သတို့သမီးပျံ
သတို့သမီးပျံ
ကောင်းကင်နဲ့မြေကြီး ကန်တော့ပြီးတော့ လူကောင်ထွားထွား၊ အသားမည်းမည်း ဟုံရှီးတစ်ယောက် စိတ်တွေ ကြွနေပုံက ထိန်းမနိုင်သိမ်းမရ။ သတို့သမီးမျက်နှာ ပုဝါခြုံထားတော့ မျက်နှာကတော့ ကွယ်နေတယ်။ သို့ပေမဲ့ သူ့ရှည်သွယ်သွယ် လက်မောင်းလေးတွေရယ်၊ သိမ်လျလျ ခါးကလေးရယ် မြင်တာနဲ့ သူ့သတို့သမီးက ဂျောင်ကျိုးနယ် မြောက်ခြမ်းက မိန်းမတွေထက် အပုံကြီးသာမှန်း သိသာပြီးသား။ ဟုံရှီးက အသက်လေးဆယ်ပြီ၊ ကျောက်ပေါက်မာ ထူလပျစ်နဲ့၊ ဂေါင်မီးနယ် အရှေ့မြောက်တလွှား ရပ်ကျော်ရွာကျော် လူပျိုကြီး။ မကြာခင်ကမှ သူ့အမေအိုကြီးက ဟုံရှီးကို ယန်ယန်နဲ့ လက်ထပ်ဖို့ စီစဥ်တယ်၊ အပြန်အလှန်အနေနဲ့ ဂေါင်မီးအရှေ့မြောက်နယ် တလွှား၊ အလှပဂေး စာရင်းဝင် သူ့ညီမလေး ယင်ဟွားက ယန်ယန့်အစ်ကို ရွှေအတစ်ယောက်နဲ့ ယူရမှာ။ ဟုံရှီးကတော့ သူ့ညီမလေး ခုလို စတေးပေးတဲ့အပေါ် နက်နက်ရှိုင်းရှိုင်း ခံစားမိရဲ့၊ သူ့ညီမလေး ရွှေအအတွက် ကလေးတွေ မွေးပေးရတော့မယ့်အကြောင်း ခေါင်းထဲ ၀င်လာတော့ သူ့မှာ စိတ်လှုပ်ရှားမှု အဖုံဖုံ ကြားထဲကမှ “ငရွှေအ၊ မင်း ငါ့ညီမလေး ဒုက္ခပေးလို့ကတော့ မင့်ညီမလည်း ငါနဲ့ အတွေ့ပဲ” ဆိုပြီး သူ့သတို့သမီးလေးအပေါ် စိတ်ရိုင်းလေးပါ ဝင်နေသေးတယ်။
နေမွန်းတိမ်းတော့ ဟုံရှီးရဲ့ ဇနီးသစ်ကလေး မင်္ဂလာခန်းဆောင်ထဲ ဝင်သွားတယ်။ သတို့သမီး အုတ်ကုတင်စွန်း ထိုင်လာတဲ့အချိန် အကွယ်က ချောင်းဖို့ နောက်တောက်တောက် ချာတိတ်တစ်သိုက်က ပန်းရောင်စက္ကူကပ် ပြူတင်းပေါက်မှာ အပေါက်လေးတွေ ဖောက်ထားပြီးသား။ အိမ်နီးနားချင်း မိန်းမကြီး တစ်ယောက်က ဟုံရှီးကို ပုခုံး ပုတ်တဲ့ပြီး “ကျောက်ကြီး၊ မင်းကတော့ အတော်ကံကောင်းတဲ့မောင်။ နုနုရွရွ ကြာဖူးလေးတစ်ဖူး မင်း ရလိုက်တာ။ ညင်ညင်သာသာ ကိုင်တွယ်နော၊” ခပ်ထေ့ထေ့ ဆိုလာတယ်။
ဟုံရှီးကတော့ ဂဏာမငြိမ်သလို ဘောင်းဘီကို ဟိုဒီ ရမ်းရင်း ကျဲကျဲကြီး လုပ်လို့။ သူ့မျက်နှာပေါ်က ကျောက်ပေါက်မာတွေတောင် အနီရောင် သန်းသွားတယ်။
နေလုံးကြီးက ကောင်းကင်မှာ မလှုပ်မယှက် တွဲလွဲဆွဲနေတုန်း။ ဟုံရှီးလည်း ညရောက်ဖို့ စောင့်စားရင်း ခြံဝန်းထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်နေတယ်။ သူ့အမေအိုကြီး တောင်ဝှေးတစ်ချောင်းနဲ့ ထော့နဲ့ထော့နဲ့ ပေါ်လာပြီး “ရှီး… ချွေးမသစ်လေး ကြည့်ရတာ ငါ့စိတ်ထဲ စနိုးစနောင့်ရယ်။ ထွက်ပြေးသွားဦးမယ်၊ ဂရုစိုက်၊” သူ့ကို ပြောလာတယ်။
“စိတ်မပူပါနဲ့ အမေကလည်း။ ယင်ဟွား ဟိုမှာ ရောက်နေသမျှ ဒီတစ်ယောက်လည်း ဘယ်မှ မပြေးပါဘူး။ သူတို့နှစ်ယောက်ကဖြင့် ကြိုးနဲ့ပူးချည်ထားတဲ့ ကျိုင်းကောင်တွေလိုပဲ၊ တစ်ယောက်မပါဘဲ တစ်ယောက် ပြေး မရပါဘူး…”
သားအမိနှစ်ယောက် ပြောဆိုနေကြတုန်း ချွေးမသစ်ကလေး သတို့သမီးရံ နှစ်ယောက်နဲ့အတူ ခြံဝန်းထဲထွက် လျှောက်လာတယ်။ ဟုံရှီးအမေကတော့ အလိုမကျဟန် ပွစိပွစိ၊ “သတို့သမီးရယ် ဖြစ်ပြီး အိပ်ရာထဲ မှောင်တဲ့အထိ မစောင့်ဘဲ ထထွက်လာရတယ်လို့ ကြားမကြားဖူးပေါင်တော်။ ဒါ အိမ်ထောင်ရေး ကြာရှည် မတည်မြဲမယ့်သဘော ပြနေတာ။ ကလေးမ တစ်ခုခု လုပ်တော့မယ်နဲ့ တူတယ်။”
ဟုံရှီးကတော့ သူ့အမေစိတ်ပူတာ လိုက်ပူဖို့ထက် သူ့ဇနီးအလှမှာပဲ နစ်မျောနေတယ်။ သူ့ဇနီးလေးက မျက်နှာလေး ရှည်ရှည်နဲ့၊ မျက်ခုံးထူထူ၊ နှာတံပေါ်ပေါ်၊ မျက်လုံးလေးတွေကလည်း ဖီးနစ်ငှက် မျက်လုံးတွေလို ထောင်ပြီးကော့စင်းလို့။ သို့ပေမဲ့… ကောင်မလေးက ဟုံရှီးမျက်နှာ လှမ်းတွေ့လိုက်တယ် ဆိုရင်ပဲ လမ်းခုလပ်တင် ရပ်သွားတယ်။ အတော်ကြာကြာ ငြိမ်နေပြီးတော့မှ ငယ်သံပါအောင် အော်၊ ပြီး ထွက်ပြေးဖို့ လုပ်တော့တယ်။ သတို့သမီးရံနှစ်ယောက် သူ့လက်မောင်းက ဖမ်းဆွဲဖို့ အလုပ်၊ သတို့သမီးဝတ်ရုံနီနီက ပြဲသွားတယ်၊ နှင်းလို ဖြူစွတ်နေတဲ့ သူ့လက်မောင်းသားလေးတွေရယ်၊ လည်တိုင် သွဲ့သွဲ့လေးရယ်၊ ပြီး အောက်မှာ ခံဝတ်ထားတဲ့ ရင်ဖုံးနီနီ ရှေ့ခြမ်းရယ် အတိုင်းသား ပေါ်လာတယ်။
ဟုံရှီးလည်း ကြောင်ခနဲ ဖြစ်သွားတယ်။ သူ့အမေကြီးက တောင်ဝှေးနဲ့ သူ့ခေါင်းခေါက်တဲ့ပြီး “နောက်က လိုက်ပါတော့လား၊ စောက်ရူးရဲ့၊” လှမ်းအော်တယ်။
ဒီတော့မှ သူလည်း ဖြတ်ခနဲ သတိပြန်ဝင်ပြီး ကမန်းကတန်း နောက်ကလိုက်တော့တယ်။ ယန်ယန်က လမ်းအတိုင်း ပြေးဆင်းသွားတယ်။ ပြေလျှော့နေတဲ့ သူ့ဆံပင်တွေက ငှက်မြီးလို နောက်မှာ တန်းလို့။
