ဆေးမြီးတို


ဆေးမြီးတို

အဲဒီနေ့လယ်က လက်နက်ကိုင် ပြည်သူ့စစ်တပ်စုက မားကျူစန်းအိမ်ရှေ့ ထုံးဖြူသုတ်နံရံမှာ သတိပေးစာတစ်စောင် ကပ်လာတယ်။ စာက လမ်းမဘက် လှည့်လို့။ နောက်နေ့မနက်မှာ ခါတိုင်း စီရင်နေကျ ဂျောင်မြစ် တောင်ဘက်ခြမ်း တံတားထိပ်မှာ ကွပ်မျက်မှုတွေ စီရင်မယ့်အကြောင်း၊ ရွာသူရွာသား ကျန်းမာသန်စွမ်းသူ အကုန် သင်ခန်းစာ ယူနိုင်ဖို့အတွက် မဖြစ်မနေ တက်ရောက်ကြဖို့အကြောင်း ကြေငြာထားတာ။ အဲဒီနှစ်ကတော့ ကွပ်မျက်တာတွေကလည်း များတော့ လူတွေက စိတ်ဝင်စားမှု နည်းကုန်ကြပြီ။ ဒါနဲ့တင် ရွာသားအားလုံး မတက်မနေရ၊ စည်းမျဉ်းထုတ်ပြီး လူအုပ်ကို ဆွဲခေါ်နေရတော့တာ။

အဖေ အိပ်ရာက ထပြီး ပဲဆီမီးခွက်လေး ထွန်းနေတဲ့အချိန် တစ်ခန်းလုံး မဲမှောင်နေတုန်း ရှိသေးတယ်။ အဖေက အပေါ်အင်္ကျီ အစင်းကြားကြီး ကောက်ဝတ်ပြီး  ကျနော့်ကို အိပ်ရာက ထဖို့ နှိုးတယ်။ ရာသီဥတုက အတော်ကြီး အေးတော့ ကျနော်ကတော့ စောင်နွေးနွေးအောက် ဆက်ကွေးနေချင်သေးတာ။ နောက်ဆုံး အဖေက စောင်တွေ ဆွဲချပြီး “ထတော့တဲ့၊ “လက်နက်ကိုင် ပြည်သူ့စစ်တပ်စုက ကိစ္စဝိစ္စကို စောစောစီးစီး အပြီးသတ်ချင်နေတာ။ နောက်ကျတာနဲ့ ငါတို့ အခွင့်အရေး လက်လွတ်ကုန်မှာတဲ့။

ကျနော်လည်း အဖေနဲ့အတူ ဂိတ်ပေါက်အပြင်ဘက် ပါလာတယ်။ အရှေ့ဘက်ကောင်းကင်မှာ အလင်းရောင် တောက်ခါစ။ လမ်းတွေက ရေခဲတမျှ အေးစက်နေပြီး လူသူလေးပါး ကင်းပြတ်နေတယ်။ ညဘက်တုန်းက အနောက်မြောက်လေ တိုက်ပြီး လမ်းမပေါ်ရှိသမျှ ဖုန်မှုန့်တွေ ရှင်းထုတ်သွားတဲ့ပုံပဲ၊ မှိုင်းပြပြလမ်းမတန်းကို အရှင်းသား မြင်နေရတယ်။ ကျနော့်ခြေချောင်းလက်ချောင်းတွေက ကြောင်တစ်ကောင်  ဝါးစားခံနေရသလား အောက်မေ့ရလောက်အောင် အေးကိုက်လို့ရယ်။ မားတို့အိမ်ဝန်းရှေ့ ဖြတ်သွားတော့ ပြူတင်းပေါက်မှာ မီးရောင်လေး လှမ်းမြင်နေရပြီး ဖားဖိုသံပါ ကြားနေရတယ်။ အဲဒီမှာက လက်နက်ကိုင် ပြည်သူ့စစ်တပ်စု စခန်းချနေတာ။ အဖေက လေသံ တိုးတိုးနဲ့ “လာ… မြန်မြန်၊ ပြည်သူ့စစ်တပ်စု မနက်စာတောင် စားနေပြီ ပြောတယ်။

မြစ်ကမ်းနဖူးထိပ်နားဆီ အဖေ ကျနော့်ကို ဆွဲခေါ်လာတယ်။ အဲဒီကနေ ကျောက်ခင်းတံတား အနားသတ် ရေးရေးတွေကို လှမ်းမြင်နေရတယ်။ မြစ်ချိုင့်ထဲက ခွက်နေတဲ့နေရာတွေမှာ ရေတွေ ခဲလို့ပဲ။ “ကျနော်တို့က ဘယ်မှာ သွားပုန်းကြမှာတုံး အဖေ?ကျနော် အဖေ့ကို မေးလိုက်တယ်။

တံတားအောက်မှာတဲ့၊ အဖေက ပြန်ပြောတယ်။

တံတားအောက်မှာတော့ လူသူကင်းဆိတ်ပြီး မှောင်ချက်က ပိန်းပိတ်လို့ရယ်။ ခဲနေအောင် အေးတာကတော့ ပြောမနေနဲ့တော့။ ကျနော့်မှာ ဦးရေပြားတွေ ယားလာတာနဲ့ “ကျနော့်ဦးရေပြားတွေ ဘာလို့များ ယားနေမှန်း မသိဘူး၊အဖေ့ကို မေးမိတယ်။

ငါ့မှာလည်း ယားတာပဲတဲ့ အဖေက။ “ဒီအနားတင် သူတို့ လူတွေအများကြီး ပစ်သတ်ထားတာ။ မကောင်းတဲ့ ကောင်တွေ သရဲတစ္ဆေ ဖြစ်ပြီး ဒီအနား ပြည့်နေတာ နေမှာပေါ့ တဲ့။

တံတားအောက် အမှောင်ထဲမှာ အမွေးအမှင်ဖားဖားနဲ့ကောင်တွေ တလှုပ်လှုပ် ဖြစ်နေတာ  လှမ်းတွေ့ပြီး “ဟိုမှာ ဟိုမှာ… အဖေပြောတဲ့ကောင်တွေ၊ကျနော် ထအော်တယ်။

သရဲတွေ မဟုတ်ပါဘူးကွ၊ လူသေလာစားတဲ့ ခွေးတွေပါ၊အဖေက ပြန်ပြောတယ်။ 

ကျနော်လည်း နောက်ဘက် တွန့်သွားမိတယ်၊ အေးကိုက်နေတဲ့ တံတားတိုင်တစ်ခုနဲ့ ဝင်ဆောင့်မိတဲ့အထိပဲ။ ကျနော့်စိတ်ထဲ အဖွားကိုသာ ပြေးတလိုက်မိတော့တာပဲ။ အဖွားမျက်လုံးတွေက အတွင်းတိမ် အပြည့် ဖုံးပြီး လုံးလုံး မမြင်ရှာတော့ဘူး။ အနောက်ဘက် ကြယ်သုံးလုံးတန်းဆီကနေ အေးစက်စက် အလင်းတန်းတွေ တံတားအောက် နေရာလွတ်တွေဆီ ကျလာရင်တော့ ကောင်းကင်းလည်း လုံးလုံး လင်းလာမှာပဲ၊ ကျနော် တွေးမိတယ်။ အဖေက သူ့ဆေးတံကို မီးငြှိတယ်။ ပတ်ပတ်လည်မှာ ဆေးရွက်နံ့သင်းသင်းက ချက်ချင်း မွှန်ခနဲ။ ကျနော့်နှုတ်ခမ်းတွေမှာ ထုံလာနေပြီ။ “အဖေ၊ ကျနော် အပြင်ထွက်ပြီး ပတ်ပြေးလိုက်ချင်တယ်၊ ဒီမှာ အေးကိုက်နေပြီ၊အဖေ့ကို ပြောတယ်။

အံကြိတ်ထား၊ လက်နက်ကိုင် ပြည်သူ့စစ် တပ်စုက မနက်နေလုံးကြီး နီလာတဲ့အချိန်တင် အကျဉ်းသားတွေကို ပစ်ကြတာ၊ အဖေက ပြန်ပြောတယ်။

ဒီမနက် သူတို့ ဘယ်သူတွေကို ပစ်ကြမှာတုံး အဖေ?”

