး။ လူငယ်တစ်အုပ် အပြေးအလွှား ဖိုက်တင်နွှဲပွဲ အပြုံလိုက်ကို
အပြိုင်အားပေးနေကြရဲ့။ ယူအီးအက်ဖ်အေ ဖလား၊ အားယက်ဇ်နဲ့ ဆဲလ်ဘာ့ဂ်အသင်း ပရိသတ်တွေပေါ့။ အင်းလေ၊ ကျနော်က လှုပ်လှုပ်ရှားရှားတွေ၊ အော်သံဟစ်သံတွေကို
ခံနိုင်ရည်ကို မရှိတာ။ ဆူညံဆူညံတွေ၊ လှုပ်လှုပ်ရှားရှားတွေဆို အကြမ်းဗတမ်း
ခြိမ်းခြောက်ခံရတာထက်တောင် ပိုရွံမိသေး။ ကျနော် အနှောင့်အယှက် အနည်းဆုံးလမ်း
ရွေးပြီး လမ်းသွယ်ထဲ ဆင်းလိုက်ရင်းက ညိုမှိုင်းမှိုင်း အရက်ဘား တစ်ခုထဲ ရောက်လာတယ်။
ဘားက တိတ်တိတ်ဆိတ်ဆိတ်နဲ့ စံရိပ်ငြိမ်ပုံ ပေါက်နေတဲ့ဘား။
ပင်းဘောစက်နား ကပ်ထိုင်နေတဲ့ အသား မည်းမည်း၊ သွား ဝါဝါတွေနဲ့ (အဲလောက်ဝါတဲ့
သွားမျိုးတွေ တစ်ခါ မတွေ့ဖူးဘူး၊) လူတစ်ယောက်က လွဲပြီး အထဲမှာ နေရာယူ
ထားတာဆိုလို့ ဘားစောင့်တဲ့ လူရယ်၊ ဘားစားပွဲရှေ့ ခုံတစ်ခုံမှာ ထိုင်နေတဲ့ မိန်းမ
တစ်ယောက်ရယ်ပဲ ရှိတယ်။ နှစ်ယောက်သား တက်ကီလာပုလင်း တစ်လုံးကို အတူ မျှသောက်နေကြရဲ့။
ဒင်းတို့ဆီက ထွက်လာတဲ့ ရယ်သံတွေ၊ တပွမ်းတတီး အမူအရာတွေ ကြည့်တာနဲ့
ဒင်းတို့နှစ်ကိုယ် ဆက်ဆံရေးက ဆိုင်ရှင်-ဖောက်သည် ဆက်ဆံရေးထက် ပိုမှန်း ပြနေပြီးသား။
ဘားစောင့်က တစ်ဘက်မိန်းမဆီ တက်ကီလာခွက်လေးတွေ
စပ်ထည့်ပေးနေတယ်။ သူတို့ပုံစံတွေက နည်းနည်း မူးနေပြီး ကချွဲကနွဲ့နဲ့
ပြီတီတီပုံတွေ ပေါက်လို့။ ဘားထဲ ကျနော် ရောက်နေတာကို ဘားစောင့်က အတော်လေး ကြာမှ
သတိထားမိတယ်။ အမှန်တော့ ကျနော်ရောက်နေမှန်း သိအောင် ဟိုမိန်းမက သူ့ကို
သတိပေးလိုက်လို့ပဲ။ ဒီကောင်က ရှက်ကိုးရှက်ကန်းနဲ့ အနှီ့မိန်းမဆီ ပုခုံးတစ်ချက်
ပြန်တွန့်ပြတယ်။ ပြသာ ပြပေမဲ့ သူ ကျနော့်အပေါ် အရေးမလုပ်ချက်က ဂိတ်ကုန်ရောမှန်း အသိအသာပဲ။
အမှန်မှာ ကျနော်က သူတို့အတွက် အနှောက်အယှက်လို ဖြစ်သွားမှန်း ကျနော်လည်း ရိပ်မိလိုက်တယ်။
တစ်ခါတရံ ကျနော့်စိတ်အခံနဲ့များဆို ဒီလိုမျက်နှာလွဲခဲပစ်
လုပ်ခံရတာမျိုး မခံမရပ်နိုင် ဖြစ်ပြီး တကယ်ကို ထကောမိမှာ။ အခန့်မသင့်တဲ့အခါမျိုးဆိုရင်တော့
ဒီထက်ဆိုးတာတွေတောင် လုပ်မိမလားပဲ။ ဒါပေမဲ့ လတ်တလော အခိုက်အတန့်မှာတော့
ကျနော့်မှာ မသိကျိုးကျွန်ပြု ခံရတာကိုပဲ ဝမ်းသာနေမိတယ်။ ကျနော် မှန်းထားသလို ကျနော့်ကို
ဘယ်သူမှ ဟုတ်တိပတ်တိ မမြင်ကြသလို ဖြစ်နေတာ သေချာနေလို့လေ။ ကျနော်လည်း ဂရုစိုက်မနေဘူး။
ကျနော် ဟန်နီကင်တစ်လုံး မှာတယ်။ ဟိုမိန်းမက ကျနော့်ကို
သူတို့စကားဝိုင်းထဲ ဆွဲခေါ်ဖို့ ကြံနေတဲ့ပုံ။ ကျနော်လည်း သူတို့နဲ့ မဆုံဖြစ်အောင်
ရှောင်ဖို့ ကြံနေတယ်။ ကျနော့်မှာ ဒီလိုလူတွေနဲ့ ပြောစရာစကားမှ မရှိပဲလေ။
- ဒါနဲ့… ဒီလေယူလေသိမ်းမျိုးနဲ့ဆိုတော့... ရှင်က ဘယ်ကများ
လာသတုံးရှင့်…? အနှီ့မိန်းမက
ရယ်ရင်းမောရင်း ပြောလာတယ်။ သူ့အကြည့်တွေက ကျနော့်အပေါ် ဓာတ်မှန်ရိုက်နေသလို
ဖြတ်လို့ရယ်။ သူ့မျက်လုံးတွေ ကျနော့်မျက်လုံးတွေနဲ့ ဆုံမိတော့ ဒီမိန်းမမှာ အပေါ်ယံသာ
ဘော်ဒါဘော်ချွတ်ဟန် ပြနေပေမဲ့ အတွင်းစိတ် တစ်နေရာမှာတော့ တစ်ဘက်လူအပေါ်
အသုံးချဖို့ အကြံအဖန်တွေ ကြံနေတတ်တဲ့ လူစားမျိုးပုံစံ မြင်နေရတယ်။
ကျနော့်ပုံရိပ် ကျနော် ပြန်ထင်ဟပ်ကြည့်နေမိတာလည်း ဖြစ်နိုင်တယ်။
ကျနော်လည်း ပြုံးရင်းက - စကော့တလန်က…၊ ပြောလိုက်တယ်။
- ဩော?
ဘယ်နယ်ပိုင်းကတုံးရှင့်? ဂလာ့စ်ဂိုးကလား? အီဒင်ဘရာကလား?
- နေရာစုံကပဲ၊ တကယ်ပြောတာ…၊ ကျနော် အင်တိအင်တင်
ပြန်ဖြေလိုက်တယ်။ ဒါက တကယ်ကြီး အရေးကြီးလို့လား၊ ဒီလောက်ပျင်းစရာကောင်းတဲ့
မဖြစ်ညစ်ကျယ် နိုင်ငံလေးထဲ မှိုလိုပေါက်နေပြီးတော့မှ တစ်နေရာနဲ့ တစ်နေရာ ထူးပြီးမခြားနားတဲ့
ဘယ်စောက်မြို့ ဘယ်စောက်နယ်မှာပဲ ကျနော် လေလွင့်နေနေ ဘာအရေးမို့လဲ?
ဒါပေမဲ့ သူကတော့ ရယ်လို့။ ကျနော့်ဘက်က တကယ့်နက်နက်နဲနဲ
တစ်ခုခု ပြောလိုက်မိသလိုမျိုး တွေးတွေးခေါ်ခေါ်တွေ လုပ်နေတယ်။ - အကုန်လုံးကပဲ… တဲ့၊
သူက ချိန်ချိန်ဆဆ ပြောလာတယ်။ - ကျမအတိုင်းပဲ၊ နေရာစုံကပဲ…တဲ့။ သူက သူ့ကိုယ်သူ ခရစ်စီဆိုပြီး
မိတ်ဆက်လာတယ်။ သူ့ရည်းစားလား၊ မဟုတ်လည်း သူ့အတွက် အကုန် အလိုလိုက်ပြီး
သူ့ရည်စားဖြစ်ဖို့ ကြံနေတဲ့ကောင်လားက ရစ်ချာ့ဒ်တဲ့။
ဘားစားပွဲနောက်ဘက်ကနေ ရစ်ချာ့ဒ် အောင့်သီးအောင့်သက်
အကြည့်တွေနဲ့ ကျနော့်ဆီ ခိုးကြည့်နေတယ်။ သူကြည့်နေတာ ဘားမှန်ထဲ သွားတွေ့ပြီး
နောက်တော့ ကျနော်လည်း သူ့ဆီလှည့်၊ မျက်နှာချင်း ဆိုင်လိုက်တယ်။ သူက ခေါင်းကို
ဆတ်ခနဲ အောက်ငုံ့သွားရင်းနဲ့မှ တစ်ဆက်တည်း ဟိုင်း… တဲ့၊ နှုတ်ဆက်ပုံက
ကိုးရို့ကားယားနဲ့ တိုးစိစိ။ ညှင်းသိုးသိုး မုတ်ဆိတ်မွေး တစ်သိုက်က ထိန်ကာ၀ှက်ကာနဲ့
ဟိုနံ့နံ့ဒီနံ့နံ့၊ ကျောက်ပေါက်မာ ထူလပျစ် မျက်ခွက်ကနေ ထိုးပေါက်နေပုံက
သူတို့ပေါက်နေတဲ့ လကမ္ဘာလို မျက်နှာပြင်ကို ကွယ်ဝှက်ပေးဖို့ အသာထား၊ ပိုပြီး
ထင်းထင်းကြီးဖြစ်အောင်တောင် လုပ်နေသလိုမျိုး။
ခရစ်စီက တရင်းတနှီးပုံစံမျိုး တောင်ရောက်မြောက်ရောက်တွေ ပြောနေတယ်။ လောကကြီးအကြောင်း သူ
စူးစမ်းလေ့လာထားသမျှတွေ၊ ပြီး သူ့အဆိုတွေ ခိုင်မာဖို့အရေး သူ့ကိုယ်ပိုင်
အတွေ့အကြုံတွေထဲက ထုတ်နှုတ်ထားတဲ့ နေ့တဓူ၀ နမူနာပုံစံတွေနဲ့ပါ ကိုးကားနေတယ်။
ကျနော့်အကျင့်တစ်ခုက လူတွေရဲ့ လက်မောင်း ပြောင်တွေကို လိုက်ကြည့်တတ်တာပဲ။
ခရစ်စီရဲ့ လက်မောင်းတွေမှာ အနာကျက်ပြီးသား အစင်းရာတွေ ပွထလို့ရယ်။ ကြည့်ရဆိုးဆိုး
အမာရွက်တစ်ရှူးတွေ ထင်းကျန်နေတတ်တဲ့ အစင်းရာမျိုးတွေပဲ။ ဟက်တက်ကွဲ အစင်းရာတွေဆို
ပိုလို့တောင် ထင်းထင်းကြီးတွေ။ ဒဏ်ရာအနက်ရယ်၊ ရထားတဲ့နေရာရယ် ကြည့်
ခန့်မှန်းရသလောက် သူ့ကိုယ်သူ စိတ်လိုက်မာန်ပါ သေကြောင်း ကြံထားတဲ့ပုံထက် သူ့ကိုယ်သူ
မုန်းတီးစိတ်အခံနဲ့ ဒေါသအလျောက် လျောက်လုပ်ထားတဲ့ အစင်းရာမျိုးတွေ။
သူ့မျက်နှာကတော့ ထင်းထင်းရှင်းရှင်းနဲ့ အသက်တဝင်ရယ်၊ ဒါပေမဲ့ မျက်လုံးတွေက
အရည်ဝေ့နေပြီး စိတ်ဒဏ်ရာ ရဖူးသူတွေမှာ တွေ့ရလေ့ရှိတဲ့ သိမ်ငယ်မှု အစွန်းအစတွေနဲ့။
ကျနော် သူ့ကို ကြည့်ရင်းက ခင်ဗျား အလည်အပတ် မသွားချင်တဲ့ နေရာပေါင်းစုံ ပြထားတဲ့ မသတီစရာ မြေပုံ တစ်ချပ်လို ဖတ်နေမိတယ်။ ဆေးစွဲ၊ စိတ်ကျ၊ ဆေးကြောင်၊
လိင်အလွဲသုံးစားလုပ် စုံနေတဲ့ မြေပုံပေါ့။ သူ့ကိုယ်သူရော၊ လောကကြီးကိုပါ အဆိုးမြင်
ခံစားနေတဲ့ လူတစ်ယောက်ရယ်၊ ပြီး သူ့လုပ်ရပ်တွေကနေ ပြဿနာတွေ ထပ်ပွားလာမှာ မရိပ်မိ၊
ပိုကောင်းတဲ့ ကာလတစ်ခုဆီ ရောက်လိုရောက်ငြား သူ့ကိုယ်သူ
ပစ်လွှင့်ရှုပ်ပွေနေခဲ့ဖူးတဲ့ လူတစ်ယောက်ရယ် ပုံစံ ခရစ်စီ့မှာ တွေ့နေရတယ်။ ခရစ်စီ ဖြတ်သန်းဖူးတဲ့
အခြေအနေတွေထဲ အနည်းဆုံး တချို့တလေကတော့ ကျနော်နဲ့ မစိမ်းလှဘူးပဲ။ ဒါပေမဲ့
သူ့ကြည့်ရတာ အဲအခြေအနေတွေ သူ့ဆီ အလည်လာတဲ့အချိန် သူ့ကိုယ်သူ ပြင်ဆင်မှု ညံ့ဖျင်းခဲ့ရုံမက
အဲဟာတွေထဲမှာ ကိုယ်တိုင်ကပါ ကြာရှည်ကြာညောင်း တဝဲလည်လည် လုပ်နေခဲ့တဲ့ပုံ။
လတ်တလောမှာတော့ သူ့ရှိတဲ့ ပြဿနာဆိုလို့ အသောက်နဲ့
ရစ်ချာ့ဒ်ပဲ ရှိပုံ ရပါတယ်။ ပထမ ကျနော် တွေးမိတာအရ အဲနှစ်မျိုးစလုံးက သူ့အတွက် အလိုက်တသင့် ကြိုဆိုလျက် ရှိသားပဲလို့။ ကျနော့်အမြင်မှာ ခရစ်စီ့ကြည့်ရတာ အတော့်ကို မသတီချင်စရာ။ ဗိုက်တွေ၊
ပေါင်တွေ၊ တင်တွေတဝိုက်မှာ အဆီခဲတွေ စုပြီး ခန္ဓာကိုယ်ကြီး အရစ်ရစ်နဲ့။
သက်လတ်ပိုင်းတွေကို ဆွဲဆောင်စရာ လက်ကျန် ခွန်အားဆိုလို့ နုနုရွရွ၊ ကြပ်ကြပ်ရပ်ရပ်၊
ရှိသမျှ အသားဆိုင်တွေ အကုန်လှစ်ထားတဲ့ အဝတ်အစားတွေ ဝတ်ရုံပဲ ကျန်ရှာတော့တဲ့
ကျရှုံးလေပြီးသော မိန်းမကြီး တစ်ယောက်လိုပဲ။
မုန့်ပြားသလက်လို သူ့မျက်နှာကြီး ကျနော့်ဘက် ပြီတီတီ
တွန့်လာတယ်။ ကျနော်တော့ ဒီမိန်းမကြီးကို အော်ဂလီဆန်သလို ဘာလိုလို ဖြစ်နေမိတာပဲ။
လူကဖြင့် မျိုးကန်းနေပြီ၊ ဒါနဲ့များ သူ့ကိုယ်သူ အလိုက် ကန်းဆိုး မသိ၊
သူ့မရှိတော့တဲ့ လိင်ညှို့ဓာတ်ကို စွတ်အတင်းကြီး ချပြဖို့ လုပ်နေသတဲ့လေ၊ သူ့လိင်ဓာတ်
နေရာမှာ ကိုးရိုးကားယား ဇာတ်ပွဲထဲက လူပြက်ကြီးတစ်ကောင် အစားထိုး နေရာယူ
သွားပြီမှန်း ရိပ်မိရှာပုံ မပေါ်ဘူး။
အဲအခိုက်မှာပဲ ဝိရောဓိဆန်စွာ ကျနော့်စိတ်ထဲ
ဆိုးဆိုးရွားရွား ရမ္မက်တွန်းအား တစ်ခုလည်း ပေါ်လာတယ်။ ကျနော့်လိင်အင်္ဂါတွေ