“တားကြပါဗျ၊ သူ့ကို ဝိုင်းတားကြပါ၊” ဟုံရှီး အော်တယ်။
သူ့အော်သံကြောင့် ရွာသားတွေ အိမ်ထဲကထွက် လမ်းမပေါ် အုံလာကြတယ်။ မာန်တဖြီဖြီ ခွေးကြီး တစ်ဒါဇင်ကျော်လောက်ရဲ့ အလန့်တကြား ဟောင်သံတွေပါ ပေါ်လာတယ်။
ယန်ယန်က လမ်းသွယ်ထဲ ချိုးပြီး တောင်ဘက်ယာခင်းတွေဆီ ဦးတည်သွားနေတယ်။ ယာခင်းထဲမှာ ဂျုံပင်တွေက လေထဲ တယိမ်းယိမ်း လွင့်လို့၊ ပွင့်လက်စ ဂျုံနှံတွေက ပင်လယ်ပြင်စိမ်းစိမ်းပေါ်က လှိုင်းလုံးတွေလို တအိအိ။ ယန်ယန်က ခါးလောက် မြင့်တဲ့ ဂျုံလှိုင်းတွေကြားထဲ တိုးဆင်းသွားတယ်။ ဂျုံလှိုင်းစိမ်းစိမ်း နောက်ခံမှာ သူ့အနီရောင် ရင်ဖုံးရယ်၊ နို့နှစ်ရောင် လက်မောင်းဖွေးဖွေးတွေရယ် အရောင်ကြွနေပုံက ရွေ့လျှားနေတဲ့ ပန်းချီကားလှလှ တစ်ချပ်အလားပဲ။
သတို့သမီးတစ်ယောက် မင်္ဂလာပွဲက ထပြေးတဲ့ကိစ္စက ဂေါင်မီးအရှေ့မြောက်နယ်သားတွေအဖို့ အမင်္ဂလာပဲ။ ဒါကြောင့် ရွာသားတွေလည်း အငြိုးအတေးကြီးကြီးနဲ့ ကောင်မလေးနောက် လိုက်လာကြတယ်။ ကောင်းမလေးရှိရာ ဘက်ပေါင်းစုံကနေ ဝိုင်းကြ။ ဂျုံလှိုင်းစိမ်းစိမ်းတွေပေါ်မှာ ခွေးတွေကလည်း တခုန်ခုန်၊ တလွှားလွှား။
လူအုပ်ပိုက်ကွန်ကြီး နီးသထက်နီးလာတော့ ယန်ယန်က ဂျုံလှိုင်းတွေထဲ ခေါင်းငုံ့တိုးသွားတယ်။
ဟုံရှီးခမျာ စိတ်အေးသွားဟန်နဲ့ သက်ပြင်းတွေ ချလို့။ လိုက်လာတဲ့သူတွေလည်း အရှိန် လျှော့လိုက်ကြတယ်၊ ပြီးတော့ အသက်တွေ ခပ်ပြင်းပြင်းရှူ၊ လက်တွေ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း တံငါတွေ ပိုက်ကျုံ့နေသလိုမျိုး သတိကြီးကြီးထား ရှေ့တိုးသွားကြတယ်။
ဟုံရှီးနှလုံးသားထဲ ဒေါသနဲ့ တင်းကြပ်နေပြီ။ ဖမ်းမိတာနဲ့ ဒီမိန်းမတော့ ထုလိုက်ရိုက်လိုက်မယ် ဆိုတာပဲ လတ်တလော သူ တွေးနေတော့တယ်။
ရုတ်တရက် အနီရောင် အလင်းတန်းတစ်ခု ဂျုံခင်းအထက် တက်လာတယ်။ အောက်က လူအုပ်ကြီးလည်း တအံ့တဩနဲ့ ဇဝေဇဝါတွေ ဖြစ် မြေကြီးပေါ် လှဲလိုက်ကြတယ်။ အဲဒီနောက်တော့ ယန်ယန်တစ်ယောက် လက်တွေ လေထဲ ခတ်ရင်း လိပ်ပြာလှလှတစ်ကောင်လို ခြေနှစ်ချောင်း ပူးယှက်လို့ ဝိုင်းထားတဲ့နေရာကနေ လှတပတ အပေါ်တက်လာတာ တွေ့လိုက်ရတော့တယ်။
လူတွေ ပါးစပ်အဟောင်းသားနဲ့ ရွံ့ရုပ်တွေလို မှင်သက်မိနေတုန်း ယန်ယန်က လက်မောင်းတွေ တဖျတ်ဖျတ် ခတ်ရင်း သူတို့အပေါ်ဘက် ဝဲတက်လာ၊ ပြီးတော့ စပြီး ပျံပါလေရော။ အရှိန်ကတော့ ခပ်နှေးနှေး၊ သူ့အရိပ် နင်းပြီး နောက်က ပြေးလိုက်ရင်တောင် မီနိုင်တဲ့ အနေအထား။ အပေါ်ခြောက်မီတာ ခုနှစ်မီတာလောက်ပဲ မြင့်တယ်။ သို့ပေမဲ့ ပျံနေတဲ့ပုံစံက တကယ့်မှ နွဲ့နွဲ့ပျောင်းပျောင်း၊ တကယ့်ကို လှတပတ။ ဂေါင်မီး အရှေ့မြောက်နယ် တလွှားမှာ ခင်ဗျားတို့ တွေးလို့ရသမျှ ထူးဆန်းထွေလာ အကုန်နီးပါး ကြုံခဲ့ဖူးပြီ၊ သို့ပေမဲ့ မိန်းမတစ်ယောက် ကောင်းကင်မှာ ထပျံတာကတော့ ဒီတစ်ကြိမ် ပထမဆုံးပဲ။
လူတွေလည်း မှင်သက်မိလို့ ပြီးသွားတော့ နောက်ကလိုက်ဖို့ ပြန်စကြတယ်။ တချို့လည်း အိမ်ပြန် ပြေးပြီး စက်ဘီးတွေပေါ်တက် ပြန်လာတယ်။ ကောင်မလေးအရိပ်နောက် လိုက်ရင်း မြေပေါ် ဆင်းလာတဲ့အထိ စောင့်၊ ပြီးတော့မှ ဝိုင်းဖမ်းကြမယ်ပေါ့။
ပျံတဲ့တစ်ယောက်က ပျံ၊ အောက်က လိုက်တဲ့လူတွေက လိုက်၊ ယာခင်းတလျောက်က လူတွေရဲ့ အော်သံဟစ်သံတွေနဲ့ ပေါင်းပြီး တကယ့်ရင်သပ်ရှုမောဖွယ် လိုက်တမ်းဖမ်းတမ်း ဇာတ်ဝင်ခန်းတစ်ခု သရုပ်ဖော်နေသလိုပဲ။ မြို့ပြင်က လူတွေလည်း မိုးပေါ်က ဖြစ်ရပ်ဆန်းကို လည်တငဲ့ငဲ့ မော့ကာမော့ကာနဲ့ လိုက်နေတဲ့လူတွေနောက် ပါလာကြတယ်။ ပျံနေတဲ့မိန်းမကတော့ အသက်ရှူမှားလောက်စရာ အင်မတန် တင့်လှပေဟန်။ အောက်က သူ့နောက်လိုက်နေကြသူတွေခမျာတော့ ပြေးရင်းလွှားရင်း အပေါ်လည်း တောက်လျောက် မော့ကြည့်ရင်းနဲ့ မြောင်းကြိုမြောင်းကြား ဒယီးဒယိုင်တွေ ဖြစ်၊ လဲတဲ့သူက လဲ၊ အချင်းချင်း တိုက်မိသူက တိုက်မိ၊ ဖရိုဖရဲ တပ်ပြန်ခေါက်လာတဲ့ စစ်ကြောင်း တစ်ကြောင်းနဲ့တောင် တူနေတော့တယ်။
တဖြေးဖြေးနဲ့ ယန်ယန်က မြို့အရှေ့စွန်း သင်္ချိုင်းဟောင်းတဝိုက်က ထင်းရှူးတောထဲ ဆင်းသွားတယ်။ ထင်းရှူးပင်တွေက အနက်ရောင်တွေ၊ အကျယ် တစ်ဧကနီးပါး။ ဂေါင်မီးအရှေ့မြောက်နယ်ရဲ့ ရှေးဘိုးဘွားဘီဘင်တွေ လဲလျောင်းရာ ရာနဲ့ချီတဲ့ သင်္ချိုင်းမြေပုံတွေ အပေါ်က မိုးထားတာ။ အပင်တွေအားလုံးက သက်တမ်း ရင့်ကုန်ပြီ။ အပေါ်ကို ဖြောင့်တန်းပြီး ရှည်ထွက်နေတယ်။ အပင်ထိပ်ဖူးတွေက အနိမ့်မှာ ပျံနေတဲ့ တိမ်တွေကြား ထိုးခွဲလို့။ ခြုံပြီးပြောရရင် ဒီသင်္ချိုင်းဟောင်းရယ်၊ ထင်းရှူးနက်တောရယ်က ဒီမြို့နယ်ရဲ့ ခြောက်ခြားစရာ အကောင်းဆုံးနဲ့ အမြင့်မြတ်ဆုံး နေရာ။ မြင့်မြတ်တာက ဒီမြို့နယ်ရဲ့ ဘိုးဘွားဘီဘင်တွေ ဒီနေရာမှာ မှေးစက်နေကြတာမို့လို့။ ခြောက်ခြားစရာ ကောင်းတာကတော့ တစ္ဆေသရဲဆန်ဆန် ဖြစ်ရပ်မှန်သမျှ ဒီမှာချည့် ဖြစ်ခဲ့တာကြောင့်ပဲ။