ငါလည်း မသိဘူးကွတဲ့ အဖေက။ “ဒါပေမဲ့ မကြာခင် ငါတို့ တွေ့ရတော့မှာပဲကွာ။ ခပ်ငယ်ငယ်လူတွေကို ပစ်ပါစေ၊ ငါတော့ ဆုတောင်းတာပဲ။

ဘာလို့တုံး?”

ငယ်တဲ့လူတွေဆိုတော့ ခန္ဓာကိုယ်တွေလည်း နုသေးတယ်လေကွာ။ ဒီတော့ ပိုအစွမ်းထက်တာပေါ့ကွ။

ကျနော်ကတော့ ထပ်မေးချင်သေးတာ။ ဒါပေမဲ့ အဖေက သိပ်စိတ်မရှည်တော့ဘူး။ “မမေးနဲ့တော့။ ငါတို့ ဒီအောက်မှာ ပြောနေတာတွေအကုန် အပေါ်က ကြားရတယ်တဲ့။

ကျနော်တို့ ပြောဆိုနေတုန်း ကောင်းကင်က ငါးဗိုက်လို ဖြူလာတယ်။ ရွာထဲဘက်ဆီက ခွေးတွေ အုပ်လိုက်ဖွဲ့ပြီး ဆူညံဆူညံ ဟောင်နေလေရဲ့။ ခွေးဟောင်သံတွေအောက်မှာ မိန်းမတချို့  ငိုချင်းချနေတဲ့ အသံတွေပါ ပေါ်နေတယ်။ အဖေက ပုန်းနေတဲ့နေရာကနေ မြစ်ချိုင့်ဝှမ်းထဲ ထွက်သွားပြီး ခဏရပ်ရင်းက သူ့နားတွေကို ရွာထဲဘက်ဆီ လှည့်စွင့်နေတယ်။ လတ်တလော ကျနော့်မှာက အတော်ကြီး ကြောက်ဒူးတုန်နေပြီ။ တံတားအောက် ကွက်လပ်ထဲမှာ ခွေးဝဲစားတွေက တနံ့နံ့နဲ့ ကျနော့်ဘက် ဝိုင်းပြုံကြည့်နေကြရဲ့လေ။ ကျနော့်ကို ခြေတွေလက်တွေကနေ တစ်စစီ ဆွဲပြီး ကိုက်ဖြဲပစ်ချင်နေကြတဲ့ပုံစံ။ ဒီနေရာက အမြန်ဆုံး ထွက်သွားလိုက်ဖို့ ဘာလို့များ မဖြစ်နိုင်ရတာလဲ၊ ကျနော်လည်း နားမလည်ဘူး။ အဖေ ကုတ်ချောင်းကုတ်ချောင်း ပြန်ရောက်လာတယ်။ အရုဏ်တက် အလင်းမှိန်မှိန်အောက်မှာ သူ့နှုတ်ခမ်းတွေက တဆတ်ဆတ် တုန်လို့။ ချမ်းလို့လား၊ ကြောက်လို့လား၊ ကျနော်လည်း မပြောတတ်ဘူး။ “အဖေ တစ်ခုခု ကြားခဲ့လား?ကျနော် သူ့ကို မေးလိုက်တယ်။

တိတ်တိတ်နေ၊ အဖေက တီးတိုး ပြန်ပြောတယ်။ “မကြာခင် သူတို့ ဒီရောက်လာတော့မှာ။ တရားခံတွေကို ချည်တုပ်နေတဲ့အသံတွေ ကြားခဲ့တယ် တဲ့။

ကျနော်လည်း အဖေ့အနား တိုးသွားလိုက်ပြီး ပေါင်းပင်တစ်အုပ်ပေါ် ထိုင်နေလိုက်တယ်။ သေသေချာချာ နားစွင့်ကြည့်တော့ ရွာထဲဘက်ဆီက မောင်းထုသံ ကြားရတယ်၊ လူတစ်ယောက် ဗျို့ဟစ်ကြေငြာနေတဲ့ အသံနဲ့ ရောလို့။ “ရွာသူရွာသားများ ကွပ်မျက်ပွဲ ကြည့်ဖို့ တောင်ဘက်တံတားထိပ်ဆီ လာခဲ့ကြပါ။ မတော်မတရား ဖိနှိပ်နေတဲ့ မြေပိုင်ရှင် မားကျူစန်းနဲ့ သူ့မိန်းမရယ်၊ ပြီး ရုပ်သေးရုပ် ရွာသူကြီး လွန်ဖန်ရှန်းရယ်ကို ပစ်သတ်မယ့်ပွဲပါ။ လက်နက်ကိုင် ပြည်သူ့စစ် တပ်စု၊ ဗိုလ်ကြီးဈာန်ရဲ့ အမိန့်။ မလာတဲ့သူတွေကိုတော့ ကြံရာပါတွေအဖြစ် သတ်မှတ်ပြီး ပစ်ဒဏ်ပေးရပါလိမ့်မယ်။

အဖေ့ဆီက တီးတိုးညည်းသံ ကြားရတယ်၊ “ဘာလို့များ သူတို့  မားကျူစန်းကို ဒီလို လုပ်ရတာတဲ့တုံး။ ဘာလို့ သူ့ကိုမှ ပစ်သတ်ရမှာတုံး။ ပစ်စရာလူ တစ်ယောက်မကျန်တော့မှပဲ သူ့ကို နောက်ဆုံးပစ်သင့်တာ။

ကျနော်ကတော့ ဘာလို့ မားကျူစန်းကို မပစ်သင့်တာတုံး၊ မေးလိုက်ချင်သေးတာပဲ။ ဒါပေမဲ့ ကျနော် ပါးစပ် မဟနိုင်ခင် ရိုင်ဖယ်သေနတ် ဖောက်သံနဲ့အတူ ကျည်ဆံတစ်ချက် ရွှီခနဲ ကောင်းကင်အမြင့်ဆီ ပျံတက်သွားသံ ကြားလိုက်ရတယ်။ မကြာခင် မြင်းခွါသံတွေ ကျနော်တို့ ရှိရာ တံတားထိပ်ဆီ ဦးတည်လာနေတယ်။ မြင်းခွါတွေ ကြမ်းခင်းပေါ် တစ်ချက် ချတိုင်း လေပွေဖြတ်တိုက်သလို တရှပ်ရှပ် မြည်လို့။ အဖေနဲ့ ကျနော် နောက်ဘက်အသာ ကျုံ့ဝင်လိုက်ကြတယ်။ နှစ်ယောက်သား ကျောက်တုံးတွေကြား အက်ကွဲကြောင်းလေးတွေကတဆင့် ထိုးဝင်နေတဲ့ နေပြောက်ကလေးတွေကို စိုက်ကြည့်နေတယ်။ ကျနော်တို့ နှစ်ယောက်လုံး အကြောက်ကြီး ကြောက်နေကြပြီ။ အပြင်မှာ ဘာတွေ ဖြစ်နေမှန်းလည်း သေချာ မသိ။ ဆေးတံအိုး မီးတစ်ဝက်စာ ကျလောက် ကြာတော့ လူတွေ အော်ကြီးဟစ်ကျယ် ကြွက်စီကြွက်စီတွေ ပြောရင်း ကျနော်တို့ဆီ တည့်တည့် လာနေသံ ကြားရတယ်။ အဲဒီလူတွေ ရုတ်တရက် ရပ်သွားပြီး တစ်ယောက်က ဘဲအော်သလို တကွပ်ကွပ်အသံနဲ့ “သွားပါစေတော့၊ ခွီးတဲ့မှပဲ။ ဒီကောင့်ကို တစ်သက်လုံး ဖမ်းမိတော့မှာ မဟုတ်ဘူး၊ပြောသံ ကြားလိုက်တယ်။

