သတိရသူ
သတိရသူ ကျမချစ်သူမှာ မျိုးစိတ်ဆင့်ကဲ နောက်ပြန်လည်တာ ကြုံနေရတယ်။ ကျမ ဘယ်သူ့ကိုမှတော့ မပြောဘူး။ ဘယ်လိုက စဖြစ်မှန်းလည်း မသိဘူး။ ကျမသိတာဆိုလို့ ပထမတစ်ရက်မှာ သူက ကျမချစ်သူ ပဲ ၊ နောက်တစ်ရက်အရောက်မှာ မျောက်ဝံတစ်ကောင် ဖြစ်နေတော့တာ။ အဲဒီကနေ တစ်လလောက် ကြာအပြီး ခုတော့ သူ့မှာ ပင်လယ်လိပ်တစ်ကောင် ဖြစ်နေတယ်။ ကျမ သူ့ကို မုန့်ဖုတ်တဲ့ လင်ပန်းတစ်ချပ်ထဲ ထည့်၊ အထဲမှာ ဆားငန်ရည် ဖြည့်ပေးပြီး မတ်တပ်ခုံပေါ် တင်ထားတယ်။ သူ့ခေါင်းငေါက်တောက်လေးနား ကပ်သွားပြီး “ ဘင် … ကျမပြောတာတွေ နားလည်ရဲ့လား ဟင် ?” ကျမ ပြောတယ်။ သူကတော့ ကတ္တရာစေးစက်လေးတွေလို သူ့မျက်လုံး မည်းမည်းတွေနဲ့ ကျမကို ငဲ့စောင်းကြည့်လို့။ ကျမမျက်ရည်တွေ ကျမရဲ့ ပင်လယ်၊ လင်ပန်းလေးထဲ ကြွေကုန်တယ်။ သူကတော့ တစ်နေ့တစ်နေ့ နှစ်တစ်သန်းလောက် ဖြတ်သန်းနေပုံပဲ။ ကျမလည်း သိပ္ပံပညာရှင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ အကြမ်းဖျဉ်း တွက်ကြည့်ရသလောက် အဲဒီအတိုင်း ဖြစ်နေတာပဲ။ ကျမ ဒေသကောလိပ်က ဇီ၀ဗေဒဆရာဟောင်း တစ်ယောက်ဆီ သွားတယ်၊ ကျမတို့လူတွေ ဆင့်ကဲဖြစ်လာပုံနဲ့ ပတ်သက်ပြီး ခန့်မှန်းခြေ သမိုင်းမျဉ်း တစ်ခု ဆွဲပေးပါ၊ သူ့ကို ပြောတယ်။ အစပိုင်းတော့ သူက မကြည်မသာရယ်။ ပိုက်ဆံ လိုချင်တာပေါ့။ ...