ယန်ယန်က သင်္ချိုင်းဝန်းအလယ်တည့်တည့်က အရှည်ဆုံးနဲ့ အရင့်ဆုံး ထင်းရှူးပင် ကိုင်းဖျားမှာ နားနေတယ်။ အောက်က လူတွေလည်း ထင်ရှူးပင်အောက်ထိ လိုက်လာကြတယ်။ ပြီးတော့ သစ်ပင်ခေါင်ဆုံးကိုင်း သွယ်သွယ်လေးတွေပေါ် ပေါ့ပေါ့ပါးပါး နားနေတဲ့ ယန်ယန့်ကို ရပ်လျက်သား မော်ကြည့်ကြတယ်။ ကောင်မလေး ခန္ဓာကိုယ်က ပေါင်တစ်ရာ ကျော်လောက် ရှိမယ့်ပုံပေမဲ့ သစ်ကိုင်းတွေက သူ့ကိုယ်ကို အသာလေး တောင့်ခံထားနိုင်တယ်။ ဒီတစ်ကြောင်းကြောင့်လည်း အောက်က မော့ကြည့်နေသူတွေခမျာ တအံ့တဩတွေ ထပ်ဖြစ်လို့။
ခွေးတစ်ဒါဇင်ကျော်လောက်က ခေါင်းတွေကို တမော့မော့ လုပ်ပြီး လေထဲတန်းလန်းဖြစ်နေတဲ့ ယန်ယန့်ကို ဝိုင်းဟောင်နေကြတယ်။
“ဆင်းခဲ့၊ ခုချက်ချင်း အပေါ်က ဆင်းခဲ့” ဟုန်ရှီးကလည်း လှမ်းအော်လို့။
ခွေးဟောင်သံတွေရော၊ ဟုံရှီးရဲ့အော်သံတွေပါ မကြားရာ နားတွေဆီပဲ ရောက်ကုန်ကြတယ်။ ယန်ယန်ကဖြင့် အပေါ်မှာ အေးအေးဆေးဆေး နားလျက်သား။ လေညှင်းတစ်ချက်တစ်ချက် ဖြတ်တိုက်တိုင်း သူ့ကိုယ်လေးက နိမ့်တုံမြင့်တုံ။
အောက်က လူအုပ်လည်း လက်မှိုင်ချ ရပ်နေကြရင်း နည်းနည်းကြာတော့ ခြေကုန်လက်ပန်း ကျလာတယ်။ မောရပန်းရကောင်းမှန်း မသိတဲ့ ကလေးပေါက်စ တချို့ပဲ၊ “သတို့သမီးသစ်လေး… ဟေး အပေါ်က သတို့သမီးသစ်လေး၊ နည်းနည်းလောက် ထပ်ပျံပြပါ၊ ကြည့်ပါရစေ” လှမ်းအော်နေကြတုန်း။
ယန်ယန်က လက်မောင်းတွေကို အပေါ်မြှောက်လိုက်တယ်။ ပျံပါ… ပျံပါ…၊ သူ ပျံတော့မယ်ကွ...၊ ကလေးတွေက လှမ်းအော်။ သို့ပေမဲ့ ယန်ယန်က မပျံဘူး။ ငှက်ခြေသည်းတွေလိုမျိုး လက်ချောင်းလေးတွေနဲ့ ငှက်တစ်ကောင် အမွေးသင်သလို သူ့ဆံပင်သူ သင်နေတယ်။
ဟုံရှီးလည်း ဒူးထောက်ထိုင်ချလိုက်ပြီး “ဦးကြီးတို့၊ အစ်ကိုကြီးတို့၊ မြို့ကမိတ်ဆွေတို့ရယ်… တဆိတ်လောက် ကောင်မလေး ပြန်ဆင်းလာမယ့်နည်းလမ်းလေးများ မစကြပါ။ ကျုပ်အဖို့ မိန်းမတစ်ယောက် ရဖို့ ဘယ်လောက် ခက်ခဲမှန်း ခင်ဗျားတို့လည်း သိပါတယ်၊” ပြောပြီး ရှိုက်ကြီးတငင် ငိုရှာတော့တယ်။
အဲဒီအချိန် ဟုံရှီးအမေ မြည်းတစ်ကောင်စီးပြီး ပေါ်လာတယ်။ မြည်းကျောပေါ်က လျှောအဆင်း၊ မြေကြီးပေါ် ခြေချော်ကျပြီး နာနာကျင်ကျင် ညည်းနေလိုက်သေးတယ်။
“ဘယ်မတုံး ကလေးမ၊ ကလေးမ ဘယ်မတုံး၊” အဖွားကြီးက ဟုံရှီးကို မေးတယ်။
ဟုံရှီးလည်း သစ်ပင်ထိပ်ဖျားဆီ ညွှန်ရင်း “အဲဒီအပေါ်မှာ” ပြန်ပြောတယ်။
အဖွားကြီး မျက်လုံးတွေကို လက်နဲ့ကာရင်း သစ်ပင်ထိပ်ဖျားမှာ ဇိမ်ကျနေတဲ့ သူ့ချွေးမကို မော့ကြည်တယ်။ ပြီးတာနဲ့ “မကောင်းဆိုးဝါး။ ဒီကလေးမ မကောင်းဆိုးဝါး” ထအော်တော့တယ်။
မြို့နယ်ရဲ့ သူကြီး၊ သံတောင်ကြီးက ဝင်ပြောလာတယ်၊ “မကောင်းဆိုးဝါး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ကလေးမကို အောက်ပြန်ခေါဖို့ လမ်းစတော့ ရှာရမှာပဲ။ တခြားကိစ္စတွေလိုပဲ၊ ဒီကိစ္စလည်း အပြီးသတ်သွားမှ ဖြစ်မယ်။”
“အစ်ကိုကြီးရယ်၊ တဆိတ်လောက် ဒီကိစ္စ ဦးစီးဦးဆောင် လုပ်ပေးပါ၊ တောင်းပန်ပါတယ်၊” အဖွားကြီးက ဆိုတယ်။
အဖွားကြီးကို သံတောင်ကြီး ပြန်ပြောတာက “ကျနော်တို့ လုပ်မယ့်အစီအစဉ်က ဒီလို။ အရင်ဆုံး ကောင်မလေးအမေရယ်၊ သူ့အစ်ကိုရယ်၊ ယင်ဟွားရယ်ကို သွားခေါ်ဖို့ ဂျောင်ကျိုးမြောက်ပိုင်းကို လူလွှတ်မယ်၊ အဲဒီကျလို့ ကလေးမ ဆင်းမလာဘူးဆိုရင် ယင်ဟွားကို ဒီမှာပဲ ထား၊ ပြန်မလွှတ်တော့ဘူး။ ပြီးတော့ လူတချို့ကို အိမ်ပြန်လွှတ်ပြီး လေးတွေ မြားတွေ ပြင်၊ သစ်တုံးရှည်တွေ ခုတ်ခိုင်းမယ်။ အဲဒါတွေနဲ့ တစ်ခုမှ အလုပ် မဖြစ်ဘူးဆိုရင်တော့ သူ့ကို ခပ်ကြမ်းကြမ်းနည်းနဲ့ အောက်ပြန်ခေါ်ရမှာပဲ။ ပြီးရင် ဒီကိစ္စ ဒေသအစိုးရဆီ အကြောင်းကြားရမယ်။ ကောင်မလေးနဲ့ ဟုံရှီးက လင်ရယ်မယားရယ် ဖြစ်နေတော့ အစိုးရကလည်း ထိမ်းမြားဥပဒေအရ ဆောင်ရွက်ဖို့ သေချာပေါက် ဝင်ပါလာမှာပဲ။ ကောင်းပြီ…၊ ဒီတော့ ဟုံရှီး၊ မင်းက ဟောဒီ့သစ်ပင်အောက်မှာ စောင့်ကြည့်နေခဲ့၊ မင်းဆီ တစ်ယောက်ယောက် လွှတ်ပြီး သံမောင်းတစ်ခု အပို့ခိုင်းလိုက်မယ်။ တစ်ခုခု ဖြစ်တာနဲ့ မင်းအားရှိသမျှ အသားကုန် ထုပေတော့။ ကောင်မလေး ကြည့်ရတာ တစ်ခုခု ဝင်ပူးနေတာ သေချာပေါက်ပဲ။ ငါတို့လည်း မြို့ပြန်ပြီး ခွေးတစ်ကောင်လောက် သတ်ခဲ့မယ်။ ဒါမှ လိုအပ်လာရင် သုံးဖို့ လက်ထဲ ခွေးသွေးအရံသင့် ရှိနေမှာ” တဲ့။