မြင်းခွါသံတွေ လာရာဘက်က ဘယ်သူရယ်မှန်း မသိ၊ သေနတ်နဲ့ နှစ်ချက်သုံးချက် လှမ်းပစ်တယ်။ သေနတ်သံက ကျနော်တို့ ပုန်းနေတဲ့နံရံမှာ ပဲ့တင်ပြန်ပြီး ကျနော့်နားတွေထဲ တဒင်ဒင် မြည်လို့ပဲ။ ယမ်းနံ့ ပြင်းပြင်းပါ ရနေတယ်။

သောက်ကျိုးနဲတဲ့မှ၊ မင်းက ဘယ့်သူ့ကိုများ ပစ်နေတာတုံး? ခုလောက်ရှိ ဟိုကောင်က တခြားတိုင်းပြည်တောင် ရောက်သွားလောက်ပြီ၊တကွပ်ကွပ်အသံ ပေါ်လာတယ်။

ဒီကောင် ဒီလို လုပ်လိမ့်မယ်၊ ကျနော် လုံးလုံး ထင်မထားဘူး၊ ဗိုလ်ကြီးဈာန်၊ ဒီကောင်ကြည့်ရတာ လယ်သမား ဖြစ်ရမယ်၊ နောက်တစ်ယောက်က ပြန်ပြောတယ်။

အေး… မင်းမေးလို့ ဖြေရရင်တော့ ဒီကောင်က မြေပိုင်ရှင်တွေ ပေးကျွေးထားတဲ့ ခိုင်းခွေး တစ်ကောင်ပဲ၊” ဘဲက တကွပ်ကွပ် ပြန်လုပ်တယ်။

သူတို့ထဲက တစ်ယောက် တံတားလက်ရမ်းနား လျှောက်သွားပြီး တံတားအစွန်းကနေ တံတားဘေးဘက် သေးပေါက်ချလာလေရဲ့။ သေးနံ့က ပုပ်အဲ့ပြီး အတော့်ကိုစူးစူးဝါးဝါး။

လာ၊ ပြန်ကြစို့ကွာ၊ ဘဲက တကွပ်ကွပ် မြည်တယ်၊ ”ကွပ်မျက်ပွဲ တက်စရာ ရှိသေးတယ်တဲ့။

အဖေက ကျနော့်ကို တီးတိုးပြောလာတယ်။ ဘဲသံနဲ့လူက လက်နက်ကိုင် ပြည်သူ့စစ် တပ်စုရဲ့ ခေါင်းဆောင်။ ပါတီအပေါ် သစ္စာဖောက်တဲ့သူတွေကို အမြစ်ဖြုတ်ဖို့ ခရိုင်အစိုးရကနေ သီးခြားတာဝန်ပေး ခန့်ထားတဲ့လူ၊ ဗိုလ်ကြီးဈာန်လို့ လူတွေ ခေါ်ကြတယ်တဲ့။

အရှေ့ဘက်မိုးကုပ်စက်ဝိုင်းမှာ ကောင်းကင်က ပန်းရောင် သန်းလာနေပြီ။ ထုပါးပါးနဲ့ ခပ်နိမ့်နိမ့် ပျံနေတဲ့ တိမ်တချို့ မြင်ကွင်းထဲ တဖြေးဖြေး ပေါ်လာတယ်။ မကြာခင် တိမ်တွေလည်း ပန်းရောင်သန်းသွားတော့ရဲ့။ အလင်းရောင်နဲ့ လင်းလင်းချင်းချင်း ဖြစ်လာတော့မှ ကျနော်တို့ ပုန်းနေတဲ့တဝိုက်က မြေကြီးပြင်မှာ တောင့်ခဲနေတဲ့ ခွေးချေးတုံးတွေရယ်၊ ဟိုဒီမွစာကြဲနေတဲ့ အဝတ်စုတ်တွေ၊ ဆံပင် အထွေးလိုက်တွေ၊ ပြီး ပဲ့ရွဲ့နေတဲ့ လူ့အရိုးခေါင်း တစ်ခွံရယ်ပါ မြင်လာရတယ်။ ခေါင်းခွံကြည့်ပြီး ကျနော့်မှာ ရွံလွန်းလို့ ခပ်ဝေးဝေး အကြည့်လွှဲလိုက်ရရဲ့။ မြစ်ချိုင့်က အရိုးတစ်ချောင်းလို ခြောက်သွေ့နေပြီး ဟိုတစ်ကွက်ဒီတစ်ကွက် ရေခဲဖုံးနေတဲ့ အိုင်တွေ၊ ဆင်ခြေလျှော အစွန်းတစ်ဝိုက် ပေါက်နေတဲ့ နှင်းပြောက်စိုစို ပေါင်းချုံတွေပဲ စိုစိုစိမ်းစိမ်း ရှိတယ်။ မြောက်လေက တစစ ငြိမ်သွားပြီ။ တာရိုးပေါ်က သစ်ပင်တွေလည်း အေးစက်စက်လေထုထဲမှာ တောင့်တောင့်ကြီးတွေ ရပ်လို့။ ကျနော် အဖေ့ဘက် လှည့်ကြည့်တယ်။ အဖေ အသက်ရှူနေတာ မြင်နေရတယ်။ အချိန်တွေက ရပ်နေတော့သလိုပဲ။ နောက်တော့ “အဲဒီမှာ သူတို့ လာနေပြီ၊အဖေ ပြောလာတယ်။

ရင်တုန်ချင်စရာ မောင်းထုသံနဲ့ ခပ်အုပ်အုပ် ခြေသံတွေကတစ်ဆင့် ကွပ်မျက်ရေးအုပ်စု တံတားထိပ် ရောက်လာပြီမှန်း သိလိုက်ရတယ်။ ပြီးတော့ အသံကွဲကြီး တစ်သံ ကြားလာရတယ်၊ “ဗိုလ်ကြီးဈာန်၊ ဗိုလ်ကြီးဈာန်၊ ကျနော် တစ်သက်လုံး လူကောင်းတစ်ယောက်လို နေလာတာပါဗျာ…

ဒါ မားကျူစန်းပဲ၊အဖေက တီးတိုးဆိုတယ်။

နောက်ထပ် အသံတစ်သံ၊ အသံက တုံးတိတိ၊  စိတ်လှုပ်ရှားပြီး အက်ကွဲနေတဲ့အသံမျိုး။ “ဗိုလ်ကြီးဈာန်၊ သနားပါဗျာ။ ကျနော်တို့ ရွာသူကြီး လုပ်မယ့်သူ ရွေးဖို့ မဲနှိုက်ခဲ့ကြတာပါ။ ကျနော်က မလုပ်ချင်ဘူး။ မဲနှိုက်တာမှာ ကံဆိုးချင်တော့ ကျနော်ပဲ ကံဆိုးသူမောင်ရှင် ဖြစ်ခဲ့ရတာပါ။ ဗိုလ်ကြီးဈာန်၊ သနားပါ၊ ကျနော့်ရဲ့ ခွေးတိရိစ္ဆာန်ဘ၀ကို ချမ်းသာပေးပါ…၊ ကျနော့်အိမ်မှာ အသက်ရှစ်ဆယ် အမေအိုကြီးလည်း ပြုစုစောင့်ရှောက်စရာ ရှိပါတယ်…

ဒါက လွန်ဖန်ရှန်း၊အဖေက တီးတိုးဆိုပြန်တယ်။

အဲဒီနောက်တော့ အသံဩဩတစ်သံ ထွက်လာပြန်တယ်၊ “ဗိုလ်ကြီးဈာန်၊ ရှင် ကျမတို့အိမ် ရွှေ့လာတော့ ကျမမှာ ကောင်းကောင်းမွန်မွန် ကျွေးမွေးခဲ့ရတယ်၊ ကျမတို့မှာရှိတဲ့ အကောင်းဆုံး ဝိုင်အရက်နဲ့ ရှင့်ကို ဧည့်ခံခဲ့တယ်။ ရှင် လိုအပ်ရာရာ ပြုစုဖို့ဆိုပြီး ကျမတို့ရဲ့ ဆယ့်ရှစ်နှစ်သမီးလေးကိုတောင် ပေးပြုစုခိုင်းခဲ့တာပဲ။ ဗိုလ်ကြီးဈာန်၊ ရှင့်မှာ သံလိုမာတဲ့ အသည်းမျိုး ရှိလိမ့်မယ် မထင်ပါဘူး။