နောက်နားက နေရာအတိအကျ ပြောမရတဲ့ တစ်နေရာရာကနေ အခြေခံလာပုံပဲ။ ကျနော့်ကို
ရွံအောင်လုပ်နေတဲ့ တစ်ယောက်၊ ဟောဒီမိန်းမကြီးဟာ ကျနော့်ချစ်သူ ဖြစ်နေပါရောလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်သတဲ့တုံး? ထင်တာ ပြောရရင် ကျနော့်ရဲ့ သဘာ၀ကျကျ
စိတ်ရူးဖောက်မှု များလားပဲ။ ခရစ်စီဟာ အော်ဂလီဆန်မှုနဲ့ ဆွဲဆောင်မှု ပေါင်းဆုံရာ၊
ထူးထွေဆန်းပြားတဲ့ နေရာ အကွက်အကွင်း ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ ပြောရရင်
သူ့မှာ ဖြစ်နိုင်ခြေ အလားအလာတွေ တရစပ် သေးကျုံ့လာနေတာကို ဝန်မခံဘဲ
ခေါင်းမာမာ ငြင်းဆန်နေတာအပေါ် ကျနော့်ဘက်က အထင်ကြီးသွားမိတာ များလားပဲ။ လက်တွေ့အရ
သူ့မှာ သူ့အထင်တွေနဲ့ ဇောက်ထိုးပြောင်းပြန် ဖြစ်နေပါလျက် အပျံစား
ရင်ခုန်စိတ်လှုပ်ရှားစရာ အတွေ့အကြုံသစ်တွေ ရှေ့နားလေးမှာတင် စောင့်နေသလိုမျိုး
သူက လုပ်နေတာ။ ဒီလိုမျိုး လူတွေနဲ့ တွေ့တိုင်း
တစ်ခါတစ်ခါ ကျနော့်စိတ်ထဲ ပေါ်လာနေကျ၊ သူ့ကို ပုတ်နှိုးတဲ့ပြီး
မျက်နှာတည့်တည့်ကနေ ညည်းက ဘာမှ သုံးစား မရတော့တဲ့ အရုပ်ဆိုးဆိုး အသားတုံးကြီး၊ ခုတောင်
ညည်းဘ၀က မျှော်လင့်ချက် မဲ့မဲ့နဲ့ ရွံစရာကောင်းနေတာ။ နောက်ကို ပိုဆိုးဖို့ပဲ
ရှိတော့တယ်။ ညည်းကိုညည်း စောက်ခွက်ပြောင် နေတာတွေ ရပ်တန်းက ရပ်တော့ဆိုပြီး အမှန်အတိုင်း
အော်ပြောလိုက်ချင်တဲ့ဆန္ဒ
အလိုလို ပေါ်နေမိတာပဲ။
စိတ်လှုပ်ရှားမှုတွေက အပြန်အလှန် ဆန့်ကျင်ထွေးလုံးလို့၊
ကျနော့်မှာ လူတစ်ယောက်ကို ရွံရှာနေဆဲ အခိုက်မှာပဲ တပြိုင်တည်းမှာ သူ့ကို
ဖြားယောင်းဖို့ပါ ကြံနေမိတယ်။ တကယ်တော့ ဒီစိတ်လှုပ်ရှားမှုတွေက တကယ် အပြန်အလှန်
ဆန့်ကျင်နေတာ မဟုတ်မှန်း နောက်ပိုင်းတော့မှ အထိတ်တလန့်နဲ့ ရှက်ဖွယ်လိလိ
သဘောပေါက်လာရတယ်။ အဲအဆင့်မှာတုန်းကတော့
ခရစ်စီ ကျနော့်ကို တကယ်ပဲ ပြီတီတီ လုပ်နေတာလား၊ မဟုတ်လည်း မအီမလည် ဖြစ်နေတဲ့
ရစ်ချာ့ဒ်ကို တမင်စနောက်နေတာ သက်သက်လား၊ မသဲကွဲခဲ့ဘူး။ သူကိုယ်တိုင်လည်း
သိပ်သဲကွဲခဲ့ပုံ မပေါ်ပါဘူး။
- တို့တွေ မနက်ဖြန် ကမ်းခြေ သွားကြမှာ၊ ရှင်ပါ
လိုက်ခဲ့ရမယ်…၊ သူ ပြောလာတယ်။
- သိပ်ကောင်းတာပေါ့...၊ ကျနော်လည်း တလှိုက်တလှဲ ပြုံးရင်း
ပြောလိုက်တယ်။ ရစ်ချာ့ဒ်မျက်နှာက အရောင်တွေ ပြယ်နေပြီ။
- ကိုယ် အလုပ်ဆင်းချင် ဆင်းရမှာ… တဲ့၊ သူ့မှာ
တုန်တုန်ရီရီနဲ့ အထစ်ထစ်အငေါ့ငေါ့။
- အင်းလေ၊ နင်မှ ကားမောင်း လိုက်မပို့ရင်တော့ တို့ဟာတို့
သွားမှာပဲ၊ ခရစ်စီက ချာတိတ်မလေး
အထာနဲ့ စောက်မြင် ကပ်စရာ ပြုံးစိစိ လုပ်နေတယ်။ ဇယားတွေ သုံးနေကျ ဗျူဟာမျိုး။
ကြည့်ရတာ နဂိုသူ့ရုပ်သူ့ရည် သုံးစားရစဉ် တစ်ချိန်ကတော့ ဒင်းလည်း ဇယားဖြစ်ခဲ့ဖူးမှာ
သေချာတယ်။
ကျနော်လည်း ပွင့်ပြီးသား တံခါးတစ်ချပ်ကို စွတ်ထပ်တွန်းနေမိတယ်။
ကျနော်တို့ ရစ်ချာ့ဒ် ဘားပိတ်တဲ့အထိ သောက်ရင်းနဲ့
ဆက်ပြောကြတယ်၊ ရစ်ချာ့ဒ်ခမျာတော့ တိုးလို့သာ တုန်လှုပ်လို့ပဲ။ ဘားပိတ်တော့
ကျနော်တို့ အနည်းအပါး ရှူရရှိုက်ရအောင် ကဖေးတစ်ခုဆီ သွားကြတယ်။ ရက်ကိုက အတည်
သတ်မှတ်ပြီးသွားပြီ။ မနက်ဖြန်ဆို ကျနော့်ရဲ့ ညလူဘ၀ကို ခဏ နားပြီး
ခရစ်စီရယ်၊ ရစ်ချာ့ဒ်ရယ်နဲ့အတူ ကမ်းခြေမှာ သွားကဲကြတော့မှာ။
နောက်တစ်နေ့ ကမ်းခြေဆီ ကားမောင်းပို့တော့ ရစ်ချာ့ဒ်ခမျာ
အတော်ကြီးကို ကျွဲမြီးတိုလို့။ လက်ကိုင် ခွေပေါ်က သူ့လက်ဆစ်တွေ ဖြူဖတ်ဖြူလျှော် ဖြစ်နေတာ
ကြည့်ပြီး ကျနော့်မှာ ပီတိတွေ ဖြာနေမိတယ်။ ခရစ်စီက ရှေ့ခန်းဘေးခုံကနေ
နောက်ကိုင်းပြီး ပြောင်စပ်စပ်၊ ပြီး နည်းနည်းလည်း ပြီတီတီပုံနဲ့ ကျနော်ဆီလှည့်
ကလူကျီစယ် လုပ်နေတယ်။ ကျနော့်နှုတ်ဖျားတွေကနေ ပျင်းရိရိ ထွက်ကျလာတဲ့ အပေါစားဟာသတွေ၊
ပျင်းစရာ ထွေလီကမာတွေကိုပဲ သူက အူယားဖားယား ခွက်ထိုးခွက်လန် လိုက်ရယ်လို့။
ရစ်ချာ့ဒ်ကတော့ တောင့်တောင့်ကြီး ငြိမ်ကုပ်ရင်း ဒုက္ခအကြီးအကျယ် ရောက်နေတယ်။
ဒီကောင့်မှာ ကျနော့်အပေါ် မုန်းတီးစိတ်တွေ ဆထက်တပိုး တိုးလာနေရုံမက သူ့အမုန်းကနေ
သူ့ ပြန်ညှစ်၊ သူ့အသက်ရှူသံတွေထဲ ဝင်နှောက်၊ သူ့အတွေး လမ်းကြောင်းထဲအထိ
အမွှေခံနေရတာပါ ကျနော် ရိပ်စားမိတယ်။ ခပ်ဆိုးဆိုး ချာတိတ်တစ်ကောင် လူကြီးကို
အနှောက်အယှက် ပေးရအောင် တမင်ရွယ်ပြီး တီဗီခလုတ် လက်ကိုင်ကနေ အသံ
မတရား အကျယ်ကြီး ချဲ့နေသလိုမျိုး လုပ်နေမိမှန်း၊ ကျနော် တွေးမိတယ်။
ဒီကောင် ကာပင်တာသီချင်းခွေကို တရစ်ဝဲဝဲ လုပ်ရင်း အမှတ်တမဲ့
လက်စားချေစရာအကွက် တွေ့သွားတယ်။ သူနဲ့ ခရစ်စီ နောက်ကလိုက်ဆိုနေတဲ့အချိန်
ကျနော့်မှာ မအီမသာနဲ့ ထွန့်ထွန့်လူးလို့။ -ကဲရင်ကာပင်တာ…၊ တကယ့် နှမြောစရာပဲ… တဲ့၊
ခရစ်စီက အတည်ပေါက်ကြီး ပြောလာတယ်။ ရစ်ချာ့ဒ်ကလည်း အလေးအနက် သဘောတတူနဲ့ ခေါင်းတွေ
လိုက်ညိတ်လို့။ - ဝမ်းနည်းစရာပဲ၊ နော်… ယူအန်? တဲ့ ခရစ်စီက မေးလာတယ်။ သူတို့ဘာသာ
အဆန်းကြီးလုပ်ပြီး အဲသေပြီးသား ပေါ့အဆိုတော်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်
လုပ်တဲ့ ပွဲပေါက်စထဲ ကျနော့်ကိုပါ ဝင်ပါစေချင်တဲ့ပုံ။
ကျနော်လည်း သဘောရိုးအတိုင်း အလေးမထားတဲ့ ပုံစံ
ပြုံးလိုက်တယ်။ - ကျနော်တော့ အလေးထား မနေနိုင်ဘူး။ ကမ္ဘာတလွှား စားဖို့တောင်
အနိုင်နိုင် လူတွေ ရှိနေတဲ့ဟာ။ ဒီလောက် မတရား အခွင့်ထူးခံနေတဲ့ စောက်ကျိုးနဲ ယန်းကီးမတစ်ယောက်ကို
ဘာလို့ သွားစောက်ဂရုစိုက် နေစရာ လိုမတုံး? ကိုယ့်ဗိုက်ထဲကိုယ်
သွတ်ဖို့ ဇွန်းခက်ရင်းတစ်ချောင်းစာ အစာတောင် မမချင်တဲ့အထိ စောင့်ကျင့်ပျက်နေတဲ့
မိန်းမ….၊ ပြောလိုက်တယ်။
အကုန် မှင်သက်မိသလိုမျိုး တိတ်ဆိတ်သွားကြတယ်။
ဖြေးဖြေးတော့မှ ခရစ်စီက ညည်းပြောလာတယ်၊ - ရှင့်မှာ အတော့်ကို ရွံစရာကောင်းတဲ့
ဘုကန့်လန့်စိတ်ကြီး ရှိနေတာပဲ… ယူအန်တဲ့။ ရစ်ချာ့ဒ်ကလည်း သူ့စကားကို
အူးလှိုက်သည်းလှိုက် သဘောတွေ တူနေတယ်။ ကျနော် ခရစ်စီ့ကို စိတ်မကြည်အောင်
လုပ်လိုက်မိတာကိုပဲ ဒင်းက ဝမ်းသာအယ်လဲ ဖြစ်ပြီး ဖုံးမနိုင်ဖိမရတွေ ဖြစ်လို့။ “ကမ္ဘာကြီးရဲ့
ထိပ်ဆုံးမှာ” သီချင်းကိုတောင် ဒင်းက နောက်က လိုက်ဆိုနေလိုက်သေး။ အဲနောက်တော့ သူနဲ့
ခရစ်စီ ဒတ်ခ်ျလိုတွေ စကား ဖောင်ဖွဲ့ပြီး ရယ်နေကြတယ်။
ကျနော်ကတော့ ခုလို ခဏတဖြုတ် ဘေးထွက်နေရတာမှာ
အေးရာအေးကြောင်းပဲ။ တကယ်တော့ သူတို့ တုန့်ပြန်တာတွေ ကြည့်ပြီး ကျနော်က ပျော်တောင်နေတာ။
ရစ်ချာ့ဒ်ဆိုတဲ့ကောင်က ခရစ်စီ ဘယ်လိုလူစားမျိုးဆိုတာ လုံးလုံး သဘောမပေါက်ရှာဘူး။
ခရစ်စီဟာ သဘောထားဆိုးဆိုးတို့၊ ကန့်လန့်တိုက်စိတ်တို့ကို သဘောကျတတ်တဲ့
တစ်ယောက်မှန်း ကျနော်က အာရုံ ရနေပြီးသား။ သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲ လုပ်ပေးမယ့်
ကယ်တင်ရှင်လိုမျိုး မြင်နေတာ။ ကျနော့်ပုံစံက သူ ပြုပြင်ပြောင်းလဲပေးစရာ
စိန်ခေါ်မှုတစ်ရပ်ပေါ့။ ရစ်ချာ့ဒ်ဆိုတဲ့ကောင် ဖော်လံဖားပြီး အလိုလိုက်တာတွေက
သူ့အတွက် တစ်ခါတစ်ခါ ရယ်စရာတောင် ကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဒီကောင်နဲ့က အားလပ်ရက်
ခဏနားခိုဖို့လောက် သဘောပဲ၊ အမြဲနေမယ့်အိမ် မဟုတ်ဘူး။ ဂိတ်ကုန်အောင် ပေါ့ရွှတ်ပြီး
ပျင်းစရာ ကောင်းတဲ့ကောင်လေ။ သူ့ကိုယ်သူ ခရစ်စီ လိုချင်မယ်ထင်တဲ့ အနေအထား ဖြစ်အောင်
အကုန် လိုက်လုပ်နေတာနဲ့ ခရစ်စီ့အတွက် ပြုပြင်ပြောင်းလဲ လုပ်ပေးစရာ ဘာတစ်ခုမှ
ဖြည့်ဆည်းပေးနိုင်တဲ့ပုံ မပေါ်ဘူးလေ။ ဒါက ခရစ်စီ့ရဲ့ စိတ်အာသာကို ငြင်းထုတ်တာ။
သူတို့ချင်းကြား ပတ်သက်နွယ်မှုအပေါ် အမှန်တကယ် သက်ရောက်မှု ရှိစေမယ့် အာသာဆန္ဒကို
ငြင်းထုတ်တဲ့သဘောပဲ။ တစ်ချိန်တည်းမှာ ခရစ်စီအနေနဲ့လည်း သူ့အတွက် ဘဝင်မိုးထိအောင်
အလိုလိုက် ပေးထားလို့မို့ ဒီစောက်ရူးကို ကြိုးရှည်ရှည်နဲ့ လှန်ထားရသေးတဲ့ပုံ။
ကျနော်တို့ ကမ်းစပ်သောင်ပြင်မှာ လှဲကြတယ်။ နောက် အပြင်အလှန်
ဘောလုံးပစ်တမ်း ကစားကြတယ်။ လူတွေ ပင်လယ်ကမ်းစပ် ရောက်တဲ့အခါ လုပ်နေကျဟာတွေကို
ကယ်ရီကေချာ လုပ်နေသလိုမျိုးပေါ့။ ကျနော်လည်း ရှုခင်းရယ်၊ အပူရှိန်ရယ်ကြောင့်
မသက်မသာ ဖြစ်လာတာနဲ့ အရိပ်ထဲ သွားလှဲနေလိုက်တယ်။ ရစ်ချာ့ဒ်ကတော့ တိုတိတိညှပ်ထားတဲ့
ဘောင်းဘီတိုလေးနဲ့ ပတ်ပြေးနေတယ်။ သူ့ပုံက နေလောင်အသားနဲ့ အားကစားသမားပုံမျိုး၊ ဗိုက်ကတော့