လူအုပ်ကြီး လူစုကွဲသွားပြီး ပြင်စရာရှိတာ ပြင်ဖို့ ပြန်သွားကြတယ်။ ဟုံရှီးအမေက သူ့သားနဲ့အတူ ကျန်နေရစ်မယ်ဆိုပြီး ပထမ တင်းခံနေသေးတယ်။ သို့ပေမဲ့ သံတောင်ကြီးက သူ့ထက်ပို တင်းတဲ့သူ။ “မမိုက်စမ်းပါနဲ့။ ခင်ဗျား ဒီမှာနေလို့ ဘာဖြစ်မယ် ထင်နေလို့တုံး။ အခြေအနေ ဆိုးဆိုးရွားရွား ကြုံလာရင် ခင်ဗျားက ကန့်လန့်ကန့်လန့် ဖြစ်နေမှာ။ အိမ်သာ ပြန်ချေ” ဆိုတော့ အဖွားကြီးလည်း ငြင်းနေလို့ မထူးမှန်း သဘောပေါက်ပြီး မြည်းကျောပေါ် တက်၊ တငိုငိုတယိုယို လုပ်ရင်း အခင်းဖြစ်နေရာက ထွက်သွားတယ်။
ခုတော့ ဆူညံပူညံအသံအားလုံး တိတ်သွားပြီ။ ဂေါင်မီးအရှေ့မြောက်နယ်တလွှား အရဲရင့်ဆုံး ဝိညာဉ်တွေထဲက တစ်ယောက်ရယ် လူသိများတဲ့ ဟုံရှီးလည်း တိတ်ဆိတ်မှုကို ကျောချမ်းစရာလို မြင်လာတယ်။ အနောက်ဘက်ဆီ နေလုံး ထိုးဆင်းသွားတဲ့အချိန် လေက တညှင်းညှင်းတိုးပြီး သစ်ပင်တွေကြားက တရှဲရှဲ မြည်လာတယ်။ ဟုံရှီးလည်း အနီးနားက ကျောက်ပြားတစ်ချပ်ပေါ် ထိုင်လိုက်ရင်းက ခေါင်းကို အောက်ငုံ့ပြီး သူ့လည်ပင်းသူ အညောင်းပြေအောင် နှိပ်နေတယ်။ သူ စီးကရက်တစ်လိပ် မီးငြှိနေတုန်း အပေါ်ကနေ ခြောက်ခြားဖွယ် ရယ်သံတွေ လွင့်ပျံလာတော့တယ်။ သူ့ဆံပင်တွေ အဖျားက ထောင်ပြီး သူ့တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားတယ်။ သူ မီးခြစ်ဆံကို အမြန်ငြှိမ်းရင်း မတ်တပ် ထရပ်၊ ခြေလှမ်း လေးငါးလှမ်း နောက်ဆုတ်ပြီးတော့မှ သစ်ပင်ထိပ်ဖျားဆီ မော့ကြည့်ရင်း “ဒီလို ခြောက်လုံးလှန့်လုံး အကွက်တွေနဲ့ ငါ့လာ မစမ်းနဲ့။ ညည်း ငါ့လက်ထဲ ရောက်တဲ့အထိ စောင့်ကြည့်လိုက်” လှမ်းအော်တယ်။
နေဝင်ချိန်နောက်ခံမှာ ယန်ယန့်ရဲ့ အနီရောင်ရင်ဖုံးက မီးလျှံလျှံတောက်နေသလိုပဲ။ သူ့မျက်နှာက မီးရောင်နဲ့ ပင့်ထိုးထားသလို ဝင်းတောက်လို့။ ခြောက်ခြားဖွယ် ရယ်သံတွေက သူ့ဆီက လာတာတော့ ဟုတ်ပုံမရဘူး။ အိပ်တန်းပြန်နေတဲ့ ကျီးတစ်အုပ် အပေါ်က ဖြတ်ပျံသွားတယ်၊ ကျီးတွေဆီက ဖြူညက်ညက် ငှက်ချေးတွေ မိုးကျသလို ကျလာ။ ပူနွေးနွေး ငှက်ချေးတွေ ဟုံရှီးခေါင်းပေါ် တည့်တည့် လာတင်လေတော့ရဲ့။ ဟုံရှီးလည်း မြေကြီးပေါ် ထွေးထုတ်ရင်းက အတိတ်နိမိတ်ဆိုး တစ်ခုတော့ ကျနေပြီ၊ ခံစားမိလိုက်တယ်။ ထင်းရှူးတစ်တောလုံး အမှောင်ရောင် သန်းနေပေမဲ့ သစ်ပင်ထိပ်ဖျားမှာတော့ အလင်းရောင်နဲ့ တောက်နေတုန်း။ လင်းနို့တွေ သစ်ပင်တွေအကြား ဟိုဒီတဖျတ်ဖျတ် ကူးသန်းစပြုလာတယ်။ သင်္ချိုင်းမြေထဲ မြေခွေးတွေ အူလို့။ ဟုံရှီးအကြောက်တရားလည်း ဟုံရှီးဆီ ပြန်လည်လာတယ်။
သရဲတစ္ဆေတွေ ထင်းရှူးတောအနှံ့ ပြည့်နေသလိုမျိုး ဟုံရှီး ခံစားရမိတယ်။ သူ့နားထဲ အသံမျိုးစုံ ပြည့်နှက်လို့။ နိမိတ်နမာမရှိ ရယ်သံတွေလည်း ဆက်ထွက်လာနေတုန်းပဲ။ ဟားတိုက်သံတစ်ချက် လွင့်လာတိုင်း သူ့မှာ ချွေးစေးအလိမ်းလိမ်းနဲ့ ခြောက်ခြားလို့။ တစ္ဆေသရဲတွေကို နှင်ထုတ်ဖို့ လက်ခလယ်ထိပ်ကို ကိုက်တာ အကောင်းဆုံးနည်းပဲ၊ သူ သတိရလာတယ်။ ဒါနဲ့ သူ့လက်ခလယ်သူ ပြန်ကိုက်လိုက်တယ်။ စူးစူးဝါးဝါး နာကျင်မှုနဲ့အတူ သူ့ခေါင်းထဲ ရှင်းသွားတော့ရဲ့။ ခုတော့ ထင်းရှူးတောက စောစောက ထင်ရသလောက် မှောင်မနေတော့ဘူး။ မြေပုံအတန်းတွေနဲ့ ခေါင်းရင်းထောင်ထားတဲ့ ကျောက်ပြားချပ်တွေက အထင်းသား ပေါ်နေတယ်။ ဝင်လုလုနေရောင်ခြည်အောက်မှာ သစ်ပင်တွေရဲ့ ပင်စည်တွေ ဝင်းတောက်နေတာကိုတောင် သူ တွေ့နေရတယ်။ မြေခွေးပေါက်စလေးတချို့ မြေပုံမို့မို့တွေကြား လှည့်ပတ်ပြေးလွှားလို့။ သူတို့အမေကြီးက ခြုံပုတ်တစ်ခုနား အသာဝပ်ရင်း မကြာမကြာ ဟုံရှီးရှိနေတာကို အသိအမှတ်ပြုတဲ့သဘော၊ သွားဖြဲပြရင်း သူ့ကလေးတွေကို စောင့်ပေးနေတယ်။ တစ်ကြိမ်မှာတော့ ဟုံရှီး ကောင်းကင်ဆီ မော်ကြည့်လိုက်တယ်။ ယန်ယန့်ကို သူ တွေ့လိုက်ရရဲ့။ ကောင်မလေးက ဘယ်မှ မရွေ့၊ ကျီးကန်းတွေ သူ့ဘေးနားမှာ ဝိုင်းအုံနေကြတယ်။