ဒါ မားကျူစန်းရဲ့ မိန်းမတဲ့၊ အဖေက။

နောက်ဆုံးမှာတော့ မိန်းမတစ်ယောက်ဆီက “ဝူးလားဝါးလားအသံ ကျနော် ကြားရတယ်။

ဒါကတော့ လွန်ဖန်းရှန်ရဲ့ မိန်းမ၊ မိရွှေအပဲ၊ အဖေက တီးတိုးဆိုပြန်တယ်။

ဗိုလ်ကြီးဈာန်ဆီက တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေးလေသံနဲ့ ပြောလာသံ ကြားရတယ်၊ “ခင်ဗျားတို့တတွေ ဇာချဲ့ချင်ချဲ့၊ မချဲ့ချင်နေ၊ ကျနော်တို့ကတော့ ပစ်မှာပစ်မှာပဲ။ ဒီတော့ ခင်ဗျားတို့လည်း ဟိုအော်ဒီဟစ် လုပ်နေတာတွေ ရပ်တန်းက ရပ်လိုက်ရင် ကောင်းမယ်။ လူတိုင်း တစ်ချိန်ချိန်တော့ သေရမှာပဲ။ ခုလိုမျိုး စောစောစီးစီး ကိစ္စချောသွားတော့ ခင်ဗျားတို့လည်း တခြားတစ်ယောက်အဖြစ်နဲ့ ပြန်လာလို့ ရတာပေါ့။

မားကျူစန်းက လူအုပ်ဆီ အသံကျယ်ကျယ်နဲ့ ကြေငြာတယ်။ “အားလုံးသော လူကြီးလူငယ် မိတ်ဆွေအပေါင်းတို့။ ကျုပ် မားကျူစန်းဟာ မိတ်ဆွေတို့အပေါ် ဘယ်တုန်းကမှ ဘာအန္တရာယ်မှ မပြုခဲ့ဖူးပါဘူး။ ခုအချိန်မှာ ကျုပ်အတွက် တစ်ခုခု ဝင်ပြောပေးဖို့ မိတ်ဆွေတို့ကို တောင်းဆိုပါတယ်…

လူအတော်များများ ပွက်လောညံအောင် ဒူးထောက်လိုက်ကြပြီး အသည်းအသန် တောင်းပန်ကြတယ်။ “သနားပါ၊ ဗိုလ်ကြီးဈာန်ရယ်။ သူတို့ကို အသက်ရှင်ခွင့် ပေးလိုက်ပါ။ သူတို့က ရိုးရိုးသားသားလူတွေပါ။ သူတို့အကုန်လုံးပါပဲ။

ဆူညံဆူညံအသံတွေကြားထဲ ခပ်ရွယ်ရွယ် ယောက်ျားသံတစ်သံ အော်ပြောလာတယ်။ “ဗိုလ်ကြီးဈာန်။ ကျနော်တို့ ဒီခွေးယုတ်မာလေးကောင်ကို ဟောဒီတံတားပေါ်မှာပဲ လက်တွေ အောက်ထောက်ခိုင်းပြီး ကျနော်တို့ကို ကန်တော့ အကြိမ်တစ်ရာ လုပ်ခိုင်းရ မကောင်းဘူးလား၊ ပြီးရင် သူတို့ရဲ့ ခွေးသက်တွေကို ချမ်းသာပေးလိုက်မယ်၊ ကျနော် ပြောတာ ဗိုလ်ကြီးဈာန် ဘယ်လို သဘောရလဲ?”

ဂေါင်ရန်ရှန်း၊ မင်းစိတ်ကူး ပေါက်သမျှ ဒါအကုန်ပဲလား?” ဗိုလ်ကြီးဈာန်က ဟိန်းဟောက်သံနဲ့  ပြန်ပြောတယ်။ “မင်းက ဈာန်ကုဒ်ဆိုတဲ့ ငါလိုကောင်ကို အငြှိုးအတေးကြီးတဲ့ လူ့တိရိစ္ဆာန်ကြီးလို့များ ပြောချင်တာလား။ မင်းကြည့်ရတာ ဟောဒီတပ်စုမှာ အတော်ကြာကြာ ခေါင်းဆောင် လုပ်လာဖူးတဲ့အတိုင်းပဲ။ ကဲပါ…၊ ရွာသားတွေ၊ အားလုံး မတ်တပ် ပြန်ရပ်ကြ။ ခုလို ဒူးထောက်နေကြတာ အေးလွန်းပါတယ်။ သဘောကတော့ ရှင်းနေပြီးသားပဲ။ ခုချိန်မှာ ဘယ်သူမှ သူတို့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။ အားလုံး မတ်တပ်ပြန်ရပ်ကြ။

ရွာသားမိတ်ဆွေတို့ရေ၊ ကျုပ်အတွက် ဝိုင်းပြောပေးကြပါဗျာ၊မားကျူစန်းက တောင်းပန်ပြန်တယ်။

အလဟသတ်တွေ လုပ်မနေနဲ့တော့၊ အချိန် ကျပြီ၊ဗိုလ်ကြီးဈာန်က ကြားဖြတ်လိုက်တယ်။

အားလုံး ဘေးဖယ်၊ နေရာရှင်းပေးကြ၊ တံတားထိပ်နားက လူငယ်လေးငါးခြောက်ယောက်၊ လက်နက်ကိုင် ပြည်သူ့စစ်တပ်စုက ဖြစ်မှာ အသေအချာပဲ၊ သူတို့က ဒူးထောက်နေတဲ့ အရပ်သားတွေကို အဖယ်ခိုင်းပြီး တံတားပေါ် နေရာရှင်းနေကြတယ်။

ခဏနေတော့ မာကျူစန်းဆီက ကောင်းကင်ဆီ တိုင်တည်သံ ကြားရတယ်၊ “မိုးနတ်မင်း အဖိုးကြီး။ ခင်ဗျား ကန်းနေရော့သလား? မားကျူစန်းဆိုတဲ့ ကျုပ် တစ်သက်လုံး ကောင်းတာတွေ လုပ်ခဲ့သမျှ ခေါင်းထဲဝင်မယ့် ကျည်ဆန်ပဲ ပြန်ရသတဲ့လား။ ဈာန်ကုဒ်၊ ခွေးမသား။ မင်းလည်း အိပ်ရာထဲလှဲ အေးဆေးမသေစေရဘူး၊ မှတ်ထား၊ ခွေးမသား…

ကျည်ဆန်နဲ့တင်ပဲ ကျေနပ်ပေါ့လေ၊ မဟုတ်ရင် ခင်ဗျားက မိုးနတ်မင်းဆီက အဆိပ်ရည်တွေ တဖျောဖျော လောင်းချတာမျိုး ကြားချင်တာလား?” ဗိုလ်ကြီးဈာန်က မြည်တွန်တယ်။

ပြေးကပ်သွားတဲ့ခြေသံတွေ ကျနော်တို့အထက် တံတားပေါ်ဖြတ်သွားတယ်။ ကျောက်တုံးတွေကြား အက်ကြောင်းကွဲလေးတွေကတစ်ဆင့် လူတွေကိုပါ ရိပ်ခနဲ တွေ့လိုက်ရတယ်။

ဒူးထောက်၊တံတားတောင်ဘက်စွန်းကနေ တစ်ယောက်က အမိန့်ပေးတယ်။ “ဘေးဖယ်…၊ အားလုံး၊မြောက်ဘက်စွန်းက တစ်ယောက်က လှမ်းအော်တယ်။