မသိမသာ စူထွက်လို့။ ခရစ်စီပုံ ကြည့်ရတာတော့ မျက်နှာပူစရာ ကောင်းလောက်အောင်ကို
ပိုးသိုးပတ်သပ်ကြီး။
သူ ရေခဲမုန့် ဝယ်ဖို့ ထွက်သွားပြီး ရစ်ချာ့ဒ်နဲ့ ကျနော့်ကို
ပထမဆုံးအကြိမ် နှစ်ပွေတည်း ထားခဲ့တယ်။ ကျနော့်မှာ နည်းနည်းတော့ တုန်လှုပ်လို့ပဲ။
- သူ အတော် မိုက်တယ်၊ ဟုတ်...၊ ဒီကောင်က အားတက်သရော
ပြောလာတယ်။
ကျနော်လည်း လေးတိလေးကန် ပြုံးပြလိုက်တယ်။
- ခရစ်စီ ဖြတ်သန်းလာခဲ့ရတာတွေက မနည်းမနောပဲ။
- ဟုတ်မှာပါ…၊ ကျနော် သဘောတူပေးလိုက်တယ်။ ဒါက ကျနော်လည်း
ကောက်ချက်ချပြီးသားပဲ။
- ငါတော့ တခြားလူတွေအပေါ် ခံစားခဲ့ဖူးသမျှနဲ့ မတူဘဲ ခရစ်စီ့အပေါ်
ခံစားမိတာပဲ။ သူ့ကို သိလာတာ ကြာပေါ့။ တစ်ခါတစ်ခါတော့ သူ့ကိုယ်ကနေသူ ကာကွယ်ဖို့
လိုတယ်၊ ငါ တွေးမိတယ်။
- မင်းစကားတွေက ငါ့အတွက် ဝိုးတိုးဝါးတား
နိုင်လွန်းအားကြီးတယ်… ရစ်ချာ့ဒ်။
- ငါ ဆိုလိုတာ မင်း သိပါတယ်ကွာ၊ မင်းက မင်းလက်စတွေမင်း
တမင် ဖုံးထားတာပဲ။
ကျနော်လည်း အလိုလို စိတ်ချဉ်ပေါက်ပြီး အောက်နှုတ်ခမ်းတွေ
တွန့်သလို ဖြစ်သွားတယ်။ ဒါက ကလေးကွက်တော့ ကလေးကွက်။ တကယ် နာကျင်တာ မဟုတ်ဘဲ
နာကျင်ယောင် ဆောင်ပြီး တစ်ဘက်လူအပေါ် ထွက်လာမယ့် ဒေါသအတွက် တရားရာ ကျအောင်၊ မဟုတ်လည်း
တစ်ဘက်လူ သူ့စကားသူ ပြန်ရုပ်ချင်ရုပ်ဖို့ လမ်းကြောင်းသလို ဖြစ်အောင် မရိုးမသား
တုန့်ပြန်လိုက်တာမျိုးပဲ။ ကျနော့်ရဲ့
မသိနိုးနား အကျင့်တစ်ခု ဆိုပါတော့။ ဒီကောင် ကျနော့်အတိုင်းအဆကို အကုန်သိတယ်
ထင်နေတာကိုတော့ ကျနော် ကျေနပ်မိတယ်။ ကျနော့်အပေါ် လွှမ်းမိုးရမယ် အထင်မှားနဲ့
ဒင်းကိုယ်ဒင်း စောင့်ကြွားကြွားတွေ ဖြစ်၊ ဒီကနေ သတိလက်လွတ်တွေပါ ထပ်ဖြစ်တော့ဖို့ပဲ။
ကျနော်က အခွင့်ကောင်း ရွေးပြီး ဒင်းနှလုံးသားကို စုတ်ဖြဲပစ်တော့မှာ။ ပစ်မှတ်ကလည်း
ခက်ခက်ခဲခဲ မဟုတ်ဘူး။ ဒင်းလည်တိုအင်္ကျီ လက်မောင်းစပေါ်တင် လှဲနေတာပဲ။
ဒီကိစ္စအကုန်လုံးက ကျနော်နဲ့ ရစ်ချာ့ဒ်ကြားကိစ္စ ဆိုပေမဲ့ ကျနော်နဲ့ ခရစ်စီကြား
ကိစ္စလည်း ဖြစ်နေတယ်။ တစ်ဘက်က စဉ်းစားရင်တော့ ခရစ်စီဟာ ကျနော်တို့နှစ်ယောက်
ခတ်မယ့်ပွဲအတွက် စစ်မြေတလင်းသက်သက်ပေါ့။ ကျနော်တို့ရဲ့ ပထမဆုံး အဆုံနဲ့တင်
ဖြစ်လာတဲ့ သမရိုးကျ အာဃာတတွေဟာ ကျနော်တို့ရဲ့ ဆက်လက်ထိတွေ့နေမှု ဝပ်ကျင်းထဲမှာ
အခွံ အက်လာတယ်။ နောက်ပိုင်း တကယ်ပဲ အံ့ဩစရာကောင်းတဲ့ အချိန်တိုလေးအတွင်းမှာပဲ
အဲအာဃာတတွေက အမွေးအတောင်စုံစုံ အမုန်းတရားတွေအဖြစ် ပွင့်အာလာတော့တယ်။
ရစ်ချာ့ဒ်ကတော့ သူ့နှုတ်ဖွာဖွာ မှတ်ချက်အတွက်
နောင်တရမနေဘူး။ နောင်တရဖို့ ဝေးစွ၊ နှုတ်လှန် ထိုးတာတွေပါ ပါလာတော့တယ်။
သူ့အမုန်းတရားနဲ့ ကိုက်ညီမယ့် ပုံသဏ္ဌာန်မျိုး ကျနော့်ကို ပုံဖော်ယူလို့။ - ငါတို့
ဒတ်ခ်ျတွေကွာ…၊ ငါတို့က အာဖရိကဘက် သွားတယ်၊ မင်းတို့ ဗြိတိသျှတွေ ငါတို့ကို
လိုက်နှိပ်ကွပ်တယ်။ မင်းတို့ပဲ ငါတို့ကို ချွေးတပ်စခန်းတွေထဲ သွင်းခဲ့တာ။
ချွေးတပ်စခန်းတွေ စထွင်ခဲ့တာ မင်းတို့လူမျိုးတွေ။ နာဇီတွေ မဟုတ်ဘူး။
မင်းတို့ကောင်တွေကနေမှ နာဇီတွေကို သင်ပေးခဲ့တာပဲ။ မင်းတို့ပဲ မျိုးတုံး သတ်ဖြတ်ဖို့တွေ
ဒင်းတို့ကို သင်ပေးလိုက်တာပဲ။ နျူဇီလန်က မော်ရီလူမျိုးတွေအပေါ်
မင်းတို့ လုပ်ခဲ့တာ ဟစ်တလာ ဂျူးတွေအပေါ် လုပ်ခဲ့တာထက် အပုံကြီး ဆိုးတယ်။ တောင်အာဖရိကမှာ
ဘိုအာတွေ လုပ်နေတဲ့ လုပ်ရပ်တွေ ငါတော့ ခွင့်လွှတ်မှာ မဟုတ်ဘူး။
ဘယ်နည်းနဲ့မှ ခွင့်မလွှတ်ဘူး၊ လုံး၀ပဲ။ ဒါပေမဲ့ မင်းတို့ ဗြိတိသျှတွေဟာ
အဲဒီ့လူတွေရင်ထဲ အမုန်းတရားတွေ သွတ်သွင်းပြီး ကြမ်းရှ ကျန်ရစ်အောင် လုပ်ခဲ့ကြတယ်။
ဖိနှိပ်မှုကနေ ဖိနှိပ်မှုပဲ ပေါက်ဖွားမယ် ဟေ့ရောင်၊ အဖြေဆိုတာမျိုး ဘယ်တော့မှ
ပေါ်မလာဘူး။
ကျနော့်မှာ ဒေါသတွေ အလိမ့်လိမ့် ထွက်လာသလိုပဲ။ ကျနော်က သူ့ကို
နားတော့ ချဦးမယ်လို့။ ကျနော်က စကော့တ်သား၊ ဗြိတစ်သျှသား မဟုတ်ဘူးလို့၊
စကော့တ်တွေလည်း ဗြိတိသျှအင်ပိုင်ယာရဲ့ နောက်ဆုံးပိတ် အဖိနှိပ်ခံ ကိုလိုနီ
ဖြစ်ခဲ့တာပဲလို့။ အမှန်တော့ ဒီကိစ္စ ကျနော်က ယုံတာတော့ မဟုတ်ဘူး။ စကော့တ်တွေဟာ
သူတို့ကိုယ်သူတို့ပဲ ဖိနှိပ်နေတာလေ။ သူတို့အပေါ် အမုန်းတွေ၊ အကြောက်တွေ၊
အဖားအယားတွေ၊ မခန့်လေးစားတွေ၊ အမှီအခိုစိတ်တွေအပါအဝင် မကောင်းတာအကုန်
မျိုးဖောက်ပေးနေတဲ့ အင်္ဂလိပ်တွေကို တန်းလန်းစွဲ ဖြစ်ရင်းက အပြန်အလှန်
ဖိနှိပ်နေကြတာ။ ဒီကိစ္စ မယုံတာအပြင် ဒီလိုစောက်ရူးမျိုးနဲ့လည်း ကျနော် အငြင်းအခုန်ထဲ ဝင်ပါ မနေချင်ဘူး။
- ငါတော့ နိုင်ငံရေးတွေ နှံ့နှံ့စပ်စပ် နားလည်သယောင်
ဖိန့်မနေဘူး… ရစ်ချာ့ဒ်။ ဒါပေမဲ့ မင်းရဲ့ သုံးသပ်ချက်ကိုတော့ မဖြစ်ညစ်ကျယ်
ပုဂ္ဂလဓိဋ္ဌာန်ဆန်လွန်းတဲ့ သုံးသပ်ချက်သက်သက်ပဲ ငါ မြင်တယ်....။ ကျနော်
ထရပ်လိုက်ပြီး ခရစ်စီ့ဘက် ပြုံးပြလိုက်တယ်။ သူက ဟာဂင်ဒေ့ဇ်
ရေခဲမုန့်တွေပေါ်မှာ မလိုင်မြှုပ်တွေ အုံထားတဲ့ ဘူးတွေနဲ့အတူ ပြန်ရောက်လာပြီ။
- ရှင့်ကိုယ်ရှင် ဘယ်လိုလူစားလဲ သိလား... ယူအန်? သိတယ်ဟုတ်?၊ ခရစ်စီက
လှမ်းနောက်တယ်။ ခရစ်စီ ကြည့်ရတာ ရေခဲမုန့် သွားဝယ်နေတုန်း ခေါင်းစဉ်တစ်ချို့
ရှာနေခဲ့တဲ့ပုံ။ ခုတော့ သူက သူ့စူးစမ်းမှု အကုန်လုံး ကျနော်တို့အပေါ် ပြုံစိုက်ထားတယ်။
ကျနော်လည်း ပုခုံးတွန့်ပြလိုက်တယ်။ - ကြည့်စမ်းပါဦး။ ကိုလူခန့်ကြီးရဲ့။ အစုံ
ရောက်ဖူး၊ အကုန် လုပ်ဖူး။ ရှင်လည်း ရစ်ချာ့ဒ်နဲ့တို့ အတိုင်းပဲ။ ဟိုဒီ
လျှောက်လိမ့်နေတာ။ ဒါနဲ့ စောနက ရှင်ပြောတဲ့ နောက်ပိုင်းကျ ရှင် ခြေဦးလှည့်ချင်တယ်ဆိုတဲ့
မြို့တွေက ဘယ်မြို့တွေတုံးရှင့်?
- အိဘစ်ဇား၊ မဟုတ်လည်း ရီမိနီပေါ့၊ ကျနော်
သူ့ကို ပြောလိုက်တယ်။
- အကအခုန်ရှုခင်းတို့၊ ဟဒယကြည်ဆေးတို့အတွက်ကော ပါသေးလား…၊
သူက ထောက်ပေးတယ်။
- အဲဒါတွေလည်း ဝင်ပါရ အကောင်းသားပဲ...၊ ကျနော်
ခေါင်းညိတ်ရင်း ပြောလိုက်တယ်။ - ဖိုးတွေဘာတွေထက်တော့ အန္တရာယ် ကင်းသေးတယ်လေ။
- အင်းလေ၊ ကင်းချင်လည်း ကင်းမှာပေါ့...၊ သူက ပေါက်ဆတ်ဆတ်
ပြန်ပြောတယ်။ - ရှင်က ယူရိုဂေါ်လီပဲ… ယူအန်။ တို့တွေ အကုန်လုံးပဲ။
ဟောဒီ့နေရာက ဂျလေဘီတွေအကုန် လာသောင်တင်တဲ့ နေရာ။ အမ်စတာဒမ်ဆိပ်ကမ်းလေ၊
ယူရိုဂေါ်လီတွေအတွက် အမှိုက်ပုံးကြီးလေ။
ကျနော် ပြုံးလိုက်တယ်။ ပြီး ရစ်ချာ့ဒ်ရဲ့ ရေခဲစိမ်ခြင်းထဲက
ဟန်နီကင် နောက်တစ်လုံး ယူဖောက်လိုက်တယ်။ - ယူရိုဂေါ်လီကို ဂုဏ်ပြုတဲ့အနေနဲ့ ကိုယ်
သောက်မယ်၊ ယူရိုဂေါ်လီ!
ကျနော် ဘူးကို
မြှောက်လိုက်တယ်။
ခရစ်စီက အားတက်သရော ကျနော့်ဘူးကို သူ့ဘူးနဲ့ လာဆတ်တယ်။
ရစ်ချာ့ဒ်လည်း အင်တင်တင် ဝင်ပါလာတယ်။
ရစ်ချာ့ဒ်ကတော့ ဒတ်ခ်ျဖြစ်မယ်ဆိုတာ သိသာပြီးသား၊ ဒါပေမဲ့
ခရစ်စီ့လေသံကိုတော့ ဘယ်အရပ်က လာမှန်း မခန့်မှန်း တတ်အောင်ပဲ။ တစ်ခါတစ်ခါ
သူ့ပြောပုံက လစ်ဗာပူးလ်ဘက်က လေယူ လေသိမ်းမျိုး။ များသောအားဖြင့်
လူလတ်တန်းစားသုံး အင်္ဂလိပ်နဲ့ ပြင်သစ်လေသံ ရောသမမွှေထားသလို ထင်ရတဲ့ လေသံ၊
အကုန်လုံး လုပ်ပြော ပြောနေမှန်း သိနေတာတော့လည်း တစ်ပိုင်းပေါ့။ ဒါပေမဲ့ ခရစ်စီ့ကို
ဘယ်က လာလဲဘာလဲ၊ မေးနေဖို့တော့ အကြောင်း မရှိဘူး။ မေးလည်း နေရာစုံက လာတယ်… ဒင်းက
ပြောမှာပဲဟာ။
အဲည ဒမ်မြို့လယ် ပြန်ရောက်တော့ ရစ်ချာ့ဒ်ခမျာ အသားကုန်
ကြောက်နေတာ မြင်နေရတယ်။ ဘားမှာ ကျနော်တို့အတွက် သောက်စရာတွေ သူ လာချပေးလို့။ ခဏနေ
အလကားဖြစ်တော့မယ့် အားထုတ်မှု တစ်ရပ်ကိုပဲ သွေးရူးသွေးတမ်းနဲ့ သူ ကြိုးစားနေမှန်း
အသိအသာပဲ။ သူ့မျက်နှာမှာ အထုအထောင်း ခံထားရတဲ့ မျက်နှာပေးမျိုး ဆင်ထားတယ်။ ကျနော်က
သေချာပေါက် ခရစ်စီနဲ့ အတူ အိမ်ပြန်တော့မှာ။ ခရစ်စီသာ သတင်းစာက ကြော်ငြာ ဆွဲပြီး
ကာလိုက်ရင် ဒီအိမ်ပြန်မယ့်ကိစ္စ ဒီလောက် ပေါ်လွင်ချင်မှ ပေါ်လွင်မှာပဲ။
- တို့တော့ ခြေကုန်လက်ပမ်း ကျနေပြီ…၊ သူက သမ်းရင်းနဲ့မှ ပြောလာတာ။
- ပင်လယ်လေကြောင့်ပေါ့။ တို့ကို အိမ်နားထိ လိုက်တွေ့မလား… ယူအန်?
- ကိုယ့်အလုပ်ဆိုင်း ပြီးတဲ့အထိ မစောင့်တော့ဘူးလား?၊ ရစ်ချာ့ဒ်က အကြောက်အကန် အသနားခံတယ်။
- ဪ… ရစ်ချာ့ဒ်ရယ်။ ငါ တကယ်ကြီး ပင်ပမ်းနေလို့ပါ။ ငါ့အတွက်
စိတ်မပူပါနဲ့။ ယူအန် ငါ့ကို ဘူတာအထိ လိုက်ပို့ရလို့ စိတ်ဆိုးမယ် မထင်ပါဘူး။
ဟုတ်တယ် မဟုတ်လား ယူအန်?
