လိပ်ပြာ
လိပ်ပြာ
စစ်ပွဲတစ်ပွဲ ဖြစ်လာတယ်၊ ဖြစ်လာတော့ လူဝိဂျီဆိုတဲ့ လူက သူပါ လုပ်အားပေး လိုက်လို့ရမလား၊
သွားမေးတယ်။
လူတိုင်းက ချီးမွမ်းလို့ပေါ့။ လူဝိဂျီလည်း လူတွေ
ရိုင်ဖယ်တွေ ဝေနေတဲ့နေရာ သွားတယ်၊ တစ်လက်ယူပြီးတော့ သူက ပြောတယ်၊ “ကျုပ် အခု အဲလ်ဘာတိုဆိုတဲ့လူကို သွားသတ်တော့မှာဗျ” တဲ့။
သူတို့က အဲလ်ဘာတိုဆိုတာ ဘယ်သူတုံး? သူ့ကို မေးတယ်။
“ရန်သူလေဗျာ၊” သူက ပြန်ဖြေတယ်၊ “ကျုပ်ရန်သူတစ်ယောက်ပေါ့။”
လူတွေက သူ့ကို ရှင်းပြရတယ်၊ မင်းအနေနဲ့
ဒီလိုဒီလို ရန်သူတွေပဲ သွားသတ်ရမှာ၊ မင်းစိတ်ထင်ရာလူ သတ်ရမှာ မဟုတ်ဘူး…ပေါ့။
“အမယ်” တဲ့ လူဝိဂျီက ပြောတယ်၊ “ခင်ဗျားတို့က ကျုပ်ကို
ငတုံးများ မှတ်နေလား၊ ဒီအဲလ်ဘာတိုဆိုတာ ခင်ဗျားတို့ ပြောနေတဲ့
ရန်သူပုံစံနဲ့ ကွက်တိပဲလေဗျာ၊ အဲဒီလိုလူတွေထဲက တစ်ယောက်ပဲ။ ခင်ဗျားတို့ အဲဒီလူတွေဆီ
စစ်သွားခင်းမယ် ကြားတည်းက ကျုပ်လည်း လိုက်မယ်၊ ဒီနည်းနဲ့ အဲလ်ဘာတိုကို ကျုပ် သတ်လို့ရမယ်၊
တွေးလာခဲ့တာပဲ။ ဒါကြောင့်ပဲ ကျုပ် ဒီ ရောက်လာတာ။ ဒီအဲလ်ဘာတိုကို ကျုပ်
သိတာပေါ့ဗျာ။ တကယ့်လူယုတ်မာ၊ ကျုပ်အပေါ် သစ္စာဖောက်သွားတဲ့ကောင်။
မိန်းမတစ်ယောက်နဲ့ ပတ်သက်ပြီး ကျုပ်ကိုကျုပ် အရူးလုံးလုံး ဖြစ်အောင် သူ လုပ်သွားတာ ကုန်ရော။ ဖြစ်တာတော့ ကြာတော့ ကြာခဲ့ပြီ။ ခင်ဗျားတို့ မယုံရင် ကျုပ် ဖြစ်ကြောင်းကုန်စင်
ပြောပြလို့ ရတယ်။”
သူတို့က ရပါတယ်၊ မလိုပါဘူး ပြန်ပြောတယ်။
“ကောင်းပြီ၊ ဒါဆို၊” လူဝိဂျီက ပြောတယ်၊ “အဲလ်ဘာတို ဘယ်မှာရှိလဲ ပြောလိုက်၊
ကျုပ် သွားပြီး ချတော့မယ်။”
ဟိုလူတွေလည်း သူတို့ မသိတဲ့အကြောင်း ပြန်ပြောတယ်။
“ကိစ္စတော့ မရှိဘူး” တဲ့ လူဝိဂျီက၊ “ပြောနိုင်တဲ့သူ တစ်ယောက်ယောက် ကျုပ်
ရှာမယ်၊ အနှေးနဲ့ အမြန် ဒီကောင်ကို မိကို မိမှာပဲ။”
ဒီလိုတော့ လုပ်မရဘူး၊ သူတို့က ပြောပြန်တယ်၊ သူတို့
ပို့တဲ့နေရာ သွားတိုက်ပြီး အဲဒီမှာ တွေ့တဲ့လူကိုပဲ သူအနေနဲ့ သတ်ရမှာ၊ သူတို့က
အဲဒီအဲလ်ဘာတိုအကြောင်း ဘာတစ်လုံးမှ မသိဘူး…ပေါ့။
“တွေ့လား” တဲ့ လူဝိဂျီက တင်းခံနေတယ်၊ “ကျုပ်အနေနဲ့ ဖြစ်ပျက်သမျှကို
တကယ့်ကို ပြောပြမှကို ဖြစ်မှာ။ ဘာလို့ဆို အဲဒီကောင်က တကယ့်ကို လူယုတ်၊ ခင်ဗျားတို့
သူ့ကို သွားချမယ်ဆိုတာ တကယ်မှန်တဲ့ လုပ်ရပ်ပဲ။”
ဒါပေမဲ့ ဟိုလူတွေကတော့ သိချင်မနေကြဘူး။
လူဝိဂျီခမျာ ယုတ္တိရှာ မရတော့ဘူး၊ “ဆောရီးဗျာ၊ ကျုပ်
ရန်သူ ဒီတစ်ယောက် မဟုတ်ရင် ဟိုတစ်ယောက် သတ်တာကို ခင်ဗျားတို့က
အကုန်အတူတူလို မြင်နေကြသကိုး။ ဒါပေမဲ့ ကျုပ်ကတော့ အဲလ်ဘာတိုနဲ့