ဖြူဖပ်ဖပ် ချာတိတ်လေးတစ်ယောက် သစ်ပင်နှစ်ပင် ကြားကနေ ပေါ်လာတယ်။ မောင်းတစ်လုံးနဲ့ မောင်းထုတံရယ်၊ ပုဆိန်တစ်လက်ရယ်၊ မုန့်ပျားသလက် အပြားကြီးကြီး တစ်ချပ်ရယ် ဟုံရှီးလက်ထဲ ထည့်လာတယ်။ ချာတိတ်က သူ့ကို ပြောလာတယ်၊ သံတောင်ကြီး လေးတွေမြားတွေ ပြင်တဲ့ကိစ္စ ကြီးကြပ်နေတဲ့အကြောင်း၊ မြောက်ပိုင်းဂျောင်ကျိုးကို လူတချို့ လွှတ်ထားပြီးပြီဆိုတဲ့အကြောင်း၊ ပြီးရင် မြို့နယ်ရဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒီဖြစ်ရပ်ကို အလေးအနက် သဘောထားပြီး မကြာခင် တစ်ယောက်ယောက် လွှတ်ပေးဖို့ရှိတယ် ဆိုတဲ့အကြောင်း။ ဟုံရှီးအနေနဲ့တော့ မုန့်ပျားသလက်စား အဆာဖြေဖို့နဲ့ ကင်းစောင့်တာဝန် ဆက်ယူဖို့၊ ပြီး အရေးအကြောင်း ကြုံလာရင် မောင်းထုဖို့အကြောင်း။
ချာတိတ်ပြန်သွားတော့ ဟုံရှီးလည်း မောင်းကို မှတ်တိုင်ကျောက်တုံးတစ်ချပ်အနား လှဲထားလိုက်တယ်။ ပုဆိန်ကို ခါးပတ်ကြား ထိုးပြီး မုန့်ပြားသလက်ကို ခပ်မြန်မြန်သွပ်ဖို့ လုပ်တယ်။ မုန့်စားလို့ ပြီးသွားတယ်ဆိုရင်ပဲ သူ ပုဆိန်ကို ဆွဲထုတ်တဲ့ပြီး လှမ်းအော်လိုက်တယ်။ ”ညည်း ဆင်းလာမလား၊ မလာဘူးလား။ ဆင်းမလာဘူးဆိုရင်တော့ သစ်ပင်ကို ခုတ်လှဲပစ်တော့မှာ။”
ယန်ယန်ဆီကတော့ ဘာသံမှ ထွက်မလာဘူး။
ဟုံရှီးလည်း သစ်ပင်ကို ပုဆိန်နဲ့ တစ်ချက် နှက်လိုက်တယ်။ ပုဆိန်အားနဲ့ အပင်က လှုပ်ခနဲ ဖြစ်သွားရဲ့။ ဒီအထိလည်း ယန်ယန့်ဆီက ဘာသံမှ ထွက်မလာ။ ပုဆိန်သွားက အတော်ကြီး နစ်ဝင်သွားပြီး ပြန်ဆွဲနှုတ် မရ။
ကောင်မလေး သေများသွားပြီလား၊ ဟုံရှီး စဉ်းစားလိုက်မိတယ်။
သူ ခါးပတ်ကို တင်းတင်းပတ်၊ ဖိနပ်တွေ ချွတ်ပြီး အပင်ပေါ်တက်ဖို့ လုပ်တယ်။ သစ်ခေါက်က ကြမ်းတော့ တက်ရတာ လွယ်တော့ ခပ်လွယ်လွယ်။ အပင်တစ်ဝက်လောက် တက်လာပြီးတော့ ခဏရပ်ပြီး အပေါ်မော့ကြည့်တယ်။ သူ ရောက်နေတဲ့ မြင်ကွင်းကနေ လှမ်းမြင်ရတာဆိုလို့ ယန်ယန့်ရဲ့ တွဲလွဲဆွဲနေတဲ့ ခြေထောက်တွေရယ်၊ သစ်ကိုင်းပေါ် အထိုင်ချထားတဲ့ တင်ပါးဆုံရယ်ပဲ။ တကယ်ဆို ဒီအချိန် တို့နှစ်ယောက် အိပ်ယာထဲ ရောက်နေရမှာ၊ ခုတော့ ညည်းလုပ်တာနဲ့ ငါ့မှာ သစ်ပင်ပေါ် တက်နေရ၊ သူ ဒေါသတကြီး တွေးမိတယ်။ သူ့ဒေါသက သူ့အတွက် ခွန်အားအဖြစ် ပြောင်းသွားရဲ့။ သစ်ပင်က အပင်လုံး သေးလာတာနဲ့အမျှ အကိုင်းတွေ ဖြာသထက် ဖြာလာ၊ ခေါင်ဆုံးကိုင်းအရောက် တက်ဖို့ ပိုလွယ်လာတယ်။ ခေါင်ကိုင်းမှာ ခြေနင်း ကျောက်ချရင်း သူ ယန့်ယန့်ကို ဇတ်ခနဲ ဆွဲဖမ်းလိုက်ဖို့ လုပ်တယ်။ သို့ပေမဲ့ ယန့်ယန့်ခြေဖျား ထိမိရုံရှိသေး၊ အပေါ်က သက်ပြင်းရှည် တစ်ချက် ကြားရပြီး အကိုင်းတွေ တချွတ်ချွတ် လှုပ်လာသလို သူ ခံစားလိုက်ရတယ်။ ရွှေရောင် ပွင့်ဖတ်လေးတွေ လေထဲ ဝဲခနဲ လွင့်လာတာ သူ တွေ့လိုက်ရရဲ့၊ ငါးသိုင်းတစ်ကောင် ခုန်တုန်း ပေါ်လာတဲ့ ရွှေရောင် အကြေးခွံလေးတွေလိုပဲ။ ယန်ယန်က လက်မောင်းတွေကို ဖြန့်ခတ်ရင်း ကိုင်းဖျားပေါ် တက်သွားတယ်။ ပြီး ခြေတွေလက်တွေ တရမ်းရမ်းလုပ်၊ ဆံပင်တွေ လေထဲတဝဲဝဲနဲ့ အခြားသစ်ပင်ထိပ်ဖျားဆီ လျှောခနဲ ပျံသွားတော့ရဲ့။ ကောင်မလေးအပျံစကေးက စောစောပိုင်း ဂျုံခင်းထဲတုန်းကထက် သိသိသာသာ တိုးတက်နေပြီမှန်း ဟုံရှီး အလန့်တကြား သတိထားလိုက်မိတော့တယ်။
ယန်ယန်က နောက်သစ်ပင်ထိပ်ဖျားမှာလည်း ပထမအပင်တုန်းကပုံစံအတိုင်း ထိုင်နားနေတယ်။ နှင်းဆီရောင် ဆည်းဆာဆီ မျက်နှာမူလို့၊ သူ့ပုံစံက နှင်းဆီတစ်ပွင့် ပွင့်လာနေတဲ့ ရှုခင်းလိုမျိုး စိတ်လှုပ်ရှားစရာ ကောင်းနေတော့ရဲ့။ “ယန်ယန်၊” ဟုံရှီး မျက်ရည်အပြည့်နဲ့ အော်ခေါ်တယ်။ “ချစ်ဇနီးလေး၊ အိမ်ပြန်ပြီး ကိုယ်နဲ့အတူ ဘ၀တစ်ခု တည်ဆောက်လှည့်ပါ၊ ဒီလိုမှ မလုပ်ရင် ယင်ဟွားကို ညည်းအစ်ကို ရွှေအအိပ်ရာထဲ ပေးလွှတ်မှာ မဟုတ်ဘူး…”
ဟုံရှီးအော်သံက လေထဲတင် တန်းလန်း၊ သူ့အောက်က အထိတ်တလန့် ပဲ့ကျသံ ကြားလိုက်ရတယ်၊ သစ်ကိုင်းက ဂျွတ်ခနဲ ကျိုးပြီး သူလည်း အောက်လွင့်သွား၊ ပြီး မြေကြီးပေါ် အသားဆိုင်တစ်တုံးလို ဝုန်းခနဲ ဝင်ဆောင့်တော့ရဲ့။ မြေကြီးပေါ်မှာ အတော်ကြာတဲ့အထိ သူ လှဲနေရတယ်။ နောက်တော့မှ ထင်ရှူးဆူးဆွေးတွေ ဖုံးနေတဲ့ မြေပြင်ကနေ အားယူပြီးထ၊ ပင်စည်ကို အသာမှေးရင်း ယိုင်ခွေခှေ ခြေလှမ်းတွေနဲ့ သုံးလေးလှမ်း လှမ်းပြီးတော့မှ သူ့ခြေထောက်တွေပေါ် သူ ပြန်ရပ်နိုင်လာတော့တယ်။ ထင်ထားပြီးသား နာတာကျင်တာမျိုးက လွဲပြီး သူ့ပုံစံက အကောင်းပကတိ။ အရိုးတွေဘာတွေ ကျိုးကြေသွားတဲ့ပုံ မပေါ်ဘူး။ သူ မိုးပေါ်မော့ပြီး ယန်ယန့်ကို ရှာကြည့်တယ်။ သူ မြင်ရတာဆိုလို့ လမင်းကြီးပဲ။ လဆီက အရောင်စိုစိုက ထင်းရှူးကိုင်းတွေအကြား ဖြတ်ပြီး သူ့အနားက မြေပုံတစ်ပိုင်းတစ်စပေါ် တချို့၊ ဟိုဘက်က ကျောက်ပြားထောင့်စွန်းနားနဲ့ အလေ့ကျပေါက်နေတဲ့ ရေညှိပင်အုပ်တွေပေါ် တချို့ ဖိတ်ကျနေတယ်။ ယန်ယန်ကတော့ လရောင်ဆမ်းပြီး ရွှန်းစိုနေတော့ရဲ့။ သစ်ပင်ထိပ်ဖျားမှာ တစ်ညတာ နားခိုနေတဲ့ ငှက်လှလှကြီး တစ်ကောင်လိုပဲ။