- မင်းက ဘယ်မှာ နေတာလဲ? တဲ့၊ ရစ်ချာ့ဒ်က
ကျနော့်ကို ခေါင်းတည်ပြီး မေးခွန်းထုတ်လာတယ်။ အခြေအနေတွေအပေါ် အနည်းအပါး ထိန်းချုပ်ရလိုရငြား
ကြိုးစားကြည့်တဲ့သဘော။
ကျနော်လည်း ဟိုး... ဆိုတဲ့ အမူအရာနဲ့ လက်ဝါး ကာပြလိုက်တယ်။
ပြီး ခရစ်စီဘက် လှည့် - မင်းနဲ့ ရစ်ချာ့ဒ် ဒီတစ်နေကုန် ကိုယ့်အတွက်
ပျော်စရာအချိန်တွေ လုပ်ပေးခဲ့ပြီးမှ ဒီလောက်က အသေးအမွှားပါ။ ပြီးရင် ကိုယ်လည်း
အဟုတ်ကို ခေါင်းချဖို့ လိုနေပြီ...။ ကျနော် ခပ်တိုးတိုး၊ ရိုကျိုးကျိုးလေသံနဲ့
ဆက်ပြောလိုက်တယ်။ မျက်နှာပေါ်လည်း ရွှန်းစို စိမ့်အီနေတဲ့ အပြုံးတစ်ခု အပေါ်
ဖော်လို့။
ခရစ်စီ ရစ်ချာ့ဒ်ပါးကို ပြွတ်ခနဲ နမ်းတယ်။ - မနက်ဖြန်
ဖုန်းဆက်မယ်နော် ဘေဘီ…တဲ့၊ သူက ပြောရင်းက သုန်မှုန်နေတဲ့ သူငယ်နှပ်စားကလေးကို
မအေတစ်ယောက်က ချော့ချော့မော့မော့ ကြည့်သလိုမျိုး ရစ်ချာ့ဒ်ဆီ စူးကြည့်နေလိုက်သေးတယ်။
- ဂွဒ်နိုက် ရစ်ချာ့ဒ်…၊ ကျနော်တို့ သွားဖို့အပြင် သူ့ဆီ
ကျနော် ပြုံးနှုတ်ဆက်လိုက်တယ်။ ကျနော် ခရစ်စီ့အတွက် တံခါး ဆွဲထားပေးလိုက်တယ်။ သူ
ထွက်အပြီး ကျနော်လည်း နောက်ဘက် လှည့်၊ ဘားစားပွဲနောက်က အညှင်းပမ်းခံ စောက်ရူးကို
လှမ်းကြည့်ပြီး မျက်စိတစ်ဘက် မှိတ်၊ မျက်ခုံးတွေ ပင့်ပြရင်း - အိပ်မက်လှလှ
မက်ပါစေ... ပြောလိုက်တယ်။
ကျနော်တို့ မီနီရပ်ကွက်ကို ဖြတ်၊ ဗောဘာ့ဂ်နဲ့ အဲက်တာဘာ့ဂ်
ရေမြောင်းတွေဘေး ကပ်လျှောက်ရင်းက လေညှင်းရော လူတွေရှုခင်းကိုပါ ဇိမ်ခံလာကြတယ်။ -
ရစ်ချာ့ဒ်က မတရား ချုပ်ချယ်ချင်တယ်။ တကယ် စိတ်ညစ်စရာပဲ…၊ ခရစ်စီက မှတ်ချက်ပေးတယ်။
- သူ့မှာ စိတ်ရင်းကောင်း ရှိတာတော့ သံသယ မရှိပါဘူး…၊ ကျနော်
ပြောလိုက်တယ်။
ကျနော်တို့ ဘာစကားမှ မပြောဘဲ ဗဟိုဘူတာကြီးဆီ
လျှောက်လာကြတယ်။ အဲကနေ ခရစ်စီက ဓာတ်ရထားပေါ် တက်၊ သူနေတဲ့နေရာ၊ အားယက်ဇ်အားကစားကွင်းဟိုဘက်
စီးသွားဖို့ပဲ။ ကျနော်လည်း ကျနော် ရည်ရွယ်ထားသမျှ အကောင်အထည်ဖော်ဖို့
အချိန်ကျပြီရယ် ဆုံးဖြတ်လိုက်တယ်။ ကျနော် သူ့ဘက်လှည့်ပြီး - ခရစ်စီ၊ ကိုယ် မင်းနဲ့
ညဘက်အတူ နေပါရစေ…၊ ပြောလိုက်တယ်။
သူ မျက်လုံးတွေ စင်းပြီး မေးရိုးတွေ ငေါထွက်ရင်းက
ကျနော့်ဘက် လှည့်လာတယ်။ - တို့ ထင်တာ… ရှင်များ…၊ သူက ပီတိဖြာနေပုံနဲ့ ပြန်ပြောတယ်။
မယုံနိုင်စရာ ဘဝင်မြောက်သွားပုံမျိုး သူ့ဆီမှာ တွေ့နေရတယ်။
အဲက်တာဘာ့ဂ်မြောင်း တံတားပေါ် နေရာယူထားတဲ့
အရောင်းသမားတစ်ယောက် သူ့အကြည့်တွေနဲ့ ကျနော်တို့ကို ဖမ်းမိသွားတယ်။ ကာလံဒေသံနဲ့
ဈေးကွက်အနေအထား သတိထား၊ အာရုံစိုက်မိသွားပုံနဲ့ ဒင်းက လက်တို့လာတယ်။ - လိင်နှောကောင်းတဲ့
ဟဒယကြည်ဆေးတွေ ရမယ်နော်… တဲ့။ ခရစ်စီက မျက်ခုံးတွေ ပင့်ပြပြီး ရပ်မယ်လို့ လုပ်တယ်။
ဒါပေမဲ့ ကျနော် သူ့ကို ဆွဲပြီး ရှေ့ဆက် ခေါ်လာတယ်။ လူတွေ အပြောအရ ကြည်ဆေးတွေက
ကျုံးရာပြုရာမှာ သိပ်ကောင်းဆိုပဲ။ ကျနော်ထင်တာတော့ အဲဟာတွေ အရှိန်နဲ့ ကချင်၊
ဖက်ချင်ရုံပဲ ရှိတယ်။ နောက်တစ်ကြောင်းကလည်း ကျနော့်ဘောတွေခမျာ ဖိထိုင်စရာ လေထိုးဘောရုပ်တွေ
သက်သက်လို ဖြစ်နေတာ ကြာပြီလေ။ ကျနော့်အတွက် နောက်ဆုံး လိုချင်းလိုရင် ကာမအားဆေး
တစ်မျိုးလောက်ပဲ။ ကျနော်က ခရစ်စီ့ကို ကြွေနေတာ မဟုတ်ဘူး။ ကျနော့်အနေနဲ့ လုံးထည့်ဖို့ပဲ
လိုနေတာ။ ဒီလောက် ရှင်းနေတဲ့ဟာ။ ဆေးဘဲ တစ်ပွေမှာ လိင်စိတ် ခဏတဖြုတ်
ခမ်းခြောက်တာတို့၊ ဆေးပြယ်ချိန် လိင်စိတ်နိုးပြီး စွတ်တရွတ် ဂျီကျတာတို့က
ဖြစ်တတ်တဲ့သဘောလေ။ ကုပ်ဖို့ရာ လိုနေတဲ့ ယားယံမှုတစ်မျိုးပဲ။ ကျနော့်မှာ ရာ့ဘ်/ရော်ဘီရဲ့ အိမ်ရှေ့ခန်းထဲ ထိုင်ထုရတာချည့်
ငြီးငွေ့လှပေါ့။ အခန်းထဲမှာ ကျနော့် ဗြွတ်ရည်တွေရယ်၊ ဟတ်ရှ်အငွေ့တွေရယ် ရောပြီး
ညှီစို့စို့ အောက်သိုးသိုးနံ့တွေ ဟောင်လို့။
ခရစ်စီက မာဂရိယက်ဆိုတဲ့ တင်းတင်း၊ ချောချော
ကောင်မလေးတစ်ယောက်နဲ့ တိုက်ခန်း မျှနေတယ်။ ကောင်မလေးက လက်သည်း ကိုက်လိုက်၊
အောက်နှုတ်ခမ်း မြုံ့လိုက်၊ စကားပြောတော့ ဒတ်ခ်ျလို သွက်သွက်၊ အင်္ဂလိပ်လို
နှေးနှေး ပြောတတ်တယ်။ ကျနော်တို့အားလုံး စကား အနည်းအပါး ပြောဆိုပြီး နောက်တော့
ခရစ်စီနဲ့ ကျနော် ရှေ့ကဖြတ်ပြီး ခရစ်စီ့အခန်းထဲက အရောင်မှိန်ဖျော့ဖျော့
အိပ်ရာဆီ သွားကြတယ်။
ကျနော် စပြီး နမ်းရင်း သူ့ကို ပွတ်နေတယ်။ ရစ်ချာ့ဒ်ကတော့
ကျနော့်အတွေးထဲကနေ အဝေး လုံးလုံး ထွက်မသွားဘူး။ ကျနော့်အတွက် နူးတာနှပ်တာတွေ
လိုမနေဘူး။ ကျနော်က ချစ်တင်း နှောချင်တာ မဟုတ်ဘူး။ ဒီမိန်းမကြီးနဲ့တော့
မနှောဘူးပဲ။ လုံးပဲ ထည့်ချင်တာ။ သူ့အပေါ် ခုလို စိတ်ပါဝင်စားနေတဲ့ အကြောင်းရင်းက
ရစ်ချာ့ဒ်ပဲ။ တကယ်လို့ ကျနော့်ဘက်က အချိန်ယူပြီး ဒီကိစ္စ ကောင်းကောင်း
ကိုင်တွယ်လိုက် နိုင်မယ်ဆို ဒီစော်ကြီးကို အပီချုပ်ထားနိုင်ပြီး ဒီကနေမှ ဟိုကောင်
မအီမလည် ဖြစ်အောင် လုပ်ဖို့ ပိုအခွင့်သာမယ် တွေးမိလို့ပဲ။
- လုံးပါတော့...၊ သူက ညည်းလာတယ်။ ကျနော် ဂွမ်းကပ်လွှာကို
ဆွဲပင့်ပြီး သူ့အင်္ဂါကို တစ်ချက် ကြည့်မိတော့ မျက်နှာ အလိုလို မဲ့သွားမိတယ်။
သူ့ဟာကြီးက ပုံဆိုးပန်းဆိုးပဲ။ နီရဲပြီး အမာရွက်တွေ တသောသောနဲ့။ ဒင်းက နည်းနည်း
ရှက်သွားပုံနဲ့ တီးတိုးညည်း ရှင်းပြတယ်။ - ဘော်ဒါမတစ်ယောက်နဲ့
ဆော့စရာတစ်မျိုး သွားဆော့တာ။
ဘီယာပုလင်းတွေနဲ့လေ။ အဲမှာ ပုလင်းစတချို့ နည်းနည်းလက်လွန်ပြီး ဖြစ်သွားတာပဲ။
အဲအနားတဝိုက် မတရား နာနေတယ်...၊ သူက သူ့ပေါင်ခြံသူ အသာ ပွတ်ရင်း ပြောတယ်။ - တင်ပါးမှာ
လုပ်ပါလား... ယူအန်ရယ်။ အဲလိုလုပ်ရတာ သဘောကျတယ်။ ဒီမှာ ချောဆီ ရှိတယ်...၊ သူ အိပ်ယားဘေး ဗီရိုဆီ လှမ်းပြီး အံဆွဲထဲ
ဟိုစမ်းဒီစမ်း လုပ်ရင်းနဲ့ ကေဝိုင်တစ်တောင့် ဆွဲထုတ်လာတယ်။ သူ ထောင်နေတဲ့
ကျနော့်ဒုတ်ကို စပြီး လိမ်းပေးတယ်။ - တို့အိုးထဲ ထည့်ရမှာ ရှင် ဘာမှ မဖြစ်ဘူး
မဟုတ်လား၊ ဟင်? တို့တွေ တိရိစ္ဆာန်တွေလို
ချစ်ကြရအောင်နော်... ယူအန်၊ ဒါက တို့တွေရဲ့ ဘ၀ပုံစံပဲလေ။ ယူရိုဂေါ်လီတွေ...။
မှတ်မိတယ်မလား? သူ ကိုယ်ကို ပတ်လှည့်ပြီး
သူ့ခရေကို ချောဆီ စလိမ်းတယ်။ တင်နှစ်လုံးကြား ပပ်ကြားအက်က စပြီး နောက် ခရေစေ့ တွင်းထဲအထိ
ဆက်လိမ်းသွားတယ်။ သူ လိမ်းလို့ ပြီးသွားတော့ ကျနော် လက်ချောင်းနဲ့ ထိုးပြီး
အီအီးရှိမရှိ စစ်ကြည့်တယ်။ ခရေစေ့တွင်းချက ကိစ္စမရှိ၊ အီအီးတော့ ကျနော်လည်း
ခံနိုင်ရည် မရှိဘူးလေ။ ဒါပေမဲ့ သန့်တော့ သန့်သန့်၊ ပြီးရင် သူ့ဘွတ်တွင်းထက်
ကြည့်ကောင်းတာ သေချာတယ်။ သူ့ဘတ်လပ်လပ်၊ အမာရွက် တသောသော အမှိုက်တောကြီးထက်တော့ ပိုလုံးကောင်းမယ့်ပုံ။
ယောက်ျားလျှာဆော့နည်းတွေ ဆော့တာတဲ့လား။ စောက်ကျိုးကြီးနဲလို့။ မာဂရီယက်နဲ့
ဆော့တာတော့ လုံး၀ မဖြစ်နိုင်။
ကျနော့်မှာ အနုရသအတွေးတွေ ဘေးချိတ်လို့၊ ပုလင်းကွဲအစအနတွေ ပြုံစိုက်နေတဲ့
သူ့ဥစ္စာကြီး မြင်ယောင်မိပြီး သင်းကွပ်စိတ္တဇတွေပါ ဖြစ်နေမိတယ်။ သူ့ခရေအပေါ်
အာရုံနှစ်ရတော့မှာပဲ။
ဒင်းကတော့ နဂိုကလည်း ဒါမျိုးလုပ်ဖူးမှန်း အသိအသာရယ်။
အကြိမ်ကြိမ်တောင် နေမှာပဲ။ သူ့ခရေတွင်းထဲ သက်ဆင်းတော့ ကျုံ့လွယ်စိလွယ်
အတော်နိုင်တာ တွေ့ရတယ်။ ကျနော့်လက် နှစ်ဘက်လုံးနဲ့ တင်လုံးကြီးတွေကို
ဆုပ်ထားတဲ့အချိန် ဒင်းက ကျနော့်ရှေ့မှာ သူ့ရွံစရာကိုယ်ကြီးကို ကိုင်းပေးထားတယ်။
ရစ်ချာ့ဒ်အကြောင်း တွေးမိပြီး ကျနော် သူ့ကို - မင်းကိုယ်ကမင်း ကာကွယ်ဖို့
လိုတယ်... ကိုယ်တော့ ထင်တယ်၊ တီးတိုး ပြောလိုက်တယ်။ ကျနော် အလျင်စလိုပဲ
ထိုးထည့်လိုက်တယ်။ နံရံကပ်မှန်မှာ လိမ်တိန်တိန်၊ ရွဲ့တဲ့တဲ့၊ အရုပ်ဆိုးဆိုး
ကျနော့်မျက်နှာကြီး ကျနော် တစ်ချက်ကြည့်မိပြီး ရှော့တောင် ဖြစ်မိသေးရဲ့။ ခရစ်စီ
အမာတသောသော သူ့ဘွတ်တွင်းသူ ခပ်ကြမ်းကြမ်း ပွတ်ရင်း ပြီးသွားတယ်။
ကျနော့်ဗြွတ်ရည်တွေ သူ့စအိုထဲ လွှဲထည့်လိုက်တဲ့အချိန် ဒင်းကိုယ်ပေါ်က
အဆီခေါက်ကြီးတွေ ဟိုဘက်ဒီဘက် ခါရမ်းလို့ရယ်။
ကိစ္စဝိစ္စပြီးတော့ ကျနော့်မှာ တကယ့်ကို အော်ဂလီဆန်လာတယ်။
သူ့နံဘေး လှဲနေဖို့တောင် မနည်း အားစိုက်နေရတဲ့ အနေအထား။ ပျို့ချင်အန်စိတ်က
တစ်ကိုယ်လုံး လွှမ်းလုနီးပါး။ တစ်ကြိမ်တော့ သူ့ဘက် ကျောပေးလိုက်မယ်လို့ပဲ။ ဒါပေမဲ့
သူက သူ့အိပက်ပက် လက်မောင်းကြီးတွေနဲ့ ကျနော်ကို ကြုံးဖက်ပြီး သူ့ရင်သားတွေနား
ဆွဲသွားတယ်။ ကျနော့်မှာ ချွေးစေး အလိမ်းလိမ်းပျံ လှဲရင်းက ကိုယ့်ကိုယ်ကို မသတီစိတ်
တင်းပြည့်နဲ့ သူ့နို့သီးထိပ်တွေဆီ ဖိတိုးပစ်လိုက်တယ်၊ သူ့ကိုယ်အချိုးအစားနဲ့စာတော့
နို့သီးခေါင်းတွေက အတော့်ကို သေးသေးပဲ။
သီတင်းပတ် အတော်များများ ခရစ်စီနဲ့ ကျနော် ဆက်ပြီး လုံးကြတယ်။
အမြဲတမ်း ဒီပုံစံအတိုင်းပဲ။ ဒီလိင်နှောတဲ့ ကိစ္စနဲ့ တိုက်ရိုက်ဆက်နွယ်လို့ပဲ
ရစ်ချာ့ဒ်ရဲ့ ကျနော့်အပေါ် ခါးသီးမှုကလည်း ကြီးသထက် ကြီးလာတယ်။ သူ့ဆီကို