ဖောင်း… ဖောင်း… ဖောင်း…၊ သံနတ်သံ သုံးချက် မြည်သွားတယ်။

သေနတ်ဖောက်သံတွေ နားစည်ထဲ ဝင်ပြီး အူသွားပုံများ ကျနော့်နားတွေ ပင်းသွားပြီလားတောင် ထင်လိုက်မိတယ်။ အဲဒီအချိန် နေလုံးက အရှေ့ဘက်မိုးကုပ်စက်ဝိုင်းအထက် တက်နေပြီ။ တိမ်တွေနားအထိ ဖြန့်ထိုးထားတဲ့ လျှပ်ပန်းရဲရဲတွေနဲ့ မိုးကုပ်စက်ဝိုင်းကို အနားသတ်ထားပုံက ဧရာမအကြီးစား ထင်ရှူးပင် ထိပ်ဖျားတွေအလားပဲ။ တံတားအပေါ်ဘက်ကနေ ထွားထွားမားမား လူရိပ်သဏ္ဍာန် တစ်ခု တလိမ့်ခေါက်ကွေး ဖြေးဖြေးချင်း လွင့်လာတယ်။ ရွေ့လျားနေပုံက တိမ်စိုင်တစ်ခု လွင့်လာသလိုမျိုး။ လူရိပ်သဏ္ဍာန်က အောက်က ရေခဲဖုံးနေတဲ့ မြေပြင်နဲ့ ရိုက်မိတော့ မူလအလေးချိန် ပြန်စီးပြီး ဝုန်းခနဲမြည် ရပ်သွားတယ်။ ခေါင်းထဲကနေ သွေးတွေ အတန်းသား စီးလို့။

တံတား မြောက်ဘက်ထိပ်မှာတော့ ၀ရုန်းသုန်းကားနဲ့ ကစဉ့်ကလျားတွေ ဖြစ်ကုန်ကြပြီ။ ကြည့်ရတာ ကွပ်မျက်ပွဲ လာကြည့်ဖို့ ဖိအားပေး ဆင့်ခေါ်ခံထားရတဲ့ ရွာသားတွေ အလန့်တကြား လူစုခွဲနေကြတဲ့ပုံပဲ။ ထွက်သွားတဲ့ လူတွေနောက် လက်နက်ကိုင် ပြည်သူ့စစ် တပ်စုက လိုက်နေတဲ့ပုံတော့ မပေါ်ဘူး။

နောက်တစ်ကြိမ် တံတားမြောက်ခြမ်းကနေ တောင်ခြမ်းဆီ  ခြေသံတွေ ဖြတ်သွားပြန်တယ်။ “ဒူးထောက်၊ တံတားတောင်ဘက်ထိပ်က အော်၊ “ဘေးဖယ်ကြမြောက်ဘက်ကလည်း လှမ်းအော်တယ်။ သေနတ်သံ သုံးချက်။ ပြီး လွန်ဖန်ရှန်းရဲ့ ခန္ဓာကိုယ်ကြီး ဦးထုပ်မပါ၊ ဖာရာဗလပွ ကုတ်အင်္ကျီစုတ်ကြီး ဝတ်လို့၊ မြစ်ကမ်းနဖူးကနေ စောက်ထိုးမိုးမျှော် လွင့်ကျလာတယ်။ ပထမ မားကျူစန်းကိုယ်ပေါ် ဝင်ဆောင့်၊ နောက်တော့ ဘေးဘက် လိမ့်သွားတယ်။

အဲဒီနောက်မှာတော့ အရာရာဟာ အတော့်ကို ရိုးရိုးစင်းစင်း ဖြစ်သွားတယ်။ အရင်ဆုံး သေနတ်သံ တရစပ် ထွက်လာ၊ ပြီးတော့ ကိုးရို့ကားယား မိန်းမအလောင်းနှစ်လောင်း ခြေတွေလက်တွေ လေထဲ ဝဲရင်း ပြုတ်ကျလာ၊ နောက် သူတို့ယောက်ျားတွေ အလောင်းတွေပေါ် ဝင်ဆောင့်လာတာ တွေ့ရတယ်။

ကျနော်လည်း အဖေ့လက်မောင်းကို ခပ်တင်းတင်း ဆုပ်ထားမိတယ်။ ကျနော့်ဘောင်းဘီ အဖာတွေနဲ့ သွားထိမိတော့ အဖေ့ကိုယ်က နွေးတစ်ဝက် စိုတစ်ဝက်။

ကျနော်တို့ ခေါင်းပေါ်တည့်တည့် တံတားပေါ်မှာ အနည်းဆုံး လူဒါဇင်ဝက်လောက် ဆက်ရပ်နေကြတုန်း။ သူတို့ကိုယ်အလေးချိန်နဲ့ ကျောက်ခင်းကြမ်းပြင်ကြီး ကျနော်တို့အပေါ် ပိကျလာလေမလားတောင် ထင်ရမိတယ်။ မိုးခြိမ်းသလို အော်သံဟစ်သံတွေက နားကန်းမတတ်။ “အလောင်းတွေ သွားစစ်ကြည့်ကြဦးမလား၊ ဗိုလ်ကြီး?”

သောက်ရေးလုပ်ပြီး ဘာလို့ သွားစစ်နေမှာတုံး။ ဒင်းတို့ဦးနှောက်တွေတောင် ပွစာကြဲထွက်နေမှ။ ခုချိန် သိကြားမင်းကိုယ်တိုင် ဆင်းလာတောင် ဒင်းတို့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။

သွားစို့။ အဖိုးကြီးဂုအိုမိန်းမဆီမှာ တိုဟူးရေစိမ်နဲ့ ဆီကြော်မုန့်တွေ ငါတို့ကို စောင့်နေလောက်ပြီ။

သူတို့ တံတားပေါ် ဖြတ်ပြီး မြောက်ဘက်ဆီ ဦးတည်ထွက်သွားကြတယ်။ ခြေလှမ်းတွေ ကြားရတာ နှင်းထုတွေ ပြိုကျနေသံနဲ့တောင် တူသေးရဲ့။ ကျောက်ခင်းကြမ်းပြင်က တလှုပ်လှုပ်နဲ့ တအိအိ မြည်လို့၊ အချိန်မရွေး ပြိုကျလာတော့မလိုပဲ။ ကျနော်တော့ အဲဒီလို ထင်နေမိတာပဲ။

တိတ်ဆိတ်မှု ပြန်ရောက်လာတယ်။

အဖေက ကျနော့်ကို တံတောင်နဲ့ တွန်းပြီး “အဲဒီနားတင် ရူးသလိုပေါသလို ရပ်မနေနဲ့။ လုပ်ငန်းစကြစို့တဲ့။

ကျနော်လည်း ပတ်ချာလည် လှည့်ကြည့်မိတယ်။ အဖေပြောတာ ဘာအဓိပ္ပာယ်ရယ် နားမလည်ဘူး။ ကိုယ့်အဖေကိုယ်တောင် ရင်းနှီးသလိုလို ရှိပြီးတော့မှ ဘယ်သူဘယ်ဝါ မမှတ်မိချင်တော့သလိုပဲ။

ဟင်?” ကျနော် ဒီလောက်ပဲ ပြန်ပြောနိုင်တယ်။ “ဟင်?”

