ဆေးမြီးတို
ဆေးမြီးတို အဲဒီနေ့လယ်က လက်နက်ကိုင် ပြည်သူ့စစ် တပ်စုက မားကျူစန်း အိမ်ရှေ့ ထုံးဖြူသုတ်နံရံမှာ သတိပေးစာတစ်စောင် ကပ်လာတယ်။ စာက လမ်းမဘက် လှည့်လို့။ နောက်နေ့မနက်မှာ ခါတိုင်း စီရင်နေကျ ဂျောင်မြစ် တောင်ဘက်ခြမ်း တံတားထိပ်မှာ ကွပ်မျက်မှုတွေ စီရင်မယ့်အကြောင်း၊ ရွာသူရွာသား ကျန်းမာသန်စွမ်းသူ အကုန် သင်ခန်းစာ ယူနိုင်ဖို့အတွက် မဖြစ်မနေ တက်ရောက်ကြဖို့အကြောင်း ကြေငြာထားတာ။ အဲဒီနှစ်ကတော့ ကွပ်မျက်တာတွေကလည်း များတော့ လူတွေက စိတ်ဝင်စားမှု နည်းကုန်ကြပြီ။ ဒါနဲ့တင် ရွာသားအားလုံး မတက်မနေရ၊ စည်းမျဉ်းထုတ်ပြီး လူအုပ်ကို ဆွဲခေါ်နေရတော့တာ။ အဖေ အိပ်ရာက ထပြီး ပဲဆီမီးခွက်လေး ထွန်းနေတဲ့အချိန် တစ်ခန်းလုံး မဲမှောင်နေတုန်း ရှိသေးတယ်။ အဖေက အပေါ်အင်္ကျီ အစင်းကြားကြီး ကောက်ဝတ်ပြီး ကျနော့်ကို အိပ်ရာက ထဖို့ နှိုးတယ်။ ရာသီဥတုက အတော်ကြီး အေးတော့ ကျနော်ကတော့ စောင်နွေးနွေးအောက် ဆက်ကွေးနေချင်သေးတာ။ နောက်ဆုံး အဖေက စောင်တွေ ဆွဲချပြီး “ထတော့ ” တဲ့၊ “လက်နက်ကိုင် ပြည်သူ့စစ်တပ်စုက ကိစ္စဝိစ္စကို စောစောစီးစီး အပြီးသတ်ချင်နေတာ။ နောက်ကျတာနဲ့ ငါတို့ အခွင့်အရေး လက်လွတ်ကုန်မှာ ” တဲ့။ ကျနော်လည်း အဖေနဲ့အတူ ဂိတ်ပေါက်အပြင်ဘက်...