ကျနော်တို့ ပတ်သက်မှု အကြောင်း ဖွင့်မပြောဖို့ ခရစ်စီနဲ့ သဘောတော့ တူထားတာပဲ။
ဒါပေမဲ့ ဒီကိစ္စက အနည်းနဲ့အများ ပြောင်ကျကျ လျှို့ဝှက်ချက်တစ်ခုလို ဖြစ်နေတယ်။
ကျနော့်အနေနဲ့ဆိုရင် ကျန်တခြား ဘယ်အခြေအနေမျိုးမှာမဆို ခုလို ကျနော်တို့အခင်းအကျင်းမျိုးမှာ
ကိုယ့်ရည်စား-မိန်းမရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ဖို့
တောင်းဆိုမိမှာပဲ။ ဒါပေမဲ့ ကျနော်က ခရစ်စီနဲ့ ပတ်သက်ရာကနေ ကိုယ့်ကိုယ်ကို ခွါဖို့
အပြင်ကြီး ပြင်နေပြီ။ ဒီလိုလုပ်ဖို့ရာအတွက်က ခရစ်စီနဲ့ ရစ်ချာ့ဒ်ကို နီးစပ်အောင်
ထားမှ ပိုအဆင်ပြေမယ်၊ ကျနော် သုံးသပ်မိတယ်။ သူတို့နဲ့ ပတ်သက်လို့ ထူးဆန်းတာ တစ်ခုက
သူတို့မှာ ဘော်ဒါအရင်းအချာ အသိုင်းအဝိုင်းရယ် ကျယ်ကျယ်ပြန့်ပြန့် ရှိပုံ မရတာပဲ။
ရစ်ချာ့ဒ်ရဲ့ ဘားမှာ ပင်းဘော ဆော့ဆော့နေတဲ့ ဆိုင်းရပ်စ်လိုကောင်မျိုး သွားသွားလာလာ
အသိအကျွမ်းလောက်ပဲ ရှိတယ်။ ဒီအကြောင်း ခေါင်းထဲ ထည့်ရင်းနဲ့ နောက်ဆုံးပိတ် ကျနော် လုပ်ခဲ့ချင်တာက
သူတို့ချင်း အပြန်အလှန် သူစိမ်းဆန် ကျန်ရစ်အောင် ခွဲပစ်ခဲ့ဖို့။ ဒီလိုသာ
ဖြစ်လာခဲ့ရင် ကျနော်လည်း ခရစ်စီ့ကို ဘယ်တော့မှ ပစ်ထုတ်နေရမှာ မဟုတ်သလို ဒီဣန္ဒြေမရ စောက်ကောင်မကြီးကို
စိတ်ဒုက္ခ ကြီးကြီးမားမားလည်း ထပ်ပေးနေရမှာ မဟုတ်တော့ဘူး။
သူ ဘာမှားခဲ့မှားခဲ့၊ နောက်ကို ဒါမျိုးတွေ ထပ်မလိုတော့ဘူး။
ကျနော် ခရစ်စီကို မလှည့်ဖြားခဲ့ဘူး။ ဒီစကားက
နောက်ပိုင်း ဖြစ်လာတဲ့အရာတွေအတွက် ပြန်ပြောင်းအောက်မေ့၊ ကိုယ့်ကိုကိုယ် တရားရာ ကျအောင်
ဆင်ခြေပေးတာ မဟုတ်ဘူး။ ဒါကိုတော့ ကျနော် စိတ်ချလက်ချ ပြောရဲတယ်။ ပြောရဲတာက ယူထရစ်ရှ်လမ်း
ကဖေးမှာ ကျနော်တို့ ပြောဖြစ်ခဲ့တဲ့ စကားတွေ ကျနော် ကောင်းကောင်း
ပြန်အမှတ်ရနေလို့ပဲ။ ခရစ်စီက စိတ်ကြီးတွေ မတရားဝင်ပြီးတော့မှ ကျနော့်ကို သူ့ဆီ
ရွှေ့လာနေဖို့ ပလန်တွေဘာတွေ စဆွဲနေတာ။ ဒါက အတော့်ကို မသင့်တော်တဲ့ကိစ္စမှန်း အသိသာကြီးပဲ။
တကယ်လို့ သူသာ အမှတ်ထားခဲ့မယ်ဆို ကျနော် သူ့အပေါ် ဆက်ဆံတဲ့ အမူအရာတွေကတစ်ဆင့် စကားတွေ
ရိပ်ချည်သန်းချည် ပြောလာခဲ့ပြီးသား။ ဒါတွေကိုပဲ ကျနော် သူ့ကို ပြောင်ဖွင့်ပြောလိုက်တော့တာ။
- ကိုယ့်ဆီက ဘာမှ မမျှော်လင့်နဲ့... ခရစ်စီ။ ကိုယ် ဘာမှ
မပေးနိုင်ဘူး။ ဒါက မင့်ကိစ္စ မဟုတ်ဘူး။ ကိုယ့်ကိစ္စ။ ကိုယ်က အရော မခံနိုင်ဘူး။
ကိုယ်ဟာ မင်းဖြစ်စေချင်တဲ့လူမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ မင်းနဲ့
သူငယ်ချင်း တော်လို့ရတယ်၊ လုံးလို့ ရတယ်။ ဒါပေမဲ့ တစ်ခုခု ပေးဖို့တော့
မတောင်းဆိုပါနဲ့။ ကိုယ် မပေးနိုင်ဘူး။
- ရှင့်ကို တစ်ယောက်ယောက်ကများ အကြီးအကျယ် နာကျင်အောင်
လုပ်ထားခဲ့လို့လား? သူက ဟက်ရှ်မီးခိုးတွေ စားပွဲတစ်ဘက် မှုတ်ထုတ်ရင်းနဲ့
ခေါင်းတခါခါ လုပ်နေတယ်။ သူ့မှာ နာကျင်နေတာ အသိအသာကြီးကိုပဲ သူ့နာကျင်စိတ်ကို
ကျနော့်အပေါ် ကရုဏာစိတ်အဖြစ် ပြောင်းဖို့ ကြိုးစားနေတာ။ ပြီးတော့
သူကြိုးစားမှုကလည်း ရုပ်ပျက်ဆင်းပျက်ကို မအောင်မြင်ရှာဘူး။
ကျနော် အဲကဖေးကစကားဝိုင်းကို သတိရနေမိတဲ့အကြောင်းက
အဲစကားဝိုင်းကနေ ကျနော် မျှော်လင့်ထားတာနဲ့ ပြောင်းပြန် အကျိုးဆက်တွေ
ဖြစ်လာခဲ့လို့ပဲ။ သူ ကျနော့်အပေါ် ပိုလို့တောင် အသည်းအသန် ဖြစ်လာတယ်။ အဲအချိန်မှာ
ကျနော်က သူ့အတွက် စိန်ခေါ်မှုတစ်ရပ် မကတော့ဘူး။
ဆိုတော့... ဒါက ဖြစ်ရပ်မှန်ပဲ။ ဒါပေမဲ့ ဖြစ်ရပ်မှန်
အကုန်တော့ ဟုတ်ချင်မှ ဟုတ်မယ်။ ကျနော်က
ခရစ်စီအတွက်နဲ့တော့ ပေးဆပ်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားအနေနဲ့ ခံစားမှုတွေကို သူတို့
မခံစားရတဲ့နေရာ ပို့ချင်လို့မှ မရတဲ့ဟာ။ ဒါပေမဲ့ အခြေအနေတွေက ကျနော့်အတွက်
ပြောင်းလာနေတယ်။ ကျနော့်မှာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ ပိုကြံ့ခိုင်လာတယ်။
ကျနော့်ကိုယ်ကျနော် ဖွင့်လှစ်ထားဖို့ ပိုပြင်လာပြီး ကန့်လန့်ခံနေတဲ့ အဲဒီခါးသီးမှုဝတ်ရုံကြီးကို
ခွါလွှတ်ပစ်ဖို့ပါ အဆင်သင့် ဖြစ်လာတယ်။ ခွါလွှတ်ပစ်ဖို့ရာ သင့်တော်တဲ့သူ
တစ်ယောက်ယောက်ပဲ လိုတော့တာပဲ။
ကျနော် ဒမ်ရပ်က်က ဟိုတယ်ခပ်သေးသေး တစ်လုံးမှာ
ဧည့်ကြိုတစ်လှည့်-စာရင်းမှတ် တစ်လှည့်-ပေါ်တာတစ်လှည့်-တောက်တိုမယ်ရတစ်လှည့် အလုပ်
စဝင်တယ်။ လုပ်ရတဲ့အချိန်က ကြာ၊ အလုပ်ချိန်ရယ်လည်း သတ်သတ်မှတ်မှတ် မရှိတဲ့
အလုပ်မျိုး။ ဧည့်ကြိုဌာနမှာ တီဗီထိုင် ကြည့်ရင်ကြည့်၊ မဟုတ်လည်း စာဖတ်ရင် ဖတ်နေ။
အချိန်အခါမရွေး ပေါက်လာတတ်တဲ့ လူငယ်လူရွယ် အမူးသမားနဲ့ အပြဲသမား ဧည့်သည်တွေကို အသာ
ရှူးတိုးတိုး... လုပ်တဲ့အခါ လုပ်။ နေ့ဘက်မှာတော့ ကျနော် ဒတ်ခ်ျဘာသာ သင်တန်းတွေ
စပြီး တက်တယ်။
ရဘ်/ရော်ဘီအတွက် သက်သာရာ
ရသွားတာကတော့ ကျနော် သူ့နေရာကနေ ရွှေ့လာပြီး ယော်ဒန်းဘက်က
အတော့်ခပ်ကျဉ်းကျဉ်း တူးမြောင်းအိမ်ရာတစ်ခုရဲ့ တိုက်ခန်းလှလှ အခန်းတစ်ခန်းမှာ
သွားနေလိုက်တာပဲ။ အိမ်က အသစ်၊ အမ်စတာဒမ်ရဲ့ နုံနဲ့နဲ့ သဲမြေခံမှာ နဂိုအဆောက်အဦး
ပြိုသွားတာကြောင့် အသစ်စက်စက် အစကနေ ပြန်ဆောက်ထားတဲ့ဟာ။ ဒါပေမဲ့ အိမ်က သူ့ဘေးနားက အိမ်တွေလို
ရိုးရာပုံစံတူအတိုင်း။ အခန်းငှားခကလည်း အံ့ဩစရာကောင်းလောက်အောင်
ပေးပျော်ပြုပျော်ရယ်။
ကျနော် ထွက်သွားပြီးနောက်မှာ ရဘ်/ရော်ဘီလည်း နဂိုမူလ သူ့ရုပ် ပြန်ပေါက်လာတယ်။
ကျနော့်အပေါ် ပိုဖော်ရွေပြီး ပိုလည်း အဆက်အဆံ လုပ်လာတယ်။ သူနဲ့အတူ သောက်ရရှူရအောင်
ကျနော့်ကို အပြင်တွေ ခေါ်ဖော်ရလို့။ နဂိုက... ဒီဆေးဘဲကြောင့် သူ့ကောင်တွေပါ
ပျက်ဆီးကုန်လိမ့်မယ်... ဆိုပြီး သတိကြီးကြီးထား ကျနော့်ဆီက ခွါထားတဲ့
သူ့ဘော်ဒါတွေအကုန်နဲ့ပါ ပေးတွေ့တယ်။ ဒင်းတို့ကတော့ သမားရိုးကျ ခြောက်ဆယ်ကျော်
ခုနှစ်များဆီ ခေတ်နောက်ပြန်လည်နေတဲ့ အမ်စတာဒမ်သား အမျိုးအစားတွေ။ ဟက်ရှ်တွေကျ မတရား
ရှူ။ သူတို့အခေါ် အပြင်းစားဆေးဆိုတာတွေကျ သေအောင် ကြောက်တယ် ဆိုတဲ့လူတွေပေါ့။
ကျနော့်မှာ သူတို့အတွက် အချိန်များများ မပေးနိုင်ပေမဲ့ ရာ့ဘ်/ရော်ဘီနဲ့ ဆက်ဆံရေး ပြန်ပြေလည်သွားတာတော့
ဝမ်းသာမိတယ်။ စနေတစ်ရက် နေ့လယ်ဘက်မှာ ဖလွိုက်ကဖေးမှာ နှစ်ယောက်သား ကွဲနေကြတယ်။
တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမြင်သာတွေ ဖြစ်ကုန်တဲ့ အထိအောင် သာယာနေကြတာပဲ။
- မင်း အခြေတကျလေး ဖြစ်သွားတာ မြင်ရတော့ ဝမ်းသာတယ်... ဟေ့ရောင်၊
သူက ပြောလာတယ်။ - ဒီရောက်လာတုန်းကများ မင်းပုံစံက ဆိုးဆိုးရွားရွား။
- မင်းလည်း ငါတို့ကို တွန်းပေးဖော်ရတဲ့အတွက်
တကယ်ကောင်းခဲ့တာပါပဲ၊ ရဘ်ရာ...၊ အဲ.. ရော်ဘီရာ။ ဒါပေ့ မင်းလိုကောင်ဟာ အဖော်ရွေဆုံး
အိမ်ရှင်အမျိုးအစားထဲကတော့ မဟုတ်ဘူး၊ ဒါတော့ ထည့်ပြောရမှာပဲ။ ညဘက်တွေ မင်း
အိမ်ထဲလျှောက်ဝင်လာပြီဆို မင်းပုံစံက မျက်နှာထားကြီးနဲ့။
ဒီကောင်က ပြုံးနေတယ်။ - မင်းပြောတာ ငါ သဘောပေါက်တယ်... ဟေ့ရောင်။
မင်းကို ကသိကအောက် ဖြစ်သထက် ဖြစ်အောင် ငါလုပ်ခဲ့မိတယ် ထင်ပါတယ်။ ငါလည်း
နည်းနည်းတော့ ဖျားတယ်လေကွာ... သိတယ်မလား။
တစ်နေကုန် သေအောင် အလုပ်ဆင်းရ၊ ပြီးတော့ မင်းလိုကောင်က ရောက်လာ။ ဂျလေဘီ
ချီးထုပ်က ဖိုးဖြတ်ဖို့ လုပ်နေသတဲ့လေ။ ပြောချင်တာက… ငါလည်း တွေးလာတာပေါ့ကွာ။
ပြောရရင်...၊ ငါ ဒီမှာ ဘာများ အမှားလုပ်ခဲ့မိပါလိမ့်ပေါ့၊ ကိုယ့်လူရာ။
- အေးကွာ၊ ငါလည်း အခွင့်အရေး ယူလွန်းသွားတယ် ထင်ပါတယ်။
နည်းနည်း ပိုင်းလုံး ဆန်သွားတာပေါ့ကွာ။
- မဟုတ်ရပါဘူးကွာ။ အာ့ဂလောက်ကြီးလည်း မင်းက မဆိုးပါဘူး... ဟေ့ရောင်..၊ ဒီကောင်က အလျှော့ပေးလာတယ်။ နှစ်ယောက်လုံး ရေချိန် ကိုက်နေကြပြီ။ - ငါလည်း
မတော်မတရားကို ကျွဲမြီးတိုခဲ့တာပဲ။ ပြောရရင်...၊ ဒါက....၊ မင်း သိပါတယ်... ဟေ့ရောင်ရာ။
ငါလည်း ငါ့တစ်ယောက်စာ ကိုယ်ပိုင်တစ်အိမ် လိုနေတဲ့ ဖဲဝိုင်းကကောင်လိုမျိုး
ဖြစ်နေတာလေကွာ။ သိတယ် မလား?
- ငါ နားလည်တယ်ပါတယ်ကွာ... ဟေ့ရောင်ရာ...၊ ကျနော်
ဆေးခြောက်ကိတ် တစ်ဖဲ့ မျိုချရင်းနဲ့ သူ့ကို ထေ့လိုက်တယ်၊ - ငါက မင်း ဒီကနေ
လွှတ်ထုတ်လာမယ့် အနန္တလက်သံတွေကို နားဆင်ချင်တာ သက်သက်ပါ... ဟေ့ရောင်ရာ...။
ရာ့ဘ်/ရော်ဘီက ပြုံးပြီး
ကန်နာဘီလိပ်ကို ပြင်းပြင်း ဖွာတယ်။ ဆေးခြောက်လိပ်က အတော့်ကို ငြိမ့်ငြိမ့်။ - မင်း
သိပါတယ်... ကိုယ့်လူရာ။ ငါလိုကောင် စောက်ချီးထုပ် ကျနေတုန်း မင်းနဲ့ ပက်ပင်း
သွားတိုးတာလေ။ ရောဘီဘာညာဆိုတာက အလကား ချီးတုံး။ အရင်စကော့တလန်တုန်းက ကိုယ့်လူ
ခေါ်နေကျ အတိုင်းသာ ငါ့ကို ခေါ်ကွာ။ အရင်တိုးလ်ခရော့စ်မှာတုန်းကအတိုင်းပေါ့။
ရဘ်က ရဘ်ပဲ။ ရဘ်ကမှ တကယ့်ငါ။ နောက်ကိုလည်း အမြဲ ငါ ဖြစ်နေမယ့်ဟာ။ ရာ့ဘ် ဒိုရန်...၊
တိုးလ် ခရော့စ် ရက်ဘယ်လ်စ် (တီ၊ စီ၊ အာရ်) လမ်းသရဲပေါ့။ အဲစောက်ကျိုးနဲ
ကာလတွေကတော့ ဟိုးအတိတ်မှာ ကျန်ခဲ့ပြီပေါ့... ကိုယ့်လူရာ?