မင်း မေ့နေပြီလားကွ?” တဲ့၊ အဖေက။ “ငါတို့ ဒီလာတာ မင်းအဖွားအတွက် ကုစရာဆေး လာယူတာလေကွာ။ မြန်မြန်လှုပ်ရှားမှ ဖြစ်မယ်။ မကြာခင် အလောင်းလုစားမယ့်ကောင်တွေ ပေါ်လာတော့မှာ။

အဖေ ပြောတဲ့စကားတွေ ကျနော့်နားထဲ ပဲ့တင်ထပ်နေတုန်း ရှိသေး၊ ခွေးအရိုင်းအစိုင်း ခုနှစ်ကောင်၊ ရှစ်ကောင်လောက် ကျနော် လှမ်းတွေ့လိုက်တယ်။ အရောင်တွေက မျိုးစုံ၊ ရှည်လမျောမျော သူတို့အရိပ်တွေက မြစ်ကြမ်းပြင်မှာ တရွတ်တိုက်ဆွဲလို့၊ ကျနော်တို့ရှိရာ ဦးတည်လာနေတာ။ ခွေးတွေ ကျနော်တို့ကို ဝိုင်းဟောင်တယ်။ ဒီကောင်တွေ ပထမ သေနတ်သံ ကြားတုန်းက ကြောက်ဟောင်ဟောင်ပြီး ဘယ်တွေ လှည့်ပြေးကုန်ကြပါလိမ့်၊ ကျနော် တွေးနေမိတယ်။

အဖေ အုတ်ခဲအပဲ့အရွဲ့တွေ ကန်ရင်းကျောက်ရင်း အနားလာတဲ့ ခွေးတွေကို မောင်းထုတ်နေတာ တွေ့ရတယ်။ ခွေးတွေ လှစ်ခနဲ ဘေးကို ရှဲသွားရဲ့။ ပြီးတော့ အဖေက သူ့ကုတ်အင်္ကျီထဲက သားလှီးဓား ထုတ်လာပြီး လေထဲ ဝှေ့ရမ်းရင်း ခွေးတွေကို လှမ်းခြောက်တယ်။ ငွေရောင်အလင်းတန်း ကွေးကွေးလေး သူ့အရိပ် မည်းမည်းပတ်လည်မှာ တဖြတ်ဖြတ် လက်လို့ရယ်။ အဲဒီအချိန် ခွေးတွေ ခပ်လှမ်းလှမ်း ရောက်သွားကြပြီ။ အဖေက ခါးစည်းခါးပတ်ကို ခါးမှာ တင်းတင်းပတ်ပြီး အင်္ကျီလက်မောင်းတွေကို  ခေါက်တင်တယ်။ “ငါ့ တစ်ချက် ကြည့်ထားပေး” တဲ့။

လင်းယုန်တစ်ကောင် သားကောင်သုတ်သလိုမျိုး အဖေ မိန်းမအလောင်းတွေကို အဝေးကို ဆွဲထုတ်သွားတယ်။ ပြီး မားကျူစန်းကို ပက်လက်လန်အနေအထား ဖြစ်အောင် လှိမ့်ယူတယ်။ ပြီးတော့ ဒူးထောက်ပြီး အလောင်းကို ကန်တော့နေရဲ့။ “သခင်လေးမားတဲ့၊ သူက သံတိုးကလေးနဲ့ အတည်အတန့် ဆိုတယ်။ “သစ္စာရှိမှုတို့၊ သားသမီး၀တ္တရား နားလည်မှုတို့မှာလည်း သူ့အကန့်နဲ့သူ ရှိပါတယ်။ သခင်လေးကို ဒီလိုမျိုး လုပ်ရတာ ကိုယ့်ကိုယ်ကိုလည်း မုန်းမိပါတယ်။

မားကျူစန်း လက်တွေဆန့်လာပြီး သွေးသံရဲရဲ သူ့မျက်နှာကိုသူ သပ်လိုက်တာ တွေ့လိုက်ရတယ်။ “ဈာန်ကုဒ်၊ မင်း အိပ်ယာထဲ လှဲပြီး အေးဆေး မသေစေရဘူး၊ပြုံးယောင် သန်းရင်း သူ ဆိုတယ်။

အဖေက လက်တစ်ဖက်နဲ့ မားကျူစန်း သားရေကုတ်အင်္ကျီက ကြယ်သီးကို ဖြုတ်ဖို့ လုပ်တယ်။ ဒါပေမဲ့ အတော်ကို ကတုံကယင် ဖြစ်နေပြီး သူ့မှာ ဘယ်လိုမှ ဖြုတ်မရဘူး။ “ဟေ့.. သားလေး၊ ဓားကိုင်ထား ပေးစမ်း၊အဖေ လှမ်းပြောလာသံ ကြားရတယ်။

ကျနော် မှတ်မိသလောက် ကျနော် ဓားကိုင်ဖို့ လက်လှမ်းလိုက်တဲ့အချိန် အဖေက ဓားကို သူ့ပါးစပ်ဖျားမှာ ကိုက်ထားနှင့်ပြီ။ တစ်ဘက်ကလည်း အောက်ငုံ့တဲ့ပြီး မာကျူစန်းရင်ဘတ်က ကြယ်သီးဝါဝါတွေကို ဖြုတ်ဖို့ လုပ်လို့။ ကြယ်သီးတွေက ရွှေဝါရောင် ဝိုင်းဝိုင်းလေးတွေ။ ပဲလွန်းစေ့အရွယ်လေးတွေပဲ။ တပ်ထားတဲ့ အင်္ကျီကြယ်သီးကွင်းတွေကနေ ချွတ်ထုတ်ဖို့က လွယ်မယ့်ပုံ မပေါ်ဘူး။  အဖေလည်း အတော်ကြီး စိတ်မရှည် ဖြစ်လာပုံနဲ့ ကြယ်သီးတွေ ပြုတ်ထွက်အောင် ဆွဲဆုတ်ရင်း ကုတ်အင်္ကျီကို ဇတ်ခနဲ ဖွင့်လိုက်တယ်။ အထဲမှာ ခံဝတ်ထားတဲ့ အဖြူရောင် ဆိတ်သားရေအတွင်းခံ ပေါ်လာတယ်။ နုနုအိအိ စွပ်ကျယ်လိုဟာမျိုးပဲ၊ အဲဒီမှာလည်း အလားတူ ကြယ်သီးတွေ တပ်ထားပြန်တယ်။ အဖေရယ် ကြယ်သီးတွေအကုန် ဆွဲဆုတ်ပြန်တယ်။ စွပ်ကျယ်ပြီးတော့ ထပ်ပေါ်လာတာက အနီရောင်ပိုးထည် ဗိုက်ဖုံးအင်္ကျီ။ အဖေ့ဆီက ဒေါသတကြီး သက်ပြင်း မှုတ်ထုတ်သံ ကြားရတယ်။ ကျနော့်မှာလည်း ဒီအသက်ငါးဆယ်ကျော် ၀ဖိုင့်ဖိုင့်အဖိုးကြီးတစ်ယောက်က ပုံမှန် ဝတ်စားနေကျ အဝတ်အစားတွေအောက်မှာ ဆန်းဆန်းပြားပြား ဝတ်ကောင်းစားလှတွေ ဆင်ထားရကောင်းလား ဆိုပြီး တကယ် တအံ့တဩ ဖြစ်မိတယ်။ အဖေ့ပုံစံက အတော်ကြီးကို ဒေါကန်နေပြီ။ ဗိုက်ဖုံးအင်္ကျီကို အလောင်းကနေ ဆွဲဆုတ်ပြီး ဘေးဘက် ပစ်ပေါက်လိုက်တယ်။ နောက်ပိတ်ဆုံးတော့  မားကျူစန်းရဲ့  ဗိုက်ခုံးကြီးနဲ့  ရင်အုံချပ်ချပ်က ဟင်းလင်းပွင့် ပေါ်လာတယ်။ အဖေ လက်တစ်ဖက် လှမ်းလိုက်ပြီးတော့မှ နောက်တော့ ခြေချထားတဲ့ဘက် ခုန်လိုက်တယ်။ သူ့မျက်နှာမှာ ရွှေရောင်တောက်လို့။ “သားလေး၊ သူ နှလုံးခုန်နေသေးလား၊ စမ်းကြည့်စမ်း တဲ့။

ကျနော် လက်တစ်ဖက် လှန်ပြီး မားကျူးစန်းရင်ဘတ်ပေါ် တင်ထားလိုက်တာ၊ ပြန်မှတ်မိနေတယ်။ သူ့နှလုံးက ယုန်တစ်ကောင် နှလုံးခုန်သလောက်တောင် မသန်တော့ဘူး။ မသန်ပေမဲ့ ခုန်တော့ ခုန်နေတုန်း။

