နံရံကအပေါက်
နံရံကအပေါက် ဘန်နာဒိုတာ ရင်ပြင်က ဘတ်စ်ကားဂိတ်နဲ့ ကပ်နေတဲ့ နံရံမှာ အပေါက်ဟောင်းလောင်း တစ်ပေါက် ရှိတယ်။ ဟိုတုန်းကတော့ အဲနေရာမှာ ATM စက်တစ်လုံး ရှိခဲ့တာပဲ။ နောက်ပိုင်း စက် ပျက်သွားတာလား၊ မဟုတ်လည်း သုံးတဲ့သူ မရှိတော့လို့လား မသိ၊ ဘဏ်ကလူတွေ ပစ္စည်းသယ်ကားတစ်စီးနဲ့ ရောက်လာပြီး စက်ကို မတင်သွားရာက နောက်ပိုင်း ဘယ်တော့မှ ပြန်လာမထားတော့ဘူး။ တစ်ခါတော့ အူဒီ့ ကို တစ်ယောက်က ပြောဖူးတယ်၊ အဲအပေါက်ဟောင်းထဲ လှမ်းအော်ပြီး လိုရာဆု တောင်းကြည့်၊ တောင်းတိုင်း ပြည့်တယ်တဲ့။ ဒါပေမဲ့ အူဒီကတော့ လုံးလုံး အရေး မလုပ်ဘူး။ အမှန်အတိုင်း ပြောရရင် တစ်ခါမှာတော့ ရုပ်ရှင်က ပြန်အလာမှာ အဲနံရံကအပေါက်ထဲ အော်ရင်းက ဒက်ဖ်နီရီမဲလ် သူ့ကို ချစ်လာပါစေ၊ အူဒီ ဆုတောင်းဖူးတယ်။ ဘာမှ တကယ် ဖြစ်မလာဘူး။ နောက် တစ်ခါမှာတော့ သူ တစ်ယောက်တည်း အတော်ကို အထီးကျန်သလို ခံစားရတာနဲ့ နတ်သား တစ်ပါးလောက် သူငယ်ချင်း လုပ်ဖို့ လိုချင်ပါတယ်၊ နံရံကအပေါက်ထဲ အော်လိုက်တယ်။ အော်ပြီး ချက်ချင်းပဲ နတ်သား တစ်ပါး အဟုတ် ပေါ်လာတယ်။ ဒါပေမဲ့ နတ်သားက သူငယ်ချင်းရုပ် တစ်စက်လေး မပေါက်ဘူး။ အူဒီ သူ့ကို အရေးတကြီး လိုအပ်ပြီဆို ဒင်းက အမြဲလိုလို ပျောက်...