အဲကာလတွေက တကယ်တော့ အတော့်ကို စိတ်ဓာတ်ကျစရာ ကောင်းခဲ့တဲ့
ကာလတွေပဲ။ ဒါပေမဲ့ အိမ်ဆိုတာကလည်း အဲအိမ်ကနေ အဝေးရောက်နေတဲ့အခါ ပိုသာယာသလိုပုံ အမြဲ
ပေါက်နေတတ်တာမျိုး။ ဟက်ရှ်လေး ရီဝေဝေနဲ့ဆို ပိုတောင် သာယာသေးသပေါ့။ ကျနော်လည်း
ဒီကောင် ဖီးလ်နေတာတွေနောက် ဖောရှော လိုက်နေလိုက်တယ်။ ကျနော်တို့ ဆေးလိပ်နည်းနည်း
ထပ်ဖွာရင်း အတိတ်တွေကို စားမြုံ့ပြန်ကြတယ်။ အဲက ပြီးတော့ ဘားတစ်ချို့ဆီ လစ်ပြီး
အယ်လ်ကိုဟောလ်နဲ့ ဖင်ခေါင်းစိုက်အောင် ထပ်မူးကြတယ်။
ကျနော်နဲ့ရဘ် နဂိုလိုဘော်ဒါကဏ္ဍ ပြန်စဖြစ်ကြပေမဲ့ ကျနော်
သူ့နဲ့ အချိန် အနည်းအပါးပဲ ပေးဖြစ်တယ်။ အဓိကက ကျနော် ဆင်းနေရတဲ့
အလုပ်ဆိုင်းကြောင့်ပဲ။ နေ့ဘက် ဘာသာစကားသင်တန်း မတက်ဖြစ်ရင် စာကျုံးလုပ်ချင် လုပ်တယ်၊
မဟုတ်ရင်လည်း ဟိုတယ်က ကျနော့်အလုပ်ဆိုင်း မစခင် ခေါင်းချ အိပ်နေဖြစ်တယ်။ ခုတိုက်ခန်းမှာ
နေတဲ့လူတွေထဲ ဗယ်လာရီခေါ်တဲ့ အမျိုးသမီး တစ်ယောက်လည်း ပါတယ်။ သူက ကျနော်
ဒတ်ခ်ျစကား တိုးတက်အောင် ကူညီပေးတယ်။ ဒတ်ခ်ျစကားက ခုန်ကာပေါက်ကာနဲ့ကို
တက်လာနေတာပဲ။ ကျနော့်ရဲ့ ပြင်သစ်၊ စပိန်၊ ဂျာမန် စကားလုံး မှတ်စုစာအုပ်ကလည်း အရှိန်အဟုန်နဲ့
တိုးတက်လာတယ်။ ဟိုတယ်မှာ ကျနော် ထိတွေ့နေရတဲ့ ခရီးသွားပေါင်းစုံကျေးဇူးကြောင့်
ဆိုပါတော့။ ဗယ်လာရီက ကျနော်နဲ့ ဘော်ဒါရင်းတွေ ဖြစ်လာတယ်။ ဒီထက်ပို အရေးကြီးတာက...
သူ့မှာ အန်နာဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်၊ သူ့ကို ကျနော်က
ချစ်နေမိတာပဲ။
ကျနော့်အတွက် လှပတဲ့ အချိန်တွေ ဆိုရမှာပဲ။ ကျနော့်ရဲ့ စိတ်ချဥ်ပေါက်နေတာတွေ
အငွေ့ပျံလာပြီး ဘ၀က အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေတွေအတွက် စွန့်စားခန်းတစ်ရပ်လို
ပုံပေါ်စ ပြုလာတယ်။ ခရစ်စီနဲ့ ရစ်ချာ့ဒ်ဆီ မသွားတော့တာတော့ ထည့်ပြောစရာတောင်
မလိုတော့ဘူး။ ပြီးတော့ မီးနီရပ်ကွက်နားလည်း မရောက်ဖြစ်သလောက် ဖြစ်သွားတယ်။
ဒီလူတွေနေရာတွေကို ကျနော် ကျောခိုင်း ချန်ထားခဲ့တဲ့ ပိုမိုနုံချာပေရေတဲ့
ကာလတစ်ခုရဲ့ လက်ကျန် အပိုင်းအစတစ်ခုလို မြင်လာတော့တယ်။ ကျနော့်ဒုတ်မှာ ချောဆီ
လိမ်းပြီး ခရစ်စီရဲ့ ဘတ်လပ်လပ် ဖင်လုံးကြီးထဲ သွားမမြှုပ်ချင်တော့ဘူး၊ မြှုပ်စရာလည်း
မလိုတော့ဘူး။ ကျနော့်မှာ ချစ်တင်းနှောစရာ ချောချောငယ်ငယ် ချစ်သူ တစ်ယောက် ရထားပြီလေ။
ညဆိုင်းအလုပ်ဆီ လိင်မွှန်မွှန်နဲ့ မပြေးခင် နေ့ဘက်တွေ ဒါပဲ လုပ်နေကျပဲ။
အဲတစ်နွေ ကျန်တဲ့တစ်လျောက်လုံး ဘ၀က
ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ကုန်ခမ်းမသွားဘူး။ ဒီအခြေအနေလေးက တစ်နေ့တော့
ပြောင်းသွားရတယ်။ နွေးနွေးထွေးထွေးနဲ့ တိမ်ရိပ်ကင်းကင်း တစ်နေ့၊ အန်နာနဲ့ ကျနော်က
ဒမ်းစကွဲယားရင်ပြင် ရောက်နေကြတာ။ ခရစ်စီ ကျနော်တို့ဆီ လာနေတာ တွေ့ရတယ်ဆိုရင်ပဲ
ကျနော်လည်း တင်းခနဲ ဖြစ်သွားတယ်။ ဒင်းက မျက်မှန် အနက်ကြီး စွပ်လျက်သား၊ နဂိုထက်တောင် ပိုဖောင်းယောင်းနေသေး။
သူက စွတ်ကြီး ချိုသာ ပြနေပြီးတော့မှ ကျနော်တို့ကို ဝါမို့စ်လမ်းက
ရစ်ချာ့ဒ်ဘားမှာ တစ်ခွက်တစ်ဖလား လိုက်သောက်ဖို့ တွန်းနေတယ်။ ကျနော့်မှာ လန့်တော့
ခပ်လန့်လန့်၊ ဒါပေမဲ့ သူ့ကို မချေမငံ ဆက်ဆံလိုက်ရင် ပိုဆိုးတဲ့
ဗရုန်းဗရင်းတွေ ဖြစ်ကုန်မှာလည်း ရိပ်စားမိနေတယ်။
ကျနော့်မှာ ရည်းစားတစ်ယောက် ရနေပြီး အဲတစ်ယောက်ဟာ
ခရစ်စီမဟုတ်တာအတွက် ရစ်ချာ့ဒ်ခမျာ ဝမ်းတွေသာလို့။ ဒီကောင် ကျနော့်အပေါ် ဒီလောက်
ပွင့်လင်းတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ကျနော့်လည်း သူ့အပေါ် ညှင်းခဲ့မိတာအတွက်
ရှက်သလိုလို ဘာလိုလို ခံစားရမိတယ်။ သူက သူ့ရဲ့ မွေးရပ်ဇာတိ
ယူးထရစ်ရှ်မြို့အကြောင်း ပြောလာတယ်။
- ယူးထရစ်ရှ်က နာမည်ကြီး ဘယ်သူများ ထွက်လို့လဲကွာ?၊ ကျနော် အသာ ပင့်ပေးလိုက်တယ်။
- အိုး...၊ များမှများပဲကွ။
- ဩော?
တစ်ယောက်လောက်ပဲ
နာမည်ပြောကြည့်စမ်းပါ?
- နေဦး...ခဏ...၊ အေး...၊ ဂျရောဖာနန်ဘော့ဂ်လေကွာ။
- ပီအက်စ်ဗီအသင်းက ကောင်လား?
- ဟုတ်ပါ့။
ခရစ်စီက ကျနော်တို့ကို စိမ်းစိမ်းဝါးဝါးပုံစံနဲ့
ကြည့်နေတယ်။ - ဂျရောဖာနန်ဘော့ဂ်က ဘယ်က စောက်ကျိုးနဲမို့လဲ? သူက ကြားဝင်ဖြတ်တယ်။ ပြီးတော့ သူ အန်နာ့ဘက်
လှည့်ကြည့်ပြီး မျက်ခုံးတွေ ပင့်ပြတယ်။ ရစ်ချာ့ဒ်နဲ့ ကျနော် အူကြောင်ကြား
တစ်ခုခု ပြောလိုက်မိသလိုမျိုး။
- နာမည်ကြီး နိုင်ငံတကာ ဘောလုံးသမားလေကွာ... တဲ့၊
ရစ်ချာ့ဒ်က မပွင့်တပွင့် လှမ်းပြောတယ်။ သူက ခရစ်စီ တင်းနေတာ လျှော့သွားအောင်
သဘောမျိုး -အဲကောင် ကိုယ့်ညီမနဲ့တောင် တွဲခဲ့ဖူးသေးတာကလား...၊
ထည့်ပြောလိုက်သေးတယ်။
- အဲဒီကောင် နင်နဲ့ပါ တွဲလာဖို့ မျှော်နေခဲ့တာ မဟုတ်လား၊
လောင်းရဲတယ်...၊ ခရစ်စီက ရင့်ရင့်သီးသီး ပြောတယ်။ ကြားထဲမှာ ရှက်ဖွယ်လိလိ
တိတ်သွားကြတယ်။ နောက်ပိုင်း ရစ်ချာ့ဒ် ကျနော်တို့အတွက် နောက်ထပ်
တက်ကီလာအဖျော်ခွက်တွေ သွားပြင်တဲ့ အထိပဲ။
ခရစ်စီက အန်နာ့ကို ပြဿနာ စလုပ်နေပြီ။ အန်နာ့လက်မောင်းသား
ပြောင်လေးတွေကို ပွတ်ရင်းသပ်ရင်းက အန်နာ့ကို အရမ်းသွယ်ပြီး အရမ်းလှတဲ့အကြောင်း
ပြောနေတယ်။ အန်နာလည်း ရှက်တော့ ရှက်နေရှာမှာပဲ၊ ဒါပေမဲ့ ကောင်းကောင်း
ထိန်းထားနိုင်ပုံတော့ ရသေးတယ်။ ကျနော်လည်း ဒီဖက်တီးဂန်းနာမကြီး
ကျနော့်ကောင်မလေးကို ထိလားကိုင်လား လုပ်နေတာအပေါ် မကျေမလည် ဖြစ်လို့ရယ်။
သူ့မှာ နောက်ထပ်အရည်တွေ ထပ်ဝင်သွားတော့ ကျနော့်အပေါ် ပိုစိမ်းကားလာတယ်။ ကျနော့်ကို
ဘယ်လို ရှေ့ဆက်မတုံး၊ ဘာ လုပ်မတုန်းတွေ မေးလို့။ သူ့စကားတွေထဲ စိန်ခေါ်သံတွေပါ
ပါနေပြီ။
- ခုတလော ငါတို့ပဲ သူ့ကို သိပ်မတွေ့ဖြစ်တာ၊ ဟုတ်တယ်ဟုတ်...
ရစ်ချာ့ဒ်?
- ထားလိုက်ပါ... ခရစ်စီရယ်...၊ ရစ်ချာ့ဒ်က မသက်မသာနဲ့ ဝင်ပြောတယ်။
ခရစ်စီက အန်နာရဲ့ ပန်းနုရောင်ပါးပြင်လေးကို လှမ်းပုတ်တယ်။
အန်နာကတော့ မအီမလည်နဲ့ ပြန်ပြုံးလို့။
- ဒီကောင် ငါ့ကို ကျုံးသလိုမျိုး ညည်းကို ကျုံးသေးလား.. ဟင်? ညည်းရဲ့ အိုးလှလှလေးထဲကိုလေ? သူက သွားမေးတယ်။
ကျနော့်မှာ အရိုးတွေ အသားတွေ တစ်စစီ ဆွဲခွါခံလိုက်ရသလိုပဲ။
အန်နာ့မျက်နှာလည်း မအီမသာနဲ့ လိမ်တွန့်နေတယ်။ သူ ကျနော့်ဘက် လှည့်လာတယ်။
- ကိုယ်တို့ သွားကြမှ ထင်တယ်...၊ ကျနော် ပြောလိုက်တယ်။
ခရစ်စီက ကျနော့်ဆီ ဘီယာခွက်နဲ့ လှမ်းပေါက်ပြီး ပါးစပ်ကလည်း
ဆဲလားဆိုလားတွေ လုပ်လာတယ်။ ရစ်ချာ့ဒ် ဘားနောက်ကနေ သူ့ကို လှမ်းဆွဲထားလို့ပဲ၊
မဟုတ်ရင် သူ ကျနော့်ကို လာရိုက်လေမလားပဲ။ - နင့် စောက်ဖာသည်မလေး ခေါ်ပြီး
သွားတော့။ စောက်ဖိုးသမား အလေနတောကောင်...၊ တကယ့်မိန်းမနဲ့ နင် မတန်ဘူး။ နင်
နင့်လက်မောင်းတွေကိုရော သူ့ကို ပြပြီးပြီလား...?
- ခရစ်စီ...၊ ကျနော် အားမရှိသလို ခေါ်လိုက်တယ်။
- ထွက်သွား...၊ သွားလိုက်တော့။ နင့်သူငယ်နှပ်စားဟာမလေးနဲ့
သွားကျုံးချေတော့... ကလေးကျုံးကောင်။ ငါက တကယ့်မိန်းမ၊ တကယ့်
စောက်ကျိုးနဲမိန်းမဟဲ့...