ထင်းရှူးတောတစ်ဘက်ဆီက တစ်ယောက်ယောက် သူ့နာမည် ခေါ်သံ ကြားလိုက်တယ်။ ဟုံရှီးလည်း ပြန်အော်ထူးလိုက်တယ်။ ကျောက်တုံးပေါ် တင်ထားတဲ့ မောင်းကို သတိရပြီး သွားကောက်ပေမဲ့ မောင်းတံက ဘယ်မှာထားမိမှန်း မသိ၊ ရှာမရဘူး။
ဆူညံဆူညံ လူတစ်အုပ် မီးအိမ်တွေ၊ မီးတုတ်တွေ၊ လက်နှိပ်ဓာတ်မီးတွေ ကိုင်ရင်း ထင်းရှူးတောထဲ ဝင်လာတယ်။ သစ်ပင်တွေကြားက ကွက်လပ်တွေထဲ မီးရောင်တွေ တဝင်းဝင်း ထွန်းလို့၊ သူတို့မီးရောင်ကြောင့် ဖြာနေတဲ့ လရောင်တန်းတွေ နောက်ဘက်ပြန် ရှဲသွားကြတယ်။
လူအုပ်ထဲ ယန်ယန်ရဲ့ အမေအိုကြီးရယ်၊ သူ့အစ်ကို ရွှေအရယ်၊ ပြီးတော့ ဟုံရှီးညီမ ယင်ဟွားရယ် ပါလာတယ်။ သံတောင်ကြီးနဲ့အတူ သန်သန်မြန်မြန်လူ ခုနှစ်ယောက် ရှစ်ယောက်လောက်လည်း ကျောပေါ်မှာ လေးတွေမြားတွေ လွယ်လို့ တွေ့ရတယ်။ တချို့လည်း သစ်တုံးရှည်ကြီးတွေ၊ တောလိုက်ရိုင်ဖယ်တွေ ကိုင်လို့၊ တချို့မှာ ငှက်ဖမ်းပိုက်တွေရောပဲ။ သံလွင်ရောင်မှိန်မှိန် ယူနီဖောင်းနဲ့ ခပ်ဖြောင့်ဖြောင့် လူငယ် တစ်ယောက်ကတော့ အပြားကျယ်ခါးပတ်နဲ့ ခါးကို သိမ်နေအောင် ပတ်ထားပြီး ပြည့်သူ့ရဲကိုင် ခြောက်လုံးပြူးတစ်လက် ကိုင်လို့။ မြို့နယ်ပုလိပ်မှန်း ဟုံရှီး တန်းမှတ်မိလိုက်တယ်။
ဟုံရှီးမျက်နှာပေါ်က ဒဏ်ရာအပွန်းအပဲ့တွေကို ညွှန်ရင်း “ဘယ်လို ဖြစ်တာလဲ?” သံတောင်ကြီးက မေးတယ်။
“ဘာမှ မဟုတ်ပါဘူး၊” ဟုံရှီး ပြန်ဖြေလိုက်တယ်။
“ကလေးမ ဘယ်မတုံး?” တဲ့ ယန်ယန့်အမေက အော်ကျယ်အော်ကျယ် မေးလာတယ်။
တစ်ယောက်က ဓာတ်မီးကို သစ်ပင်ထိပ်ဖျားဆီ ချိန်ပြီး ယန်ယန့်မျက်နှာတည့်တည့် ထွန်းလိုက်တယ်။ လူတွေ ထိပ်ဖျားကိုင်းတွေဆီက တချွတ်ချွတ်အသံ ကြားလာရတယ်။ ပြီးတော့ အရိပ်မည်းမည်းတစ်ခု ဒီဘက် သစ်ပင်ထိပ်ဖျားကနေ အခြားသစ်ပင်ထိပ်ဖျားတစ်ခုဆီ အသာအယာ လျှောဆင်းသွားတာ တွေ့လိုက်ကြရတယ်။
“ရှင်တို့ လူယုတ်မာတွေ၊” ယန်ယန့်အမေကြီးက ဆဲတော့တယ်။ “ရှင်တို့ ကျုပ်သမီးလေးကို သတ်ပြီးတော့မှ ပုံပြင်တွေ ပြောပြီး ဒီကမုဆိုးမအိုကြီးနဲ့ ဖတဆိုးသားလေးကို လှည့်ဖျားဖို့ လုပ်နေတာ ကျုပ် သိတယ်။ ဘယ့်နှယ်လုပ်ပြီး မိန်းကလေး တစ်ယောက်က ဇီးကွက်လို ပျံနိုင်မှာတဲ့တုံးတော်။”
“စိတ်အေးအေးထားပါ၊ အဒေါ်” သံတောင်ကြီးက ပြောတယ်။ “ကျုပ်တို့လည်း ကျုပ်တို့မျက်လုံးနဲ့သာ မမြင်ဘူးဆိုရင် ဒီကိစ္စ ယုံကြမှာ မဟုတ်ဘူး။ အဒေါ့်ကို မေးပါရစေဦး၊ အဒေါ့်သမီး ပညာသည် တစ်ယောက်ယောက်ဆီများ တစ်ခုခု သင်ဖူးသလား။ ဆန်းဆန်းပြားပြား ပညာတွေပေါ့။ စုန်းတွေ၊ ကဝေတွေနဲ့ကော ပတ်သက်ဖူးလား?”
“ကျုပ်သမီး ဘယ်ပညာသည်ဆီမှ ဘာမှ မသင်ဖူးပါဘူးတော်။ ဘာအထူးအဆန်း ပညာမှလည်း မတတ်ဘူး။ ပြီး ဘယ်စုန်းတွေကဝေတွေနဲ့မှလည်း လုံးလုံး မပတ်သက်ဖူးဘူး။ ကျုပ်သမီး ကြီးလာတဲ့အထိ ကျုပ်မျက်စေ့အောက်က တစ်ခါမှ အပျောက်ခံခဲ့တာ မဟုတ်ဘူး။ ပြီးရင် ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်တဲ့ကလေးမ။ အိမ်နီးချင်း အကုန်လုံးက သမီးလိမ္မာလေး ရထားတယ် ဆိုပြီးတောင် ကျုပ်ကို ပြောနေကြတာ။ ကြည့်… ခု ဒီသမီးလိမ္မာလေးက ရှင်တို့အိမ်မှာ တစ်ရက်ပဲ နေရသေး၊ သစ်ပင်ထိပ်ဖျားမှာ လင်းယုန် ဖြစ်သွားသတဲ့။ ဘယ်လိုများ ဖြစ်ရပါလိမ့်တော်။ ရှင်တို့ ကျုပ်သမီးကို ဘာလုပ်ထားလဲ မသိသမျှ ကျုပ်တော့ အေးအေးနေမှာ မဟုတ်ဘူး။ ကျုပ်ဆီ ယန်ယန် ပြန်ပေးရင် ပေး၊ မဟုတ်ရင် ရှင်တို့ ယင်ဝှားကို ဘယ်တော့မှ ပြန်မရဘူး မှတ်။”
“ငြင်းနေခုန်နေတာတွေ တော်လောက်ပြီ အဒေါ်ကြီး၊” ပုလိပ်က ၀င်ပြောတယ်။ “သစ်ပင်ထိပ်ဖျားဆီ တစ်ချက် လှမ်းကြည့်လိုက်” ဆိုပြီး ပြောပြောဆိုဆို ဓာတ်မီးကို အပင်ထိပ်ဖျားက အရိပ်ဆီ ချိန်လိုက်တယ်။ ပြီးတော့ မီးရောင်ကို ယန်ယန့်မျက်နှာပေါ် စိုက်ပြီး ထွန်းထားလိုက်တယ်။ ယန်ယန်လည်း လက်မောင်းတွေ တဖျတ်ဖျတ်နဲ့ လေထဲ မြောက်တက်သွားပြီး နောက်ထပ် သစ်ပင်ဖျား တစ်ခုဆီ လျှောခနဲ ဝဲသွားပြန်တော့တယ်။
“တွေ့လား ဒေါ်ကြီး၊” ပုလိပ်က မေးတယ်။
“တွေ့တယ်။”
“အဲဒါ ဒေါ်ကြီးသမီး ဟုတ်လား?”