သခင်လေး မား၊ အဖေက ဆိုတယ်၊ “သခင်လေးရဲ့ ဦးနှောက်တွေလည်း မြေကြီးပေါ် ပြန့်ကြဲနေပြီ။ သခင်လေးကို သိကြားမင်း ဆင်းကယ်တောင် ကယ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ ကျနော့်ကိုသာ မိဘကျေးဇူး သိတတ်တဲ့ သားတစ်ယောက် ဖြစ်ဖို့ ကူညီပါတော့ဗျာ။

အဖေလည်း သွားကြားထဲက ဓားကို ယူလိုက်ပြီးတော့ မားကျူစန်းရင်အုံနားတဝိုက် အထက်အောက် ရာရင်းက လှီးကောင်းမယ့်နေရာ ရှာတယ်။ သူ ဓားကို အောက်စိုက်ချလိုက်တာ တွေ့ရတယ်။ ဒါပေမဲ့ အရေပြားက အရာမထင်ဘဲ ရော်ဘာဘီးလိုမျိုး ပြန်ကန်ထွက်လာတယ်။ နောက်တစ်ချက် ထပ်ထိုးတော့လည်း ရလာဒ်က ထိုနည်းလည်းကောင်းပဲ။ အဖေ ဒူးထောက်လိုက်တယ်။ “သခင်လေးမား၊ သခင်လေး သေဖို့ မသင့်ဘူးဆိုတာ ကျနော် သိပါတယ်။ ဘာပဲဖြစ်ဖြစ် သခင်လေး အရိုးတွန်စရာ ရှိရင် ဗိုလ်ကြီးဈာန်ဆီသာ သွားတွန်ပါ။ ကျနော့်ဆီတော့ မတွန်ပါနဲ့။ ကျနော်က သားလိမ္မာတစ်ယောက် ဖြစ်ဖို့အရေး လုပ်နေရတာ သက်သက်ပါ။

အဖေ့မှာ ဓားနဲ့ နှစ်ခါပဲ စိုက်ဖို့ လုပ်ရသေး၊ နဖူးတပြင်လုံး ချွေးတွေ ရွှဲနေပြီ။ သူ့မေးအောက် မုတ်ဆိတ်ငုတ်တွေမှာက ရေခဲငွေ့တွေနဲ့ ဖြူဖွေးလို့။ ခွေးစုတ်တွေကလည်း ကျနော်တို့နဲ့ နီးသထက်နီးရာ တရွေ့ရွေ့ လာနေပြီ။ ဒင်းတို့မျက်လုံးတွေက မီးကျည်းခဲတွေလို ရဲလို့၊ ဂုတ်ပေါ်က အမွေးတွေက ဖြူဆူးတွေလို တထောင်ထောင်၊ ခွေးစွယ်ချွန်ချွန်တွေကလည်း ဖွေးလို့ရယ်။ ကျနော်လည်း အဖေ့ဘက်လှည့်ပြီး “မြန်မြန်လုပ်၊ ခွေးတွေ လာနေပြီ၊ပြောလိုက်တယ်။

အဖေ မတ်တပ် ထရပ်တယ်။ ဓားကို ခေါင်းပေါ်တည့်တည့် ဝှေ့ရမ်းရင်း ခွေးရိုင်းကောင်တွေဆီ ပြေးလိုက်တယ်။ ကြည့်ရတာ အရူးတစ်ယောက်အတိုင်းပဲ။ ခွေးတွေလည်း မြားတစ်ပစ်စာဝက်လောက် အဝေးကို ဆုတ်သွားကြတယ်။ ပြီးတော့ အဖေ အသက်တောင် မရှူနိုင်ဘဲ ပြန်ပြေးလာပြီး ခပ်ကျယ်ကျယ် အော်ပြောတယ်၊ “သခင်လေး၊ သခင်လေးအလောင်းကို ကျနော် လှီးမဖွင့်လည်း ဟောဒီခွေးတွေ သွားတွေနဲ့ ကိုက်ဖွင့်ကြမှာပဲ။ ခွေးတွေ ကိုက်ဖွင့်တာထက် စာရင် ကျနော် လုပ်တာကမှ တော်ဦးမယ် ထင်ပါတယ်။

အဖေ့မေးရိုးတွေက တင်းနေပြီး မျက်လုံးတွေလည်း ပြူးထွက်နေတယ်။ အဖေ သန္နိဋ္ဌာန် လုံးလုံး ချလိုက်တဲ့ ပုံစံနဲ့ သူ့လက်ကို အောက်စိုက်ချလိုက်တယ်။ စွပ်ခနဲ မြည်သံနဲ့အတူ ဓားက မားကျူစန်းရင်အုံထဲ ခွဲဝင်သွားပြီး ဓားရိုးရင်းထိ မြုပ်သွားရဲ့။ အဖေ ဓားကို ဘေးဘက်ကို တွန်းလှည့်တယ်။ မဲပုပ်ပုပ်သွေးတွေ အကြောင်းလိုက် စီးလာတယ်။ ဒါပေမဲ့ နံရိုးချိုင့်နားရောက်တော့ ဆက်လှုပ်ရှား မရတော့ဘူး။ “ငါ စိတ်မရှည်ချင်တော့ဘူး၊ဓားကို ဆွဲထုတ်ရင်း အဖေ ပြောတယ်။ ဓားသွားကို မားကျူစန်း သားရေးကုတ်မှာ သုတ်လိုက်ပြီး ဓားရိုးကို မြဲမြဲဆုပ်၊ ရင်အုံကို ထိုးဖွင့်တယ်။

တဗြုတ်ဗြုတ်အသံဗလံတွေ ညံနေအောင် ကြားနေရတော့ရဲ့။ ကျနော် ကြည့်နေတုန်း ဓားသွားက အရေပြားအောက်က အဆီအထပ်ထပ် တစ်ရှူးတွေထဲ လှီးဖြတ်ဝင်သွားတယ်။ ဝါကျင်ကျင် အူသိမ်တွန့်တွန့်တွေ အဝမှာ ပေါ်လာတယ်။ မြွေတစ်ကောင်လိုပဲ။ ငါးရှဉ့်အုပ်ကြီးအလားပဲ။ ပူနွေးနွေး ညှီစို့စို့အနံ့တွေ နံဟောင်လို့။

အူသိမ်တွေ လက်ထဲအဆုပ်လိုက်ကိုင်ရင်း မွှေနှောက်ရှာနေတဲ့ အဖေပုံစံက အတော့်ကို စိတ်မရှည် ဖြစ်နေတဲ့ လူတစ်ယောက်လိုပဲ။ ဆွဲလိုက်၊ ဆောင့်လိုက်၊ ဆဲလိုက်၊ ဆိုလိုက်၊ နောက်ဆုံးတော့ အူတွေ ကုန်သွားပြီး မာကျူစန်းမှာ ဗိုက်ဟောင်းလောင်းပဲ ကျန်တော့တယ်။

ဘာရှာနေတာတုံး အဖေက?” ကျနော် စိတ်စောစောနဲ့ အဖေ့ကို မေးလိုက်တာ၊ ပြန်အမှတ်ရတယ်။

သည်းခြေအိတ်၊ သောက်ရေးထဲ သူ့သည်းခြေအိတ်က ဘယ်နားရောက်နေလဲ မသိဘူး?”