ကျနော် အန်နာ့ကို ဘားအပြင် ခေါ်ထုတ်လာတယ်။ ဆိုင်းရပ်စ်ကတော့
သူ့သွားဝါဝါတွေ ကျနော့်ဘက် လှစ်ပြရင်းက ပခုံးကျယ်ကြီးတွေ တွန့်လို့။ ကျနော် နောက်လှည့်ကြည့်တော့
ရစ်ချာ့ဒ်က ခရစ်စီကို နှစ်သိမ့်နေတယ်။ - ငါက တကယ့်မိန်းမ၊ သူငယ်နှပ်စားဟာမလေး
မဟုတ်ဘူး။
- မင်းက မိန်းမလှတစ်ယောက်ပါ… ခရစ်စီ၊ အလှဆုံးပါပဲ...၊
ရစ်ချာ့ဒ် နှစ်သိမ့်ရင်း ပြောနေသံ ကျနော် ကြားရတယ်။
တစ်ဘက်က တွေးတော့ ဒီလိုဖြစ်သွားတာလည်း ကုသိုလ်ခပ်ကောင်းကောင်း။
အန်နာနဲ့ကျနော် တစ်ခွက်တစ်ဖလား သောက်ဖို့ သွားရင်း ခရစ်စီရယ်၊ ရစ်ချာ့ဒ်ရယ်နဲ့
ပတ်သက်ပြီး အကြောင်းစုံ ပြောပြလိုက်တယ်။ ဘာတစ်ခုမှ ထိန်ချန်မထားဘူး။ ကျနော် ဘယ်လောက်တောင်
ပွေရှုပ်ဆိုးသွမ်းခဲ့တဲ့ အကြောင်း၊ ခရစ်စီ့ကို ဘာကတိမှ မပေးခဲ့တာ မှန်ပေမဲ့လို့
ကျနော် သူ့အပေါ် အတော်ကြီးကို စုတ်စုတ်နုတ်နုတ် ဆက်ဆံခဲ့တဲ့ကြောင်း သူ့ကို
ပြောပြတယ်။ အန်နာကတော့ နားလည်လို့ပဲ။ ပြီး ဒီအတိတ်ဇာတ်လမ်းကို အတိတ်မှာပဲ
ထားခဲ့လိုက်ကြတယ်။ ဒီစကားဝိုင်းကနေ ရလာဒ်အနေနဲ့ ကျနော့်မှာ ပိုပြီး
နေလို့ထိုင်လို့ ကောင်းလာပြီး ပိုလည်း ပွင်လင်းလွတ်လပ်သလို ခံစားလာရတယ်။
အမ်စတာဒမ်က ကျနော့်ရဲ့ နောက်ဆုံးပိတ် ပြဿနာလေးတစ်ခု ပြေလည်သွားသလိုပဲ။
ထူးဆန်းတာ တစ်ခုက၊ ရက်နည်းနည်းအကြာ အူ့စတာဒေါ့က်ကျွန်းပေါ်က
ဗဟိုဘူတာနားမှာ မိန်းမအလောင်းတစ်လောင်း ဆွဲထုတ်ရတဲ့အကြောင်း လူတွေ
ပြောလာတဲ့အချိန်၊ ခရစ်စီကလည်း အရှုပ်အထုပ် ဖြစ်တာ တစ်ကြောင်းကြောင့် သူ့ကို
တစ်ဝက်တပျက် သွားသတိရလိုက်မိသေးတယ်။ ဒါပေမဲ့ ဒီကိစ္စ ခပ်မြန်မြန်ပဲ ကျနော်
ပြန်မေ့သွားတယ်။ ကျနော်က ဘ၀မှာ သာယာနေပြီ။ မဟုတ်လည်း အခြေအနေတွေ ကျနော်တို့နဲ့
ဆန့်ကျင်ဖီလာ ဖြစ်နေတဲ့ ကြားကပဲ သာယာအောင် နေဖို့ ကြိုးစားနေပြီ။ လတ်တလောတင်
အန်နာက ကောလိပ် စတက်ပြီး ဖက်ရှင်ဒီဖိုင်း သင်နေတယ်။ ဟိုတယ်က
ကျနော့်အလုပ်ဆိုင်းတွေလည်း ရှိသေးတော့ ကျနော့်တို့မှာ ညဘက်မှ ဆိုက်တဲ့
သင်္ဘောတွေလို ဖြစ်လာတယ်။ ဒါကြောင့်ပဲ ကျနော်လည်း လက်ရှိအလုပ်ကို ပစ်ပြီး
တခြားအလုပ် ရှာဖို့ တွေးလာတယ်။ ဂီလ်ဒါအသပြာလိပ်လေး အနည်းအပါးလည်း စုထားပြီးပြီ။
တစ်ရက်နေ့လယ်ပိုင်း ကျနော် ဒီကိစ္စ တွေးတွေးဆဆ လုပ်နေတုန်း
တစ်ယောက်ယောက် တံခါးကို တဒုန်းဒုန်း လာထုနေသံ ကြားရတယ်။ ရစ်ချာ့ဒ်ရယ်ပဲ။ ကျနော်
တံခါးဖွင့် ပေးတော့ ဒီကောင်က ကျနော့်မျက်နှာကို တံတွေးနဲ့ လှမ်းထွေးတယ်။
ကျနော့်မှာ မှင်သက်မိလွန်းလို့ ဒေါသထွက်ဖို့ သတိမရဘူး။ - စောက်ကျိုးနဲ
လူသတ်ကောင်....၊ သူက မျက်နှာမဲ့ရွဲ့ ပြောလာတယ်။
- ဘာ...၊ ကျနော့်မှာ သိတော့ သိလိုက်သလိုပဲ၊ ဒါပေမဲ့ အကုန်တော့
သဘောမပေါက်ဘူး။ ကျနော့်ကိုယ်ထဲ သွေးခုန်နှုန်း တစ်ထောင်လောက် ဖြတ်စီးသွားတယ်၊
တစ်ကိုယ်လုံး လှုပ်မရအောင် ဖြတ်ချလိုက်သလိုပဲ။
- ခရစ်စီ သေပြီ။
- အူ့စတာဒေါ့ကကိစ္စ... အဲဒါ ခရစ်စီလား...?
- ဟုတ်တယ်... ခရစ်စီပဲ... ခုတော့ မင်း
ပျော်လောက်ပြီပေါ့ကွာ...။
- ဟင့်အင်း... ကိုယ့်လူ... ဟင့်အင်း! ကျနော် ငြင်းတယ်။
- လူလိမ်!
စောက်ကျိုးနဲ
ကြောင်သူတော်! မင်းလိုကောင် သူ့ကို
ချီးထုပ်လို ဆက်ဆံခဲ့တာ။ မင်းရော၊ တခြား မင်းလိုကောင်တွေရော။ မင်းတို့ကောင်တွေဟာ
သူ့အတွက် ဘာကောင်းကျိုးမှ မပေးတဲ့ဟာတွေ၊ အဟောင်းအမြင်း အဝတ်စုတ်လို ယူသုတ်၊
ပြီးတော့ ပစ်ထားခဲ့ကြတာ။ သူ့အားနည်းချက်၊ သူ့ရက်ရောချက်တွေအပေါ်
အခွင့်အရေးယူသွားတဲ့ကောင်တွေပဲ။ မင်းလိုမျိုးလူတွေ အမြဲ လုပ်နေကျ။
- ဟင့်အင်း!
အဲလိုမျိုး မဟုတ်ဘူး...၊
ကျနော် တောင်းပန်တယ်။ သူပြောတဲ့ဟာတွေ အကုန် ကွက်တိပဲ ဆိုတာတော့ ကျနော်လည်း
ကောင်းကောင်းကြီး သိနေတယ်။
သူ ထရပ်တယ်၊ ပြီး ကျနော့်ကို ခဏ ကြည့်နေတယ်။ သူ့ပုံစံက
ကျနော့်ဟိုဘက်အလွန်ဆီ ကျော်ကြည့်နေသလိုမျိုး။ ကျနော့်မြင်ကွင်းထောင့်ကနေ မမြင်သာတာ
တစ်ခုခုကို လှမ်းမြင်နေသလိုမျိုး။ တိတ်ဆိတ်သွားတာ စက္ကန့်ပိုင်းလောက်ပဲ၊ ဒါပေမဲ့
မိနစ်အတော် ကြာသလို ထင်လိုက်ရတယ်၊ ကျနော် တိတ်ဆိတ်မှုကို ဖြိုလိုက်တယ်။ - ငါ
အသုဘပို့ လိုက်သွားချင်တယ်… ရစ်ချာ့ဒ်။
သူ ကျနော့်ဘက်လှည့် မာမာထန်ထန် ပြုံးတယ်။ - ဂျာစီအထိ? မင်း… သွားမှာ မဟုတ်ပါဘူးကွာ။
- ချန်နယ်ကျွန်းစုကလား…၊ ကျနော် တုံ့နှေးနှေး မေးလိုက်တယ်။
ခရစ်စီ အဲကျွန်းက လာမှန်း ကျနော် မသိခဲ့ဘူး။ - ငါ သွားမယ်…၊ ကျနော် သူ့ကို
ပြောလိုက်တယ်။ ကျနော်က သွားဖို့ကို သန္ဒဋ္ဌာန် ချထားလိုက်ပြီ။ ကျနော့်မှာ
လုံးလုံးအပြစ်မကင်းသလိုပဲ။ ကျနော် သွားကို သွားရမယ်။
ရစ်ချာ့ဒ်က ကျနော့်ကို ချဉ်တူးတူးပုံစံနဲ့ စူးစမ်းနေတယ်။
ပြီး သိပ်မကြာခင် ခပ်တိုးတိုး လေသံပြတ်နဲ့ စပြောလာတယ်။ - ဂျာစီမြို့က စိန့်ဟယ်လီယာဘုရားကျောင်းမှာ။
အိမ်က ခရစ်စီအဖေ ရောဘတ် လီမားချန့်အိမ်ပဲ။ အသုဘအစီအစဉ်က နောက်တစ်ပတ်
အင်္ဂါနေ့။ သူ့ညီမက အခု ဒီမှာ။ အလောင်း ပြန်သယ်ဖို့ အစီအစဉ်တွေ လုပ်နေတယ်။
- ငါတော့ သွားချင်တယ်ကွာ၊ မင်းရော လိုက်ဦးမလား?
သူက ကျနော့်ကို လှောင်တယ်။ - မသွားဘူး၊ သူက သေသွားမှပဲ။ ငါက
သူ အသက်ရှင်တုန်းကပဲ စောင့်ရှောက်ချင်ခဲ့တာ။ ဒီကောင် တစ်ဘက်လှည့်ပြီး
လျှောက်ထွက်သွားတယ်။ ကျနော် သူ့နောက်ကျောကို လုံးလုံး ကွယ်တဲ့အထိ ကြည့်နေလိုက်တယ်။
ပြီးတော့ ထိန်းမရအောင် ကတုံကယင်တွေ ဖြစ်ရင်း တိုက်ခန်းထဲ ဝင်လာလိုက်တယ်။
ကျနော် စိန့်ဟယ်လီယာကို အင်္ဂါနေ့အရောက် သွားရမယ်။
ဟိုရောက်တာနဲ့ လီမားချန့် မိသားစု ရှိမယ့်နေရာ အသေးစိတ်ကို ရှာရမယ်။ အန်နာကလည်း
လိုက်ချင်တယ်တဲ့။ ကျနော်က ကိုယ့်ကိုယ်ကို ခပ်ချာချာ ခရီးသွားဖော်
ဖြစ်ချင်ဖြစ်နေမှာ…ပြောတာကို သူက စွတ်ပူဆာနေတယ်။ သူရယ်၊ အငှားကား ကိုယ်ထည်အပြည့်
စိမ့်နေတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေရယ် ခြံရံပြီး ကျနော် ဥရောပ အဝေးပြေး
လမ်းမတွေအတိုင်း မောင်းလာတယ်။ ဟော်လန်၊ ဘယ်လ်ဂျီယမ်၊ ပြင်သစ်တွေကို
ဖြတ်ပြီး စိန့်မာလို ဆိပ်ကမ်းလေးအထိ ရောက်လာတယ်။ ကျနော် စပြီး တွေးလာမိတာ
ခရစ်စီအကြောင်းလည်း ပါတယ်၊ ဟုတ်တယ်၊ ဒါပေမဲ့ တခြားအကြောင်းတွေရောပဲ၊ ပုံမှန်ဆို
ကိုယ်နဲ့ လုံးလုံး မဆိုင်သလို ထားခဲ့တဲ့ကိစ္စတွေပဲ။ ကျနော် စတွေးမိတာ ဥရောပဒေသဖြစ်
ပေါင်းစည်းညီညွတ်ရေး ဆိုင်ရာ နိုင်ငံရေးတွေအကြောင်း။ ဒါတွေဟာ ကောင်းသလား၊
ဆိုးသလားဆိုတာမျိုးပဲ။ နိုင်ငံရေးသမားတွေရဲ့ ရည်မှန်းချက်တွေကို အဲဒီကအကျည်းတန်
ဥရောပဟိုင်းဝေးလမ်းမ မိုင်ချီတလျောက် မြင်နေရတဲ့ ဝိရောဓိတွေနဲ့ ဆက်စပ်ပေးစား
ကြည့်နေမိတယ်။ ကြည့်ရတာ ကံကြမ္မာတစ်ခုတည်း ခွဲမရအောင် ပူးနေပြီးတော့မှ
ကပေါက်တိကပေါက်ချာ နိုင်အောင်ကို အပြန်အလှန် အစပ်အဟပ် လွဲနေကြတာမျိုးပဲ။
နိုင်ငံရေးသမားတွေရဲ့ ရည်မှန်းချက်တွေဟာ ပိုက်ဆံလုပ်နည်း နောက်တစ်နည်းကိစ္စ
ဟုတ်ရင်ဟုတ်၊ မဟုတ်လည်း အယုတ်တမာ အာဏာ အလွဲသုံးစားလုပ်နည်း နောက်တစ်နည်းကိစ္စ
ဖြစ်နေကြတဲ့ပုံ။ ကျနော်တို့ အဲငြီးငွေ့စရာ လမ်းစုတ်တွေတလျောက် ဖြတ်ရင်းနဲ့မှ စိန့်မာလို
ရောက်တဲ့အထိ မောင်းလာကြတယ်။ ဈေးပေါပေါ ဟိုတယ် တစ်ခုထဲ ဝင်တည်း၊ ပြီးတော့ အန်နာရော၊
ကျနော်ပါ မူးမှောက်ကြတယ်။ နောက်နေ့မနက်တော့ ဂျာစီသွားတဲ့ ဖယ်ရီသင်္ဘောပေါ်
တက်လိုက်လာကြတယ်။
တနင်္လာနေ့လယ်ဘက် ကျနော်တို့ ရောက်ပြီး နောက်ဟိုတယ်တစ်လုံးဆီ
ရောက်လာပြန်တယ်။ ဂျာစီညနေခင်း သတင်းစာမှာတော့ နာရေးကြော်ငြာတွေ မတွေ့ရဘူး။
ဖုန်းလမ်းညွှန်တစ်အုပ် တွေ့တော့ ကျနော် လီမားချန့်နာမည် လိုက်ရှာတယ်။
လီမားချန့်နာမည်နဲ့ ခြောက်ယောက်၊ ဒါပေမဲ့ တစ်ယောက်ပဲ (ရ)နဲ့ စတယ်။ လူတစ်ယောက်အသံ
ဖုန်းလက်ကိုင်ထဲ ပေါ်လာတယ်။
- ဟယ်လို။
- ဟယ်လို၊ မစ္စတာ ရောဘတ် လီမားချန့်နဲ့ ပြောလို့ရမလားခင်ဗျ?
- ပြောနေပါတယ်။
- ခုလို အချိန်မျိုးမှာ အနှောက်အယှက်ပေးသလို ဖြစ်သွားရင်
တောင်းပန်ပါတယ်ခင်ဗျာ။ ကျနော်တို့က ခရစ်စီရဲ့ သူငယ်ချင်းတွေပါ။ အသုဘအတွက် ဟော်လန်ကနေ
လာကြတာပါ။ ကျနော်တို့ နားလည်တာတော့ အသုဘက မနက်ဖြန်ပဲခင်ဗျာ့။ ကျနော်တို့ လာမယ်ဆို
အဆင်ပြေမလားခင်ဗျာ?
- ဟော်လန်က?
သူက နွမ်းနွမ်းလျလျ
လိုက်ရွက်တယ်။
- ဟုတ်ပါတယ်၊ ကျနော်တို့ ဂါးဒင်နာဟိုတယ်မှာပါ။
- အင်းလေ။ မင်းတို့က အဝေးကြီးက လာခဲ့ရတာပဲ...၊ သူက
မှတ်ချက်ချတယ်။ သူ့ရဲ့ ပီပီသသနဲ့ အေးတိအေးစက် အင်္ဂလိပ်လေသံ ထပ်စူးဝင်လာတယ်။ -
အသုဘက မနက်ဆယ်နာရီ၊ စိန့်သောမတ်စ် ဝတ်ပြုဆောင်မှာ။ အမှန်ကတော့ မင်းတို့ တည်းနေတဲ့
ဟိုတယ် ထောင့်နားလေးတင်ပဲ။
- ကျေးဇူးပါခင်မျာ့...၊ ကျနော် ပြောအပြီး လိုင်းလည်း
ဂွပ်ခနဲ ကျသွားတယ်။ အမှန်ကတော့ … တဲ့လား။ ကြည့်ရတာ မစ္စတာရောဘတ်
လီမားချန့်အတွက်တော့ အားလုံးဟာ အမှန်ကတော့... တွေချည့် ဖြစ်နေတဲ့ပုံ။
ကျနော့်မှာ လုံးလုံးကို အားအင်ကုန်ခမ်းနေသလို ခံစားနေရတယ်။
ဒီလူကြီး အေးစက်စက်နဲ့ သူစိမ်းဆန်ဆန် ဖြစ်နေတာဟာ ကျနော်တို့က ခရစ်စီရဲ့ အမ်စတာဒမ်က
သူငယ်ချင်းတွေ ဖြစ်နေတာရယ်၊ ခရစ်စီ သေပုံသေနည်းရယ်အပေါ် ဟိုဒီထင်ကြေးတွေကြောင့်ပဲ
ဆိုတာ သံသယဖြစ်စရာ မလိုအောင်ပဲ။ ခရစ်စီ့အလောင်းက ဆိပ်ကမ်းမှာ ဆယ်ယူကတည်းက
ဆားငန်ရေတွေ အပြည့်နဲ့၊ နောက်ပိုင်း ရေဝင်ထားတာကြောင့်လည်း ထပ်ပြီး
ဖူးဖူးယောင်နေတယ်။
အသုဘမှာ ကျနော့်ကိုယ်ကျနော် သူ့အမေနဲ့ အဖေဆီ
မိတ်ဆက်လိုက်တယ်။ သူ့အမေက လူကောင်သေးသေးနဲ့ ပိန်လှီလှီ မိန်းမ။ ဒီအဖြစ်ဆိုးကြောင့်မို့
သူ့မှာ ပိုလို့တောင် သေးကျုံ့ပြီး ယဲ့ယဲ့လေးနဲ့ ဘာမှ မရှိတော့သလိုပဲ။ သူ့အဖေကတော့
နောင်တတွေ တစ်လှေကြီး ယိုစီးနေတဲ့ လူတစ်ယောက်ပုံစံ ပေါက်နေတယ်။ သူ့ဆီကနေ
အရှုံးနောင်တနဲ့ ခြောက်ခြားမှုအငွေ့အသက်တွေ ကျနော် အာရုံရနေတယ်။ သူ့အပြစ်နဲ့စာတော့
ခရစ်စီ ဆုံးပါးရတဲ့ကိစ္စမှာ ကျနော့်ရဲ့ ခပ်သေးသေး၊ ဒါပေမဲ့ အဆုံးအဖြတ်ပေးသလို
ဖြစ်သွားတဲ့ ပါ၀င်ပတ်သက်မှုအတွက် အပြစ်တောင် အနည်းအပါး ပေါ့သွားသလိုပဲ။
- ကျုပ် သူတော်ကောင်းယောင် ဆောင်မနေတော့ပါဘူး...၊ သူက ပြောတယ်။
- ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် အမြဲတော့ မတည့်ခဲ့ကြဘူး။ ဘာပဲဖြစ်ဖြစ်၊
ခရစ်စတိုဖာက ကျုပ်သားပါ၊ ကျုပ်လည်း သူ့ ချစ်ခဲ့တာပါပဲ။
ကျနော့်ရင်ခေါင်းထဲ အလုံးကြီး တက်လာသလို ခံစားလိုက်ရတယ်။
ကျနော့်နားတွေထဲ တဝီဝီ မြည်နေပြီး လေထုကလည်း ပါးလှပ်လာသလိုပဲ။ ကျနော် ဘာသံကိုမှ
ဖမ်းဆုပ်မရတော့ဘူး။ ကျနော် ကြိုးစားပြီး ခေါင်းညွတ် ပြလိုက်တယ်။ ပြီး တဆိတ်
ခွင့်တောင့်ပြီး မြေကျင်းဘေးပတ်လည် စုဝေးနေတဲ့ အသုဘရှု လူအုပ်ကြီးနဲ့ ဝေးရာ
ရွှေ့လာလိုက်တယ်။
ကျနော် ဇဝေဇဝါနဲ့ တုန်တုန်ရီရီ ရပ်နေမိတယ်။
အတိတ်အဖြစ်အပျက်တွေက ကျနော့်စိတ်ထဲ ဖြာဆင်းလို့ပဲ။ အန်နာက လက်မောင်းတစ်ဘက်နဲ့
ကျနော့်ကို တင်းတင်း ဖက်ထားတယ်။ လူအုပ်ကတော့ ကျနော့်ကို အကြီးအကျယ် ပူဆွေးနေတယ်၊
ထင်နေကြမှာပဲ။ မိန်းမတစ်ယောက် ကျနော်တို့အနား ကပ်လာတယ်။ သူ့ပုံစံက ပိုငယ်၊
ပိုသွယ်၊ ပိုလှတဲ့ ခရစ်စီ…၊ ခရစ်… နောက်တစ်ယောက်လိုပဲ...။
- ရှင် သိပြီးသား… မဟုတ်လား ဟင်?