“ကျုပ်သမီးပဲ။”
“ကျနော်တို့ မလိုအပ်ဘဲ အတင်းအကြပ်တွေ မလုပ်ချင်ဘူး၊” ပုလိပ်က ပြောတယ်။ “အဒေါ်ကိုယ်တိုင် သူ့ကို အဲဒီက ဆင်းလာခဲ့ဖို့ ပြောရင် အဒေါ့်စကားတော့ သူ နားထောင်မှာပဲ။”
အဲဒီအချိန်မှာပဲ ယန့်ယန့်အစ်ကို ရွှေအတစ်ယောက် စိတ်လှုပ်တရှားနဲ့ ဝူးဝူးဝါးဝါး စလုပ်လာတယ်။ သူ့ညီမ ပျံနေတဲ့အမူအရာကို အတုလုပ်သလိုမျိုး လက်မောင်းတွေကို တဖျတ်ဖျတ် ခတ်လို့။
ယန်ယန့်အမေကတော့ မျက်ရည် တစမ်းစမ်းနဲ့။ “အတိတ်ဘ၀က ဘာတွေလုပ်ခဲ့မိလို့များ ခုလိုဟာတွေ ကျုပ်ခေါင်းပေါ် ရောက်လာရတာပါလိမ့်တော်။”
“မငိုပါနဲ့ ဒေါ်ကြီး၊” ပုလိပ်က ပြောပြန်တယ်။ “အဒေါ့်သမီး အပေါ်ကနေ အောက်ပြန်ဆင်းအောင် လုပ်ဖို့သာ အာရုံစိုက်ပါ။”
“တစ်သက်လုံး ခေါင်းမာလာတဲ့ ကလေးမ။ ကျုပ်စကားလည်း နားထောင်မှာ မဟုတ်ပါဘူးတော်၊” ယန်ယန့်အမေက ဝမ်းပန်းတနည်း ဝန်ခံရှာတယ်။
“ခုက ရှက်နေရမယ့်အချိန် မဟုတ်ဘူး၊ ဒေါ်ကြီး၊” ပုလိပ်က ပြောပြန်တယ်။ “သူ့ကို အောက်ရောက်အောင်သာ ခေါ်ပါ။”
ယန်ယန့်အမေကြီး ကြပ်ထုပ်စည်းထားတဲ့ သူ့ခြေထောက်သေးသေးလေးတွေနဲ့ နှေးနွဲ့နွဲ့ လှမ်းရင်း သူ့သမီး နားနေတဲ့ သစ်ပင်နားဆီ ရွေ့လာတယ်၊ ခေါင်းကို နောက်ငဲ့၊ ပြီးတော့ မျက်ရည်စက်လက်နဲ့ အော်ခေါ်ရှာတော့တယ်၊ “ယန်ယန်ရေ၊ လိမ္မာပါ သမီးရေ၊ အမေ့စကား နားထောင်ပါ။ အောက်ကို ဆင်းခဲ့တော့။ သမီးကို မတရားလုပ်သလို ခံစားနေရမှန်း အမေ သိပါတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးကွယ့်။ သမီးဆင်းမလာရင် ယင်ဟွားကို ခေါ်ထားလို့ မရဘူး။ အဲသလိုသာဆို တို့တစ်မိသားစုလုံး သွားရှာတော့မှာ…”
ဒီနေရာအရောက် အဖွားကြီးလည်း စိတ်မထိန်းနိုင်တော့ဘဲ ပင်စည်ကို ခေါင်းနဲ့ ဆောင့်ရင်းဆောင့်ရင်း ဆွဲဆွဲငင်ငင် ငိုရှာတော့ရဲ့။ သစ်ပင်ထိပ်ဖျားဆီက တချွတ်ချွတ်အသံတစ်သံ ဆင်းလာတယ်။ ငှက်တစ်ကောင် သူ့အမွေးသူ ဖွလာတဲ့အချိန် ကြားရတဲ့ အသံမျိုး။
“ဆက်ခေါ်ပါ အဒေါ်၊” ပုလိပ်က တွန်းနေတယ်။
ရွှေအလည်း လက်တွေ ဝှေ့ရမ်းရင်း ပင်မြင့်ပေါ်က သူ့ညီမဆီ ဝူးဝူးဝါးဝါး အကျယ်ကြီး လုပ်တယ်။
“ယန်ယန်…” ဟုံရှီးကလည်း အော်လို့။ “ညည်း လူသားစစ်စစ် ဖြစ်နေသေးတယ်ဟုတ်၊။ ညည်းမှာ လူ့အဖြစ် တစ်စက်ကလေး ကျန်နေသေးတယ် ဆိုရင်တောင် အဲဒီကနေ ဆင်းလာခဲ့ပါ။”
ငိုတဲ့အထဲ ယင်ဟွားလည်း ဝင်ပါလာတယ်၊ “ယောက်မရေ.. ဆင်းခဲ့ပါကွယ်။ ဒီလောကကြီးမှာ နင်ရောငါရော နှစ်ယောက်လုံး အဖြစ်ဆိုးကြသူတွေချည့်ပါ။ ငါ့အကိုက ရုပ်ဆိုးကြီး၊ ဒါပေမဲ့ အနည်းဆုံး စကားတော့ ပြောတတ်သေးတယ်။ နင့်အစ်ကိုကျတော့…။ ဆင်းလာခဲ့ပါ။ ငါတို့ဘ၀ပေးပါပဲကွယ်…”
ယန်ယန် လေထဲ လျှောဆင်းလာပြန်ပြီး သူတို့အထက် ကောင်းကင်မှာ တစ်ပတ်ဝဲလာတော့တယ်။ အေးစက်စက် ငွေ့ရည်တချို့ မြေကြီးပေါ် ကျလာတယ်။ သူ့မျက်ရည်တွေ ဖြစ်လေမလားပဲ။
“ဘေးဖယ်ကြ၊ သူ့ကို နေရာပေးလိုက်ကြ၊ မြေကြီးပေါ် ဆင်းလာနားပါစေ၊” သံတောင်ကြီးက လူအုပ်ကို ပြောတယ်။
အဖွားကြီးနဲ့ ယင်ဟွားက လွဲပြီး ကျန်တဲ့လူအားလုံး နောက်ဆုတ်လိုက်ကြတယ်။
သို့ပေမဲ့ အခြေအနေက သံတောင်ကြီး မျှော်လင့်ထားသလို ဖြစ်မလာဘူး။ ယန်ယန်က သူတို့အပေါ်တည့်တည့် လေထဲ တစ်ပတ် ဝဲပြီးတော့ သစ်ပင်ထိပ်ဖျားဆီ ပြန်ဆင်းပြီး နားနေတော့တယ်။
လက အနောက်ဘက်ကောင်းကင်ဆီ လျှောဆင်းသွားပြီ။ ညကလည်း အတော်ကြီး နက်လာပြီ။ ပင်ပန်းမှုနဲ့ အအေးဓာတ်က မြေပြင်ကလူတွေအပေါ် အုပ်စီးစပြုလာပြီ။ “ကျနော်တို့ ခပ်ကြမ်းကြမ်း ကိုင်မှ ရတော့မယ် ထင်တယ်၊” ပုလိပ်က ပြောလာတယ်။
“ကျုပ် စိုးရိမ်တာတော့ လူအုပ်ကြီးကြောင့် ကောင်မလေး တောထဲက ထွက်သွားမှာကိုပဲ။ ခုညမှ သူ့ကို မဖမ်းနိုင်ရင် နောက်ကျရင် ပိုခက်သွားလိမ့်မယ်၊” သံတောင်ကြီးက ဆိုတယ်။
“ကျုပ် ကြည့်ရသလောက် ကောင်မလေးက ရှည်ရှည်ဝေးဝေး ပျံနိုင်တဲ့ပုံ မပေါ်ဘူး။ ဆိုလိုတာက သူ တောအုပ်အပြင်ဘက် ရောက်သွားရင် ဖမ်းရ ပိုလို့တောင် လွယ်သွားမယ့်သဘောပဲ၊” ပုလိပ်က ပြောတယ်။