ဘာမှမဆိုင်တဲ့ တခြားတစ်ယောက်ယောက်ကို သတ်မိမယ်ဆို တကယ် စိတ်မကောင်း ဖြစ်ရမှာ။”
ဟိုလူတွေက စိတ်မရှည်တော့ဘူး။ သူတို့အထဲက တစ်ယောက်ကပဲ
သူ့ကို စကားကောင်းကောင်း ပြောပြီး၊ စစ်ပွဲဆိုတာ ဘယ်လိုဘယ်ဝါ၊ ဘာကြောင့် သူ
သတ်ချင်တဲ့လူ သီးသန့်ရွေး သတ်မရတယ်…ဘာတယ်တွေ ရှင်းပြနေတယ်။
လူဝိဂျီက ပခုံးတွန့်တဲ့ပြီး “ခင်ဗျားတို့ဟာက
အဲလိုမျိုကြီး ဆိုရင်တော့ ကျုပ်ကို စာရင်းထဲက ဖယ်လိုက်တော့” တဲ့။
“ခင်ဗျားက စာရင်းထဲ ပါပြီးသွားပြီ၊ ဆက်နေဖို့ပဲ ရှိတော့တယ်၊” သူတို့က ဟောက်တယ်။
“ချီ…. တက်။ တစ်…နှစ်၊ တစ်…နှစ်။” အဲဒီပြီးတော့
သူတို့လည်း လူ၀ိဂျီကို စစ်ပွဲရှိရာ ပို့လိုက်ကြတယ်။
လူဝိဂျီကတော့ မပျော်နိုင်ဘူး။ လူတွေကို သူ သတ်တော့ သတ်နေတယ်၊
ပေါ့ပေါ့တန်တန်ရယ်ပဲ၊ အဲလ်ဘာတို မဟုတ်ရင်လည်း သူ့မိသားစု တစ်ယောက်ယောက်ကို မိလိုမိငြား ရှာဖို့ရာသက်သက်ပဲ။ ဟိုလူတွေလည်း လူဝိဂျီကို ရန်သူတစ်ယောက် သတ်တိုင်း
ဆုတံဆိပ်တစ်ခု ပေးကြတယ်။ ဒါပေမဲ့ သူ့ခမျာတော့ မပျော်ပိုက်ရှာဘူး။ “ငါတော့
အဲလ်ဘာတိုကိုမှ မသတ်နိုင်ရင် လူတွေ တစ်ပြုံတမကြီးကို အဓိပ္ပာယ်မရှိ
သတ်နေမိတော့မှာပဲ၊” သူ တွေးတယ်၊ တွေးရင်းက စိတ်မကောင်းတွေ ဖြစ်။
တစ်ချိန်တည်းမှာ ဟိုလူတွေကတော့ သူ့ကို ဆုတံဆိပ်တွေ
တစ်ခုပြီးတစ်ခု ပေးလို့။ ငွေတံဆိပ်၊ ရွှေတံဆိပ်၊ အစုံ။
လူဝိဂျီလည်း တွေးတယ်၊ “ဒီနေ့ လူတချို့ သတ်၊ မနက်ဖြစ် နောက်တချို့
သတ်၊ ပြီးရင် နောက်ပိုင်း လူနည်းနည်းပဲ ကျန်တော့မှာ။ ဒီလူယုတ်မာအလှည့် ရောက်ကို
ရောက်လာမှာပဲ” ပေါ့။
ဒါပေမဲ့ လူဝိဂျီ အဲလ်ဘာတိုကို ရှာမတွေ့လိုက်ခင်
ရန်သူဘက်က လက်နက်ချသွားတယ်။ သူကတော့ အဓိပ္ပာယ်မရှိ လူတွေ အများကြီး
သတ်ခဲ့မိတာအတွက် စိတ်မကောင်းတွေ ဖြစ်လို့။ ပြီးတော့ ခုအချိန်မှာ ဟိုလူတွေလည်း
ငြိမ်းချမ်းရေး ရကုန်ကြပြီ၊ ဆိုတော့ သူလည်း ဆုတံဆိပ်တွေ အကုန်စု အိတ်တစ်လုံးထဲ ထည့်၊
ရန်သူ့တိုင်းပြည်ထဲ လျှောက်ပတ်သွားပြီး အဲဒါတွေကို သေသွားတဲ့လူတွေရဲ့
မိန်းမတွေ၊ ကလေးတွေဆီ ဝေပေးနေတယ်။
အဲဒီလို သူ လျှောက်ပတ်သွားနေတုန်း အဲလ်ဘာတိုကို
သူ သွားတွေ့တယ်။
“အဆင်သင့်ချက်များတော့၊” သူက ပြောတယ်။ “နောက်ကျတာဟာ ဘာမှ လုံးလုံး မဖြစ်တာထက်စာရင်
တော်သေးသပါ့” ဆိုပြီး သူ အဲလ်ဘာတိုကို သတ်လိုက်တယ်။
သူတို့ လူဝိဂျီကို ဖမ်းတယ်၊ လူသတ်မှုနဲ့ တရားစွဲဆိုပြီး ကြိုးပေးလိုက်တယ်။
တရားခွင်မှာတော့ လူဝိဂျီက ထပ်ခါထပ်ခါ ပြောနေသေးတုန်း၊ သူ ဒီလို လုပ်ရတာဟာ သူ့လိပ်ပြာသူ
ကာကွယ်ဖို့ပါတဲ့။ ဒါပေမဲ့ ဘယ်သူကမှ သူ့စကားကို နားထောင်မနေကြဘူး။
Comments
Post a Comment