ကျနော် ဟင်းလင်ပြင်ထဲ ငေးရင်း ရပ်နေတယ်။
- တဆိတ် အမေနဲ့ အဖေကိုတော့ ဘာမှ သွားမပြောပါနဲ့နော်၊ ရစ်ချာ့ဒ်
ရှင့်ကို မပြောပြဘူးလား?
ကျနော်လည်း မရေမရာနဲ့ ခေါင်းဆတ်ပြလိုက်တယ်။
- ဒီကိစ္စ သိရင် အမေရော၊ အဖေရော သေကုန်မှာ။ သူတို့က သူ
ပြောင်းသွားတာကို မသိကြဘူး…၊ အလောင်းကို ကျမပဲ အိမ်သယ်လာတာ။ ဆံပင်ရှည်တွေ
ဖြတ်ခိုင်းပြီး ဝတ်စုံတစ်စုံ ဝတ်ပေးခိုင်းထားတာလေ။ အဲလူတွေကို ဘာမှ မပြောဖို့ ကျမ
လာဘ်ထိုးခဲ့ရတယ်။ ထုတ်ပြောလို့လည်း နာကျင်ရုံ ရှိမှာလေ။ သူက မိန်းမ မဟုတ်ဘူး။
ကျမအစ်ကို တစ်ယောက်ပဲ။ အဲမှာ မတွေ့ဘူးလား?
ယောက်ျားလေးပဲ။ သူ
မွေးလာတုန်းကလည်း ယောက်ျားလေး၊ မြေမြှုပ်တော့လည်း ယောက်ျားလေးပဲလေ။
ဒီ့ပြင်ဟာတွေကတော့ အစအန လိုက်ကောက် ကျန်ရစ်သူတွေအဖို့ နာကျင်ရုံ ရှိမှာပဲလေ။ ရှင်
နားလည်တယ် မဟုတ်လား… ဟင်?
သူက တောင်းပန်တယ်။ -
ခရစ်က ထွေပြားနေခဲ့တဲ့လူ၊ အရှုပ်အထုပ်၊ ဟောဒီအထဲမှာ ရှုပ်နေတာ....၊ ပြောရင်း သူက သူ့ခေါင်းသူ
ထိုးပြတယ်။ - ဘုရားစူး၊ ကျမလည်း ကြိုးစားခဲ့တယ်၊ အကုန်လုံးလည်း ကြိုးစားခဲ့တာပဲ။
အမေနဲ့ အဖေဆို သူဆေးချတာတွေလည်း သည်းခံခဲ့ရတယ်။ လိင်တူချင်းချစ် ကိစ္စကိုတောင်
သည်းခံခဲ့ရတယ်။ အားလုံးက ခရစ်စတိုဖာ သူ့ဟာသူ စမ်းသပ်ချက်တွေပဲ။ သူ့ကိုယ်သူ
ရှာဖွေဖို့ ကြိုးစားချက်တွေပဲ။ သူတို့တွေ ဘယ်လိုပုံစံဆိုတာ ရှင်လည်း သိမှာပါ....၊
သူ ရှက်ရွံ့ရွံ့ မထီမဲ့မြင်ပုံနဲ့ ကျနော့်ဘက် လှည့်ကြည့်တယ်။ - ကျမဆိုလိုတာ…
ဒီလိုလူစားမျိုးကိုလေ...။ သူ တရှုံ့ရှုံ့ ဖြစ်လာတယ်။
သူ့မှာ သောကနဲ့ ဒေါသပေါင်းပြီး လောင်မြိုက်နေတယ်။
ဒီလိုအနေအထားမျိုးမှာ သူ့အနေနဲ့ သံသယရဲ့ အကျိုးတော့ ခံစားခွင့် ရှိဖို့ လိုတာပဲ။
ဒါပေမဲ့ သူတို့ ဖုံးဖို့ဖိဖို့ ကြိုးစားနေတာ ဘာတုံး? ဘာများ ပြဿနာ
ရှိလို့တုံး? အမှန်တရားနဲ့ ပတ်သက်ပြီး
ဘာများ မှားနေလို့တုံး?
နဂိုဆေးဘဲ တစ်ပွေအနေနဲ့
ကျနော်ကတော့ ဒါတွေရဲ့ အဖြေကို သိနေတယ်။ တစ်ခါတရံမှာ အများစုက အမှန်တရားနဲ့
ပတ်သက်ပြီး မှားနေတာပဲ။ ဒါနဲ့… ဒီအမှန်တရားကကော ဘယ်သူ့ အမှန်တရားတဲ့တုံး?
- ဟုတ်ပါပြီ…၊ ကျနော် ပြောလိုက်တယ်။ သူက ကျေးဇူးတင်စွာနဲ့
ခေါင်းညိတ်တယ်၊ ပြီးတော့ သူ ကျန်တဲ့ မိသားစုရှိရာ သွားပေါင်းတယ်။ ကျနော်တို့လည်း
အဲမှာတင် တွယ်ကပ်မနေတော့ဘူး၊ ဖယ်ရီ မီအောင် လုပ်ဖို့က ရှိသေးတယ်။
အမ်စတာဒမ် ပြန်ရောက်တော့ ကျနော် ရစ်ချာ့ဒ်ကို လိုက်ရှာတယ်။
သူက ဒီကိစ္စထဲ ကျနော့်ကို ဆွဲထည့်မိတဲ့အတွက် တောင်းတောင်းပန်ပန်တွေ လုပ်လို့။ -
မင်းကို ငါ တလွဲ ကောက်ချက်ဆွဲခဲ့မိတယ်။ ခရစ်က ထွေပြားနေတဲ့လူ။ မင်းနဲ့
သိပ်ကြီးတော့ ဆိုင်လှတာ မဟုတ်ဘူးရယ်။ မင်းကို အမှန်တရား ပေးမသိဘဲနဲ့
ဝင်ပါစေခဲ့မိတာကိုက အတော်ဆိုးသွားတာပဲ။
- ဟင့်အင်း၊ ငါ့ထိုက်နဲ့ငါပါကွာ။ တစ်နှစ်တာလုံးရဲ့
ချီးထုပ်အကျဆုံးကောင်၊ အဲကောင်ဟာ ငါပဲ...၊ ကျနော် ဝမ်းပန်းတနည်း ပြောလိုက်တယ်။
ဘီယာ အတူသောက်ကြရင်းနဲ့ သူ ကျနော့်ကို ခရစ်စီ့ဇာတ်ကြောင်း
ပြောလာတယ်။ စိတ်ဓာတ် ပြိုလဲမှုတွေအကြောင်း၊ သူ့ဘ၀၊ သူ့လိင်အသွင်ကို
စွန့်စွန့်စားစား ပြန်ပြင်မယ့် ဆုံးဖြတ်ချက်အကြောင်း၊ သူ ရခဲ့တဲ့
အမွေအတော်များများ ခွဲစိပ်ကုသရာမှာ သုံးလိုက်သတဲ့။ အရင်ဆုံး သူ အီစတာဂျင်၊
ပရိုဂျက်ထရုန်း မဟော်မုန်း နှစ်မျိုးလုံး သွင်းတာနဲ့ စခဲ့တယ်။
ဒီဟော်မုန်းတွေကြောင့် သူ့ရင်သားတွေ ထွားလာတယ်၊ အသားအရေတွေ နုလာပြီး ကိုယ်ပေါ်က
အမွေးတွေလည်း ပါးသွားခဲ့တယ်။ သူ့အဖိုဓာတ် အင်အားက နုံ့နှေးလာပြီး အရေပြားအောက်အဆီ
ပျံ့နှံ့မှုကလည်း မိန်းမတစ်ယောက်ရဲ့ ပုံစံဘက်ဆီ ပြောင်းသွားခဲ့တယ်။ မျက်နှာက
အမွေးတွေ ဖယ်ပစ်ဖို့ လျှပ်စစ်ကုထုံးလည်း ယူလိုက်သေးသတဲ့။ နောက်ထပ် အသံအိုးပေါ်က
လည်ချောင်းခွဲစိပ်မှု၊ ဒီခွဲစိပ်မှုကြောင့် သူ့လည်ဇလုပ်က ပျောက်သွားပြီး စကားလေသံ
ကုသမှုနဲ့ပါ ထပ်ဖြည့်လိုက်တော့ အသံတွေလည်း နုသွားတယ်။
သူ သုံးနှစ်လုံးလုံး အဲလိုမျိုးတွေ လုပ်လာခဲ့တယ်။
နောက်ဆုံးပိတ် စွန့်စွန့်စားစား ခွဲစိပ်မှုကြီး လုပ်တဲ့အထိပဲ။ ခွဲစိပ်မှုကြီးကိုက
အဆင့် လေးဆင့်ခွဲပြီး လုပ်ခဲ့တာ။ ပထမ လိင်တံဖြတ်ထုတ်၊ နောက် ဝှေးစေ့ဖယ်၊ နောက်
ပလပ်စတစ်ပုံသွင်းသလိုမျိုး တစ်ရှူးတွေ ပြန်ပြုပြင်၊ နောက်ဆုံးမှာ မအင်္ဂါတစ်ခု
ပေါ်လာဖို့ သုက်ရည်ဖုနဲ့ စအိုကြား အခေါင်းတစ်ခု ဖန်တီးပြီး အင်္ဂါအတု တပ်။
မအင်္ဂါကိုက လိင်တံနေရာ…နဲ့၊ မဟုတ်လည်း ပေါင်ခွကြော ကြားနဲ့ တစ်တန်းတည်း နေရာမှာ
ပေါင်သားက အရေပြားယူ အစားထိုးစနစ်နဲ့ ပုံဖော်ထားတာတဲ့။ ရစ်ချာ့ဒ် ရှင်းပြတာအရ
ဒီလိုလုပ်ထားတာကြောင့် သူ့မှာ အထွတ်အထိပ် ခံစားမှုမျိုး ရနိုင်နေသတဲ့။
မအင်္ဂါအသွင်ပုံစံ ပေါ်နေစေဖို့အတွက် ပုံသွင်းခွက်တစ်ခုလည်း ခွဲစိပ်ပြီး သီတင်းပတ်
အတော်ကြာတဲ့အထိ ဝတ်ထားခဲ့ရသတဲ့။
ခရစ်စီ့ဖြစ်ရပ်မှာတော့ ခွဲစိတ်မှုတွေကနေပြီး သူ့ကို
စိတ်ဖိစီးမှု အတော်ကြီး ပေးသွားခဲ့တယ်။ ဒါနဲ့ပဲ သူလည်း အကိုက်အခဲ
ပျောက်ဆေးတွေအပေါ် အရမ်းကာရော မှီခိုလာခဲ့ရတယ်။ သူ့အဖြစ်အပျက် ကြည့်ရချက်အရ
သူသုံးတဲ့ ဆေးတွေဝါးတွေကလည်း ကောင်းကောင်းကန်းကန်းတွေ ဟုတ်ပုံမရဘူး။ အဲဆေးတွေကပဲ
ခရစ်စီ ဆုံးပါးရခြင်းရဲ့ တကယ့်လက်သည်ရယ်၊ ရစ်ချာ့ဒ်ကတော့ ယုံနေတယ်။ ခရစ်စီ
သူ့ဘားထဲက ထွက်ပြီး ဒမ်စကွဲယားဘက် လျှောက်သွားတာ ရစ်ချာ့ဒ် တွေ့လိုက်ရသတဲ့။
ပြီးတော့ သူ ငါးမျှားချိတ် တချို့ ဝယ်ပြီး သယ်သွားတယ်။
နောက်ထပ်ဘားနှစ်ခုသုံးခုလောက်မှာ သူ့ကို မူးပြဲနေတာ မြင်လိုက်ကြရသေးတယ်။ အဲက
နောက်တော့ သူ မြောင်းဘေးလမ်းအတိုင်း လျှောက်သွားတော့သတဲ့။ သူ့ကိုယ်သူ သေကြောင်းကြံသွားတာ
ဖြစ်နိုင်သလို၊ မတော်တဆ တစ်ခုခု ဖြစ်တာလည်း ဖြစ်နိုင်တယ်။ မဟုတ်ရင်တော့လည်း
အဲနှစ်ခုကြားထဲက အညိုရောင် အနေအထား များလားပဲ။
ခရစ်တိုဖာနဲ့ ရစ်ချာ့ဒ်က ချစ်သူတွေ ဖြစ်ခဲ့ကြတာ။ သူက
ခရစ်တိုဖာ့အကြောင်း အမြတ်တနိုး ပုံစံနဲ့ ပြောနေတယ်။ ခုအချိန်မှာ ခရစ်စီ့ကို
ခရစ်လို့ ညွှန်းရလာတဲ့အတွက် သူ့မှာ ဝမ်းပမ်းတသာရယ်ပဲ။ သူက ခရစ်ရဲ့ ရူးသွပ်မှုတွေ၊
ရည်မှန်းချက်တွေ၊ အိပ်မက်တွေအကြောင်း အကုန် ပြောပြတယ်။ ပြောရရင်… သူတို့နှစ်ယောက်ပေါင်းရဲ့ ရူးသွပ်မှု၊ ရည်မှန်းချက်နဲ့ အိပ်မက်တွေ ဆိုရမလားပဲ။ တစ်ခါတစ်ခါတော့ နှစ်ယောက်သား
သူတို့လိုချင်ရာ လူမှန်နေရာမှန်ဘ၀
ရှာတွေ့လုနီးနီး ဖြစ်ခဲ့ကြတယ်။ ပဲရစ်မှာ၊ လာဂူနာ ကမ်းခြေမှာ၊
အိဘစ်ဇားမှာ၊ ဟမ်းဘာ့ဂ်မှာ၊ အတော်လေး သီသီသွားခဲ့ကြတာပဲ။ ဒါပေမဲ့ အထမြောက်တဲ့ အထိတော့ တစ်ခါမှ မနီးခဲ့ကြဘူး။ ယူရိုဂေါ်လီတော့ မဖြစ်လိုက်၊
ဖြစ်လိုဖြစ်ငြား စွန့်သွားကြတဲ့သူတွေလောက်ပဲ။
..................
စကော့တ်စာရေးဆရာ Irvine Welsh ၏ Eurotrash ကို ကျော်ဘသစ် ဘာသာပြန်သည်။
စကော့တ်စာရေးဆရာ Irvine Welsh ၏ Eurotrash ကို ကျော်ဘသစ် ဘာသာပြန်သည်။
Online Casino - Karang Pintar
ReplyDeleteKADG PINTAR: Online Casino in Karang Pintar. Visit Karang Pintar for exclusive promotions, best online 온카지노 casinos and sportsbooks.