“တကယ်လို့ သူ့မိသားစုက ကျုပ်တို့စီမံသလို လက်မခံရင် ဘယ်လိုလုပ်မှာတုံး?” သံတောင်ကြီးက ပြောတယ်။
“ကျုပ် ကြည့်လုပ်မယ်၊” ပုလိပ်က တာဝန်ခံတယ်။
ပုလိပ် လူငယ်တချို့အနား သွားပြီး ရွှေအနဲ့ သူ့အမေကို ထင်းရှူးတောအပြင်ဘက် ခေါ်ထုတ်သွားဖို့ ပြောတယ်။ အဖွားကြီးကတော့ မောတဲ့အထိ ငိုပြီးသွားပြီဆိုတော့ ဘာမှ ပြန်စောဒက တက်မနေဘူး။ တစ်ဘက်က ရွှေအကတော့ အလိုမတူသလို ဝူးဝူးဝါးဝါး လုပ်နေသေးတယ်။ ပုလိပ်က သူ့ပုလိပ်ကိုင်ခြောက်လုံးပြူး ထုတ်ပြလိုက်တော့မှ ကုပ်ချောင်းကုပ်ချောင်း ထွက်သွားတော့ရဲ့။ ခုတော့ အခင်းဖြစ်နေရာမှာ ပုလိပ်ရယ်၊ သံတောင်ကြီးရယ်၊ ဟုံရှီးရယ်၊ နောက် တစ်ယောက်က သစ်တုံးကိုင်ထားပြီး တစ်ယောက်က ငှက်ဖမ်းပိုက်နဲ့ လူငယ်နှစ်ယောက်ရယ်ပဲ ကျန်ခဲ့တော့တယ်။
“သေနတ်သံနဲ့ဆို လူတွေကို သတိပေးသလို ဖြစ်သွားမှာပေါ့၊” ပုလိပ်က ပြောတယ်။ “လေးနဲ့မြားပဲ သုံးတာပေါ့။”
“ကျုပ်မျက်လုံးမှုန်မှုန်နဲ့ သွားလုပ်လို့ မဖြစ်ဘူး၊” သံတောင်ကြီးက ပြောတယ်။ “ချိန်တာ နည်းနည်း လွဲတာနဲ့ ကောင်မလေးကို သတ်မိသွားမှာ။ ဟုံရှီးပဲ လုပ်သင့်တယ်။”
သံတောင်ကြီး ဝါးနဲ့လုပ်ထားတဲ့လေးရယ်၊ ချွန်မြနေတဲ့ ငှက်မွေးတပ် မြားရယ်ကို ဟုံရှီးလက်ထဲ ထည့်လိုက်တယ်။ ဟုံရှီးက လေးတွေမြားတွေ ယူပြီး အလေးအနက် စဉ်းစားနေပုံနဲ့ တွေတွေကြီး ရပ်နေတယ်။ နောက်တော့မှ သူ့ကို ဘာလုပ်ခိုင်းနေမှန်း ရုတ်တရက် သဘောပေါက်သွားသလိုမျိုး “ကျုပ်တော့ မလုပ်နိုင်ဘူး၊” ဆိုလာတယ်။ “လုပ်လည်း မလုပ်နိုင်ဘူး၊ လုပ်လည်း မလုပ်ဘူး။ သူက ကျုပ်မိန်းမလေဗျာ၊ ဟုတ်တယ်၊ ကျုပ်မိန်းမ။”
“ဟုံရှီး” သံတောင်ကြီးက ဆိုလာတယ်။ “မရူးစမ်းပါနဲ့ကွာ၊ မင်းရင်ခွင်ထဲဆိုရင်တော့ သူက မင်းမိန်းမပေါ့၊ အေး.. သစ်ပင်ထိပ်ဖျား နားနေရင်တော့ ခပ်စိမ်းစိမ်း ငှက်တစ်ကောင်ပဲ။”
“ခင်ဗျားတို့ ဘာတစ်ခုမှ မလုပ်နိုင်ဘူး.. ဟုတ်၊” ပုလိပ်က စိတ်မရှည်တဲ့ပုံနဲ့ ပြောတယ်။ “ခင်ဗျားတို့ အဲဒီအနား ရပ်ပြီး အီရောအီရော လုပ်နေမယ်ဆိုရင်တော့ လေးနဲ့မြား ကျုပ်လက်ထဲသာ ထည့်လိုက်။”
ပုလိပ်က ခြောက်လုံးပြူးကို ခါးကြားက သေနတ်အိမ်ထဲ ထိုးလိုက်တယ်။ ပြီးတော့ လေးနဲ့မြားကို ယူ၊ သစ်ပင်ထိပ်ဖျားက အရိပ်ဆီ ထိုးချိန်လိုက်တယ်။ ပြီးတော့ မြားကို ပစ်လွှတ်လိုက်တယ်။ ခပ်တိုးတိုး ဖောက်ခနဲအသံက မြားချက် ပစ်မှတ်ကို ထိမှန်း ပြောနေသလိုမျိုး။ သစ်ပင်ထိပ်ဖျားဆီက တချွတ်ချွတ် မြည်လာတယ်။ သူတို့ ကြည့်နေတုန်းမှာပဲ ဗိုက်မှာ မြားတန်းလန်းနဲ့ ယန်ယန် လရောင်ထဲ လွင့်တက်လာပြီး အနီးအပါး သစ်ပင်နိမ့်နိမ့် ကိုင်းဖျားဆီ ဗုန်းခနဲ ကျလာတယ်။ သူ့ဟန်ချက်သူ ထိန်းမနိုင်တော့မှန်း အသိအသာပဲ။ ပုလိပ်က နောက်မြားတစ်ချောင်း လေးမှာ တင်ပြန်တယ်။ ပြီး ထင်းရှူးပင်နိမ့်နိမ့် ထိပ်ဖျားမှာ ကားရယားချိတ်နေတဲ့ ယန်ယန့်ဆီ ထိုးချိန်လိုက်ရင်း “ဒီအောက် ဆင်းလာခဲ့” လှမ်းအော်တယ်။ သူ့အော်သံ မဆုံးသေးခင်မှာပဲ ဒုတိယမြောက်မြား ပျံထွက်သွားတယ်။ နာနာကျင်ကျင် အော်ညည်းသံတစ်ခု၊ ပြီးတော့ ယန်ယန် ဦးဆောက်ထိုး မြေကြီးပေါ် ကျလာတော့ရဲ့။
“စောက်ကျိုးနဲ လူယုတ်မာ၊” ဟုံရှီး သံကုန်ခြစ်အော်တယ်။ “ခင်ဗျား ကျုပ်မိန်းမကို သတ်လိုက်ပြီ။”
သစ်တောအပြင်ဘက် ထွက်သွားတဲ့ လူတွေ မီးအိမ်တွေ၊ ဓာတ်မီးတွေနဲ့ ပြန်ပေါ်လာတယ်။
“ကောင်မလေး သေသွားပြီလား?” သူတို့ အလျင်စလို မေးကြတယ်။ “သူ့ကိုယ်ပေါ်မှာကော ငှက်မွေးတွေဘာတွေ တွေ့လား?”
သံတောင်ကြီးက ဘာမှ ပြန်ပြောမနေဘူး၊ ခွေးသွေးထည့်ထားတဲ့ပုံး ဆွဲပြီး အထဲက သွေးတွေနဲ့ ယန်ယန့်အလောင်းပေါ် လောင်းထည့်လိုက်တော့တယ်။
.......................
တရုတ်စာရေးဆရာ Mo Yan ၏ Soaring ကို ကျော်ဘသစ် ဘာသာပြန်သည်။
တရုတ်စာရေးဆရာ Mo Yan ၏ Soaring ကို ကျော်ဘသစ် ဘာသာပြန်သည်။
Comments
Post a Comment