အဖေလည်း ဗိုက်သားကို ခွဲဖြတ်ပြီး ဟိုဒီ မွှေနှောက်ရှာရင်းက သူ့လက်က နှလုံးနား ရောက်သွားတယ်။ နှလုံးက အကောင်းအတိုင်း ရှိနေပြီး နီရဲလို့။  ပြီးတော့ သူ အဆုပ်တွေကို ဆွဲထုတ်လိုက်တယ်။ နောက်ဆုံးတော့ ကျောက်ကပ်နဲ့ ကပ်လျက်နားမှာ ကြက်ဥလုံးလောက်ရှိတဲ့ သည်းခြေအိတ်ကို သွားတွေ့တော့တယ်။ အဖေ အသေအချာ သတိထားပြီး အသည်းကနေ သည်းခြေအိတ်ကို ဓားဦးနဲ့ ဖြတ်ထုတ်တယ်။ ပြီးတော့ သည်းခြေအိတ်ကို သူ့လက်ဖဝါးပေါ် တင်ပြီး သေသေချာချာ စစ်ဆေးကြည့်လိုက်သေးရဲ့။ သည်းခြေအိတ်က စိုစိစိနဲ့ ချောထွက်နေပြီး နေရောင်အောက်မှာ ပြောင်လက်လို့။ ခရမ်းရောင် ကျောက်စိမ်းပြောင် တစ်တုံးလိုပဲ။

အဖေက သည်းခြေအိတ်ကို ကျနော့်ဆီ ကမ်းလိုက်တယ်။ “သေချာကိုင်ထား၊ ငါ လွန်ရှန်ဖန်း သည်းခြေအိတ် ထုတ်လိုက်ဦးမယ်တဲ့။

ဒီတစ်ခါတော့ အဖေ လုပ်ပုံကိုင်ပုံက တကယ့်သမ္ဘာရင့် ခွဲစိတ်ဆရာဝန်တစ်ယောက်အတိုင်းပဲ။ ကျွမ်းကျင်၊ မြန်ဆန်ပြီး အကုန် အတိအကျ။ ပထမဆုံး လွန်ဖန်ရှန်းခါးက လျှော်ကြိုးကို ဖြတ်တယ်။ အဲဒီလျှော်ကြိုးက လွန်ဖန်ရှန်း ဝယ်ပတ်နိုင်သမျှအကုန် ခါးပတ်ကြိုး။ ပြီးတော့ ကုတ်အင်္ကျီအစုတ်ကို ရှေ့ကနေ ဖွင့်တယ်။ ပိန်ညှစ်ညှစ် အရိုးပြိုင်းပြိုင်း ရင်ဘတ်ကို ခြေထောက်နဲ့ မြဲနေအောင် နင်းထားပြီး လေးငါးချက် ခပ်သွက်သွက် လှီးတယ်။ ပြီးတော့ သူ့လက်မှာ လာငြိနေတဲ့ အပိတ်အဆို့တွေအကုန် ရှင်းထုတ်။ ပြီးတော့ မက်မွန်သီးအကြီးစား အစေ့လို ခပ်ဆင်ဆင် လွန်ဖန်ရှန်းရဲ့ သည်းခြေအိတ်ကို ထုတ်ယူလာတော့တယ်။

သွားကြတော့စို့။ အဖေက ပြောတယ်။

ကျနော်တို့လည်း မြစ်ကမ်းနဖူးကနေ တက်လာကြတယ်။ ခွေးတွေကတော့ အူသိမ်အလိပ်လိပ်ကို ဝိုင်းလုရင်း ကျန်ခဲ့ကြလိမ့်။ နေလုံးကြီးအနားပတ်လည်မှာ အနီရောင် တစ်စွန်းတစ်စပဲ ကျန်တော့တယ်။ နေရောင်ခြည် စူးစူးက မြေပြင်ပေါ် ရှိရှိသမျှ ကြီးကြီးငယ်ငယ် အရာအားလုံးအပေါ် ဖိတ်ကျလို့။

အဖွားမှာ အတွင်းတိမ်တွေ အတော်ကြီး ရင့်နေတဲ့အကြောင်း၊ ပျောက်စေဆရာ လိုဒါရှန်းက ပြောသွားတာ။ သူ့ခန္ဓာမူလသုံးခေါင်းမှာ တေဇောဓာတ် လွန်ကဲရာက ရောဂါ ဖြစ်ရတာတဲ့။ ဒီရောဂါကို ကုဖို့ဆိုရင် အင်မတန်အေး၊ အင်မတန်ခါးတဲ့အရာ တစ်ခုခု လိုသတဲ့။ အဖေက ဆေးနည်းတစ်ခုခု ညွှန်းပေးသွားဖို့ တောင်းပန်တဲ့အချိန် ဆေးဆရာက ကြမ်းခင်းထိနေတဲ့ သူ့ကုတ်အင်္ကျီကြီးကို ကလနားကွပ်က မရင်း အိမ်ပြင် ထွက်ဖို့ ပြင်နေပြီ။

အင်း… ဆေးနည်းညွှန်ရမယ် ဟုတ်လား? ပျောက်စေဆရာ လိုဒါရှန်းက အဖေ့ကို ပြောတယ်။ ဝက်သည်းခြေအိတ် ရှာပြီး ညှစ်ရတဲ့အရည်ကို အဖွားကို တိုက်လိုက်၊ ဒါဆိုရင်တော့ အဖွားရဲ့ မျက်လုံးတွေ အနည်းအပါး ပြန်ကြည်လာမှာတဲ့။

ဆိတ်သည်းခြေအိတ်ဆိုရင်ကော?” အဖေက မေးတယ်။

ဆိတ်လည်း အဆင်ပြေတာပဲ၊ဆေးဆရာက ပြန်ပြောတယ်။ “ဝက်ဝံလည်း ဖြစ်တာပဲ။ တကယ်လို့ ခုနေ ခင်ဗျားလက်ထဲ လူ့သည်းခြေအိတ်သာ ရလာလို့ကတော့၊ ဟား.. ဟား..။ ဘာပြောကောင်းမတုံး။ ခင်ဗျားအမေကြီး အမြင်အာရုံတွေ အကောင်းပကတိ ပြန်ဖြစ်လာရင်တောင် အံ့ဩစရာ မရှိဘူး။

အဖေလည်း မားကျူစန်းနဲ့ လွန်ဖန်ရှန်း သည်းခြေအိတ်တွေထဲက အရည်ကို လဘက်ရည်ပန်းကန် တစ်လုံးထဲ ညှစ်ချတယ်။ ပြီး လက်နှစ်ဖက်နဲ့ ကိုင်ရင်း အဖွားကို ကမ်းပေးလိုက်တယ်။ အဖွားက ခွက်ကို နှုတ်ခမ်းနား မြှောက်ယူလာပြီး အထဲက အရည်ကို လျှာဖျားနဲ့ တို့ကြည့်တယ်။ “ဂေါင်ဇီးတို့အဖေ၊ သည်းခြေက အင်မတန် ခါးလှချည့်ရဲ့။ ဘာကောင်တွေဆီကများ ရလာသတုံး?”

မားကောင်နဲ့ လွန်ကောင်ဆီက သည်းခြေပဲ အမေ၊အဖေက ပြန်ဖြေတယ်။

မားကောင်နဲ့ လွန်ကောင်… ဟုတ်စ? မား (မြင်း)ကတော့ ဟုတ်ပါပြီ၊ လွန်က ဘာတုံး?”

ကျနော်လည်း ကျနော့်ကိုကျနော် အောင့်မထားနိုင်တော့ဘဲ ကြားဝင်ပြောလိုက်တယ်၊ “အဖွား၊ ဒီဟာတွေက လူ့သည်းခြေတွေ။ မားကျူစန်းနဲ့ လွန်ဖန်ရှန်းဆီက ရလာတာ။ အဖေကိုယ်တိုင် သူတို့သည်းခြေအိတ်တွေကို ကလော်ထုတ်လာတာလေ။

အဖွား အီခနဲ တစ်ချက်အော်တယ်၊ ပြီး အုတ်စီကုတင်ပေါ် နောက်ပြန်လဲပြီး ကျောက်တုံးတစ်တုံးလို အသက်ပျောက်သွားတော့ရဲ့။

......................
တရုတ်စာရေးဆရာ  Mo Yan ၏ The Cure ကို ကျော်ဘသစ် ဘာသာပြန်သည်။

Comments

နောက်ထပ်ဖတ်လိုလျင်

ရှီနာဂါဝါမျောက်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်များ

ဗုဒ္ဓဝါဒီ

အိပန်နီမာက ကောင်မလေး